စစ်ကောင်စီ လွတ်ငြိမ်း နိုင်ငံရေးသမားအချို့နှင့် ထင်ရှားသူအချို့ပါဝင်

0
359

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာ၌ ဝန်ကြီး၊ လွှတ်တော်အမတ်အချို့နှင့် ထင်ရှားသူအချို့သာ ပါဝင်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူခဲ့သည့် ဦးဇော်ဝင်းတို့ မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ လွတ်မြောက် လာသည်ကို တွေ့ရသည်။

အဆိုပါ ဝန်ကြီးနှစ်ဦးသည် စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဖမ်းဆီးခံရသူများဖြစ်သည်။ ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့ခါနီးတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

မြစ်ကြီးနားအကျဉ်းထောင်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ် လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း ယနေ့ လွတ်မြောက်လာသည်ကို တွေ့ရသည်။

မတရားအသင်းဆက်သွယ်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံထားရသူဖြစ်ပြီး ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်သည်။

NLD ပါတီက နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း မန္တလေးမြို့ အိုးဘို အကျဉ်းထောင်က ယနေ့ ပြန်လည်လွတ်မြောက်လာသည်။ ၎င်းသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အမှုနှစ်ခုဖြင့် ထောင်ဒဏ် ‌ခြောက်နှစ်ချမှတ်ခံထားရသူဖြစ်ပြီး ဖမ်းဆီးခံရပြီး သုံးနှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၃၆ ဦးလွတ်‌မြောက်လာပြီး ယင်းအနက် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးလည်း ပါဝင်သည်။ စစ်တွေထောင်က လွတ်မြောက်သူများတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးပါဝင်ကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

ဒေါ်ညိုအေးကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မှ ၅၀၅ (ခ) ဖြင့် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်သုံးရာကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးကြောင်း ကြေညာထားသည်။