တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1045

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ထိုင်းလူငယ်အမတ်တစ်ဦး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ

ထိုင်းနိုင်ငံက လူငယ်အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးက ဘုရင်၊ မိဖုရားတွေကို ဂုဏ်ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့လို့ဆိုပြီး ဥပဒေ ၁၁၂ အရ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။

အသက် ၂၉ နှစ်အရွယ် အိုက်စ် (Ice) ဟာ ဘုရင်စနစ်ကို ဝေဖန်တဲ့ ပို့စ်တွေကို လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

သူမကတော့ မပြစ်မရှိတဲ့ကြောင်း ထွက်ဆိုပါတယ်။

အခုတော့ အယူခံဝင်နိုင်ဖို့ နောက်တစ်ကြိမ် ကျူးလွန်မှုမလုပ်ပါဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ အာမခံလျှောက်ထားရပါတယ်။

အိုက်စ် ဟာ Move Forward ပါတီကို မဝင်ခင် တင်ခဲ့တဲ့ ပို့စ် ၂ ခုကြောင့် ဘုရင်စနစ်ကို စော်ကားမှုနဲ့ အပြစ်ရှိတဲ့အကြောင်း ဘန်ကောက်မြို့ တရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

သူမဟာ ဒီလွှတ်တော်အမတ်နေရာအတွက် ဘန်ဘောမဲဆန္ဒနယ်ထဲကို စက်ဘီးလေး တစ်စီးနဲ့သာ လှည့်လည်မဲဆွယ်ခဲ့ပြီး နိုင်ငံရေးသမားအကြီးတွေကို အနိုင်ရရှိထားသူဖြစ်ပါတယ်။

တကယ်လို့ နောက်ပိုင်းမှာ ထောင်ကျခံရမယ်ဆိုရင် လွှတ်တော်ထဲက သူ့ရဲ့ အမတ်နေရာကိုလည်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ကမ္ဘာ့ဒုက္ခသည်များဖိုရမ် ကျင်းပ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များဖိုရမ်ကို ဒီဇင်ဘာ ၁၃ ရက်နေ ၁၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပခဲ့ပါတယ်။

အဓမ္မရွှေ့ပြောင်းခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေကို တုံ့ပြန်နိုင်ဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေ တာဝန်မျှဝေယူကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့ ဆူဒန်နဲ့ ယူကရိန်းက အရပ်သားတွေရဲ့အခြေအနေကို လှည့်ကြည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေလို နှစ်ရှည်လများ ဖြစ်နေတဲ့ အကျပ်အတည်းတွေကိုလည်း အာရုံစိုက်ပြီး ပံ့ပိုးပေးဖို့ သူက တောင်းဆိုခဲ့တာပါ။

ဂါဇာမှာ ဒုက္ခသည်အများစုဖြစ်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၉ သန်းကျော်ဟာလည်း အိုးအိမ်တွေကနေ ထပ်မံစွန့်ခွာထွက်ပြေးနေရပြီး အမြန်ဆုံးငြိမ်းချမ်းရေးရယူဖို့ ဂျော်ဒန်ဘုရင်က တိုက်တွန်းထားပါတယ်။

ကမ္ဘာတဝန်း ဒုက္ခသည်အရေအတွက်ဟာ ၁၁၄ သန်းကျော်ရှိတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

Ref: VOA

………………………………..

ရည်မှန်းချက်ပြည့်မှ စစ်ပွဲရပ်မည်ဟု ပူတင်ပြော

ရည်မှန်းချက်တွေပြည့်မှ ငြိမ်းချမ်းရေးရမယ်လို့ ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ် ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြန်လုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ယူကရိန်းမှာ နာဇီဝါဒ၊ စစ်ဝါဒ ကင်းရှင်းပြီး ကြားနေရပ်တည်တဲ့နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရုရှားတို့ရဲ့ ရည်မှန်းချက် ပြည့်မှ ငြိမ်းချမ်းရေးရမှာဖြစ်တယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။

