ဆေးတပ်အပေါ် စစ်ခေါင်းဆောင် ရန်ငြိုးထားသလား

0
1825

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တပ်မတော်ဆေးဝန်ထမ်းတွေအပေါ် သူ့ရဲ့ အငြိုးအတေးကို ထုတ်ပြနေသလားလို့ စဉ်းစားမိစရာ အကြောင်းအချက်တွေကို တွေ့နေရပါတယ်။

တပ်တွင်း သတင်းရစ်မြစ်တွေကို ကိုးကားပြီး ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိတွေကို စစ်ရေးပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသက စစ်မြေပြင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

“ဆေးပညာ သင်ရမယ့်အချိန် မဟုတ်ဘူး၊ စစ်တိုက်ဖို လူလိုတယ်” လို့ စစ်ခေါင်းဆောင်က ပြောတဲ့အကြောင်း သတင်းရစ်မြစ်ရဲ့ ပြောစကားကို အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဆေးလို့ခေါ်တဲ့ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းတွေအကြား ကျောင်းတော်က ရန်စ ရှိခဲ့တယ်ဆိုတဲ့ ရာဇဝင်တစ်ခု ရှိပါတယ်။ ဘယ်အချိန် ဘယ်ကာလတုန်းက ဘယ်သူနဲ့ ဖြစ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းအထောက်အထား အတိအကျ မတွေ့ရပေမဲ့ စစ်ဆေးဆရာဝန်ဗိုလ်ကြီးတစ်ဦးက ပြောဖူးတာကတော့ မင်းအောင်လှိုင်ဟာ တပ်မတော်သားစစ်ဆေးဆရာဝန်တွေကို အမြင်မကြည်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူ အရာရှိငယ်ဘဝမှာတုန်းက တပ်မတော်ဆေးဆရာဝန်တစ်ဦးက မရိုမသေ၊ မချေမငံဆက်ဆံခဲ့ဖူးတာကြောင့်လို့ ဆိုပါတယ်။

စစ်တပ်ထဲမှာ ရာထူးအဆင့်ဆင့်တက်လာပြီးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းအရာရှိတွေအပေါ် သူ့ရဲ့ အာဃာတတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖော်ပြလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလည်း အဲဒီလို သဘောမျိုးတွေကို မြင်လာရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဗိုလ်ကြီးဆရာဝန်တစ်ဦးကို သေဒဏ်ချမှတ်ခဲ့တာ ရှိပါတယ်။ သူက ရန်ကုန် မင်္ဂလာဒုံ တပ်မတော်ဆေးတက္ကသိုလ်မှာ ဆေးပညာမဟာသိပ္ပံသင်တန်းတက်နေသူဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့စာတွေ လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်၊ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တပ်မတော်အရာရှိတစ်ဦးကို သေဒဏ်ချမှတ်ဖို့ဆိုရင် စစ်တပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဦးစီးချုပ်ကနေ လက်မှတ်ထိုး အတည်ပြုပေးဖို့ လိုတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီတော့ အဲဒီဆရာဝန်ဗိုလ်ကြီးကို သေဒဏ်ချတဲ့ကိစ္စမှာ စစ်ခေါင်းဆောင်က မီးစိမ်းပြခဲ့တယ်လို့ မှတ်ယူဖွယ်ရာ ရှိနေပါတယ်။ အခုလိုမျိုး တပ်မတော်အရာရှိတစ်ဦးကို သေဒဏ်အထိ ချမှတ်တာမျိုးဟာ ရှားတောင့်ရှားခဲ ဖြစ်စဉ်ပါပဲ။ တစ်ခါ အဲဒီ မင်္ဂလာဒုံတပ်မတော်ဆေးတက္ကသိုလ်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးကိုလည်း နှစ်ရှည်ထောင်ဒဏ်ဖြစ်တဲ့ နှစ် ၄၀ ချမှတ်ခဲ့ပါသေးတယ်။ တပ်တွင်း သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ပါပဲ။

