ဖားဆောင်းတွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

0
388
ဓာတ်ပုံ - ကလလတ စစ်နည်းဗျူဟာ - ၁ ပုံစာ - စစ်ကောင်စီရဟတ်ယာဉ်ကို ယနေ့ မေလ ၆ ရက်တွင် ကရင်နီတပ်ပေါင်းစုများက ပစ်ခတ်နေစဉ်။

ကရင်နီ (ကယား) ပြည်နယ် ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စင်းကို ကရင်နီတပ်ပေါင်းစုများက ယနေ့ ပစ်ချနိုင်ခဲ့ကြောင်း ကလလတ စစ်နည်းဗျူဟာ – ၁ ထုတ်ပြန်ထားသည်။

ဖားဆောင်းမြို့ရှိ စစ်ကောင်စီ ခလရ (၁၃၄) ၊ (၁၃၅) တို့သို့ စစ်ကူလာရောက်သော ရဟတ်ယာဉ်ကို ယနေ့ မေလ ၆ရက် နံနက် ၁၁နာရီ ၄၅မိနစ်ခန့်တွင် ပွိုင့် ၈ မောင်းပြန်သေနတ်နှစ်လက်ဖြင့် ပစ်ချခဲ့ကြောင်း ဖော်ပြသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်ထဲသို့ ပျက်ကျသွားကြောင်းလည်း ဆိုသည်။

ကရင်နီပြည်တပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် အတည်ပြုထားသည်။

စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ပြီးနောက်တွင် ရဟတ်ယာဉ် လာရောက်ခဲ့ခြင်းဖြစ်ပြီး လူနာများကို လာရောက်သယ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ကျည်ထိမှန်ကာ မီးခိုးလုံးများ ထွက်သွားပြီး ဘော်လခဲမြို့နယ်ထဲတွင် ပျက်ကျသွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုထားသည်။

ရဟတ်ယာဉ်ပျက်ကျမှုကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖားဆောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေကြောင်း ကရင်နီတော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယခုနှစ်အတွင်း ကချင်နှင့် ရှမ်းမြောက်တို့တွင် ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်လေယာဉ်တစ်စင်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း ရဟတ်ယာဉ် တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်တို့က ပစ်ချခဲ့သည်။

ကရင်နီတွင်လည်း ပြီးခဲ့သည့်နှစ်က စစ်ကောင်စီ တိုက်လေယာဉ်နှစ်စင်းကို ကရင်နီတော်လှန်ရေးအဖွဲ့များက ပစ်ချခဲ့သည်။