မိုင်ပေါင်း ၁ ထောင့် ၂ ရာကျော်ရှည်လျားတဲ့ စစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၆ သိန်းကျော် ဖြန့်ချထားတယ်လို့လည်း သူကဆိုခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အင်ဒိုနီးရှားမှာ အယ်နီညိုရာသီ စပါးစိုက်ပျိုးရန် စစ်တပ်က ကူညီပေးဖို့ သမ္မတပြော

အယ်လ်နီညို ရာသီဥတုကြောင့် မိုးခေါင်ပြီး ကောက်ပဲသီးနှံအထွက်နှုန်းကို ခြိမ်းခြောက်နေလို့ လယ်သမားတွေ စပါးစိုက်ရာမှာ ကူညီဖို့ အင်ဒိုနီးရှားသမ္မတက စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

တချို့နယ်တွေမှာ မိုးရွာတာကို အခွင့်ကောင်းယူပြီး ပျိုးကြဲရာမှာ ကူညီဖို့ သမ္မတ ဂျိုကိုဝီဒိုဒိုက စစ်အရာရှိတွေကို ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားမှာ အောက်တိုဘာကစပြီး စပါးတွေ ပျိုးကြဲလေ့ရှိပေမယ့် မိုးမရွာတဲ့အတွက် ဒီနှစ် မစိုက်နိုင် ဖြစ်နေပါတယ်။

နောက်ပြီး လူငယ်တွေ မြို့တက်ပြီး စက်ရုံတွေမှာ လုပ်နေကြလို့ လယ်ကွင်းတွေမှာ စပါးစိုက်မယ့်သူမရှိ ဖြစ်နေတယ်လို့လည်း အင်ဒိုနီးရှားစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

Ref: ABC News

………………………………..

ယူကရိန်းမိုဘိုင်းကုမ္ပဏီတစ်ခု ရုရှားဟတ်ကာအဖွဲ့၏ ဆိုက်ဘာတိုက်ခိုက်ခံရ

ယူကရိန်းက အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးနေတဲ့ ကိဗ်စတား (Kyivstar) ကို ရုရှားက အွန်လိုင်း ဆိုက်ဘာဖောက်ထွင်းတဲ့ ဟက်ကာအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဟက်ကာအဖွဲ့ဖြစ်တဲ့ Solntsepyok အဖွဲ့နဲ့ ရုရှား စစ်ဘက်ထောက်လှမ်းရေးတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ယူကရိန်းဘက်က ယူဆထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ယူကရိန်းက မိုဘိုင်းဖုန်းသုံးစွဲသူ ၂၄ သန်းဟာ ဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု သတိပေးချက်တွေမရဘဲ ဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ကွန်ပျူတာ အလုံး ၁၀၀၀၀ နဲ့ ဆာဗာ အလုံးရေ ၄၀၀၀ ကို ဖျက်ဆီးခဲ့တယ်လို့ Solntsepyok က ပြောပေမယ့် ကိဗ်စတားဘက်ကတော့ ငြင်းဆိုထားပါတယ်။

Ref: REUTERS

………………………………..

ဂါဇာစစ်ပွဲတွင် တစ်နေ့တည်း အများဆုံး အစ္စရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

ဂါဇာမြောက်ပိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကြေညာထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ဆေးရေးမှာ ဂါဇာမှာရှိတဲ့ ပစ်မှတ် ၂၅၀ ကျော်ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ခဲ့တာပါ။

ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့သူ ၂ ဦးရဲ့ ရုပ်အလောင်းကိုလည်း စစ်ဆင်ရေးမှာ တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဓားစာခံတွေကို ဂါဇာကမ်းမြောင်က လူစည်ကားရာ အရပ်တွေအောက်မှာရှိတဲ့ မြေအောက်လှိုင်ခေါင်းတွေမှာ ဖမ်းထားတယ်လို့ အစ္စရေးကာကွယ်ရေးတပ်က ပြောကြားခဲ့ပါတယ်။

တကျော့ပြန်တိုက်ပွဲတွေ ဆက်ဖြစ်နေချိန် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း အရပ်သားတွေကို အတတ်နိုင်ဆုံး အကူညီပေးဖို့ နိုင်ငံတကာကလည်း သတိပေးတောင်းဆိုနေကြပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းကနေ အစ္စရေးနိုင်ငံသား ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး စစ်သား ၄၄၄ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ အစ္စရေးဘက်က ပြောကြားထားပါတယ်။

Ref: The New York Times

………………………………..

