သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် PDF ဟန်ဆောင်ကာ ဒေသခံများကို ရိုက်နှက်ငွေတောင်းဟုဆို

0
412

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် စစ်ကောင်စီတပ်က PDF ဘက်တံဆိပ်များပါသည့် အဝတ်အစားများဝတ်ဆင်ကာ ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။

ယနေ့ (ဧပြီ ၂၆) နံနက်တွင် PDF အသွင်ယူထားသူများက ချောက်ချောင်းရွာအတွင်း ပြန်ဝင်လာသည့် ဒေသခံတစ်ချို့ကို ယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးကိုလည်း ဖမ်းထားကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။

“အဲ့ဒါတွေကို ချင့်ချိန်ပေါ့နော်၊ PDF တွေသည် ပြည်သူတွေကို ဆန့်ကျင်တဲ့ကိစ္စတွေ မလုပ်ဘူးပေါ့နော်၊ ပြည်သူကို ညှင်းပန်းနှိပ်စက်တာတွေ ကျွန်တော်တို့မလုပ်ဘူး။ ဒါတွေလုပ်တာက စစ်တပ်က ပြည်သူနဲ့ PDF ကြားမှာ သွေးခွဲချင်လို့ ရန်တိုက်ချင်လို့လုပ်တာပေါ့နော်၊ ဒါတွေကို ချင့်ချိန်ပြီးတော့ ယုံပါလို့ပြောချင်တယ်” ဟု ရဲဘော်ကျောက်ခဲက ဆိုသည်။

အထက်ပါပြောဆိုချက်နှင့်ပတ်သက်ပြီး မေးမြန်းရန်ချောက်ချောင်းရွာနှင့် ပိတိုင်၊ ပြင်းဖြူကြီး၊ စုံစင်ဖျားရွာက ဒေသခံများကို Dawei Watch က ဆက်သွယ်နေသော်လည်း ဆက်သွယ်မရသေးပေ။

ဧပြီလ ၂၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် ချောက်ချောင်းရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာ ၁ နာရီခန့်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ညနေပိုင်းတွင် ချောက်ချောင်းရွာ ဓနိတောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စောင့်ကြိုနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်ကပစ်ခတ်သဖြင့် နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ရဲဘော်ကျောက်ခဲက‌ ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။