တရုတ်သမ္မတ ဗီယက်နမ်နိုင်ငံ သွားရောက်ခဲ့

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ၆ နှစ်အတွင်း ဗီယက်နမ် ခရီးစဉ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ ဒီခရီးစဉ်ကို စတင်ခဲ့တာပါ။

သမ္မတရှီကို ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (Nguyen Phu Trong) က ဟနွိုင်းမြို့မှာရှိတဲ့ သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို စာမျက်နှာသစ်ဖွင့်နိုင်ဖို့ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်အောင် လာရောက်တာလို့ ဟနွိုင်းလေဆိပ်ကို ရောက်ရှိစဉ်မှာပဲ တရုတ်သမ္မတရှီက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလတုန်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် အခုလို တရုတ်သမ္မတရှီကျင့်ပင်က လာရောက်တာပါ။

ဗီယက်နမ်ဟာ “Bamboo diplomacy” လို့ခေါ်တဲ့ သံတမန် ဆက်ဆံရေးကို တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်က အိမ်တစ်အိမ် ခရစ်စမတ်မီးအလှဆင်မှု ကမ္ဘာ့စံချိန်တင်

အမေရိကန်နိုင်ငံ နယူးယောခ့်မြို့က အိမ်တစ်အိမ်မှာ ခရစ္စမတ်ရာသီအားလပ်ရက်ကို ဆင်နွှဲဖို့ မီးပေါင်း ၇၂၀၀၀၀ ကျော်အလှဆင်ပြသခဲ့ပြီး ကမ္ဘာစံချိန်တင်ခဲ့ပါတယ်။

တီမိုသီနဲ့ ဂရေးဂေးတို့စုံတွဲက မီးအလှဆင်ဖို့အတွက် အချိန် ၃ လလောက်ယူခဲ့ရတာပါ။

မီးအလင်းရောင်ကို ထိန်းချုပ်တဲ့ ဆော့ဖ်ဝဲလ်ပါတဲ့ ကွန်ပျူတာတွေကိုပါ တပ်ဆင်ထားပါတယ်။

နှစ်တိုင်း သူတို့ရဲ့ခရစ္စမတ်မီးအလှဆင်မှုကို ကြည့်ရှုဖို့ လူပေါင်း ၅၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ လာရောက်လည်ပတ်ကြပါတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲ ပရဟိတအတွက် လာရောက်လည်ပတ်သူတွေထံကနေ အလှူငွေ ဒေါ်လာ ၆၆၅၀၀၀ စုဆောင်းမိခဲ့ပြီးတော့ ဒီငွေတော်တော်များများက ကလေးအဖွဲ့အစည်းတွေဆီရောက်တယ်လို ဆိုထားပါတယ်။

သူတို့က အခုလိုခရစ္စမတ်မီးအလှဆင်မှုကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘာ့စံချိန်မှတ်တမ်းကိုင်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

Ref: ABC News

………………………………..

စကော့တလန်မှာ နှာမချေအောင် နှာခေါင်းကို ဖိထားမိလို့ လေပြွန်ပေါက်မှုဖြစ်ပွား

စကော့တလန်မှာ နှာမချေအောင် နှာခေါင်းနဲ့ ပါးစပ်ကို အတင်းပိတ်ထားခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ လည်ချောင်းထဲက လေပြွန်ပေါက်သွားလို့ ဆေးရုံ တက်ခဲ့ရပါတယ်။

၃၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ကားမောင်းနေတုန်း နှာချေချင်လာချိန် နှာမချေအောင် နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ပိတ်ထားခဲ့တာပါ။

နောက် လေပြွန်မှာ ၂ မီလီမီတာ ပေါက်ပြဲသွားခဲ့လို့ စကော့တလန်နိုင်ငံ ဒန်ဒီးမြို့ နိုင်းဝဲလ်ဆေးရုံထံ ပို့ဆောင်ခဲ့ရပါတယ်။

အဲဒီအမျိုးသားဟာ နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး လည်ပင်းနှစ်ဖက်လုံး ရောင်ရမ်းလာခဲ့ပါတယ်။

သူကို ဆေးရုံ အရေးပေါ် ပို့ဆောင်လိုက်ရပြီး ဆေးရုံရောက်ချိန်မှာ ခေါင်းတောင် သိပ်မလှုပ်နိုင်တော့ပါဘူး။

ဆရာဝန်တွေ စစ်ဆေးကြည့်ချိန်မှာတော့ လည်ချောင်းထဲက အသံ မူမမှန်တာကို တွေ့ရှိခဲ့ပြီး လေပြွန်ပေါက်ပြဲသွားတာကို တွေ့ရှိခဲ့တာပါ။

ဒါဟာ အခန့်မသင့်ရင် အသက်ရှူခြင်းကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ဆရာဝန်တွေက သူ့ကို ကုသပေးခဲ့ပြီး သီတင်းပတ် ၅ ပတ်ကြာချိန် ပြန်လည်စစ်ဆေးကြည့်ချိန်မှာတော့ ပေါက်ပြဲသွားတဲ့ လေပြွန်က ပြန်ပိတ်သွားတာကို တွေ့ရှိခဲ့ပါတယ်။

နှာချေ၊ ချောင်းဆိုးချိန်မှာ နှာခေါင်းနဲ့ ပါးစပ်ကို အတင်းပိတ်မထားဘဲ ပွင့်ထွက်လိုက်ခြင်းက ပိုသင့်တော်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

Ref: The Guardian

………………………………..

ကမ္ဘာ့ ဒုတိယ အသက်ကြီးဆုံးအမျိုးသမီး သေဆုံး

ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးဟာ ဂျပန်နိုင်ငံက ဘိုးဘွားရိပ်သာတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။

ဖူဆာ တာဆုမီလို့ခေါ်တဲ့ အမျိုးသမီးကြီးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သေဆုံးခဲ့တာပါ။

သူမ သေဆုံးချိန်မှာ အသက် ၁၁၆ နှစ်ရှိပါပြီ။

သူ့ဘဝနောက်ဆုံးဆယ်နှစ်ကို ခါရှီဝါရာက ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ ကုန်ဆုံးခဲ့ပါတယ်။

အသက် ၁၁၀ နှစ်အထိ မိတ်ကပ်လိမ်းခြယ်ရတာကို နှစ်သက်ခဲ့ပြီး ဘိုးဘွားစောင့်ရှောက်ရေးဝန်ထမ်းတွေကိုလည်း စကားစမြည်ပြောရင်း ပျော်ရွှင်ခဲ့ပါသေးတယ်။

သူမကို ၁၉၀၇ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံရဲ့အသက်ကြီးဆုံးဖြစ်တဲ့အပြင် ကမ္ဘာ့ဒုတိယအသက်ကြီးဆုံးအမျိုးသမီးလည်း ဖြစ်ပါတယ်။

အသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုကတော့ ရေဓာတ်ပြည့်ဝအောင်နေလေ့ရှိပြီး နေ့တိုင်း ရေ ၁ လီတာ သောက်လေ့ရှိပါတယ်။

သူ့အိပ်ရာဘေးမှာလည်း ရေဆာတိုင်း သောက်လို့ရအောင် ရေဘူးနဲ့ခွက်ကို ထားထားပါသေးတယ်။

Ref: Daily Mail

………………………………..