အကြီးအကျယ် လာဘ်စားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နှစ် ၂၀ ပဲ အပြစ်ပေးခဲ့တာနဲ့ နှိုင်းစာမယ်ဆိုရင် တပ်မတော်ဆေးက အရာရှိတွေကို အပြစ်ပေးတာက ပြင်းထန်လွန်းနေတာကို တွေ့ရပါလိမ့်မယ်။

တွေ့ဖူးခဲ့တဲ့ စစ်ဆရာဝန်အရာရှိတွေဟာ တပ်ထဲမှာ မပျော်ပိုက်နေကြပါဘူး။ အခွင့်အခါသင့်ရင် တပ်ကထွက်ပြီး ပြင်ပပုဂ္ဂလိက ဆေးရုံတွေမှာ သူတို့သင်ထား၊ တတ်ထားတဲ့ ဆေးပညာနဲ့ အလုပ်လုပ်ချင်နေကြပါတယ်။ တပ်ထဲမှာ မပျော်ပိုက်ရဲတဲ့ အကြောင်းပြချက်က စစ်ခေါင်းဆောင်ရဲ့ မျက်နှာသာပေးခြင်းမခံရလို့လို့ တိုက်ရိုက်မပြောကြပေမဲ့ သူတို့တတ်ထားတဲ့ ပညာရပ်တွေနဲ့ လိုက်လျောညီထွေတဲ့ အခွင့်အရေးတွေ ရှိမနေကြလို့ ဖြစ်ပါတယ်။

မိတ်ဆွေတစ်ဦးဆီကနေ သိရတာက အကျဉ်းထောင်ထဲမှာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးနှစ်ယောက်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ တပ်ထဲမှာ မပျော်တော့လို့ တပ်ပြေးအဖြစ်ခံယူပြီး ထောင်အကျခံလိုက်ကြတာ ဖြစ်ပါတယ်။

တပ်ပြေးမှုအတွက် ထောင်ဒဏ်က ငါးနှစ်ဖြစ်ပါတယ်။ ထောင်ရဲ့ အကျဉ်းသားတွေကို ဆေးကုသပေးမှုမှာ သူတို့နှစ်ယောက်ကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ လျှော့ရက်ရလို့ သုံးနှစ်ကျော်လောက် နေပြီးတဲ့အခါ သူတို့ဟာ ထောင်ကနေ လွတ်ကြပါလိမ့်မယ်။

အဲဒီအခါမှာ သူတို့ဟာ လွတ်လပ်တဲ့ သာမန်အရပ်သားတွေဖြစ်သွားကြပြီး ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်း ရဖို့ မျှော်လင့်နေကြပါတယ်။ ဒါက အာဏာမသိမ်းခင်က ဖြစ်ပါတယ်။

အာဏာသိမ်းလိုက်လို့ ပြည်သူလူထုရဲ့ ချဉ်ဖတ်ဖြစ်သွားတဲ့အခါ ပိုလို့ စိတ်ပျက်ချင်စရာပါပဲ။ ပဲခူးတိုင်းအတွင်းက စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ဗိုလ်ကြီး ကိုးဦးဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက တပ်နဲ့ ဆေးရုံကို စွန့်ခွာသွားခဲ့တဲ့ ဖြစ်ရပ်လည်း ရှိပါတယ်။ အဲဒီအထဲမှာ ဆေးပညာ ပါရဂူတွေ၊ မဟာဘွဲ့ရတွေ ပါဝင်နေပါတယ်။ တခြားစစ်ဆေးရုံတွေမှာလည်း အဲဒီလို ပြေးကြတဲ့သူတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဆိုထားပါတယ်။ လူအတိကျ၊ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။

ကိုဗစ်-၁၉ ကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်မှာ မြွေပူရာ ကင်းမှောင့်ဆိုသလိုပဲ ဆရာဝန်တချို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တာဝန်ကျရာ ဆေးရုံ၊ ဆေးခန်းတွေကို စွန့်ခွာနေကြတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ဆရာဝန်တချို့နဲ့ ကျန်းမာရေးဝန်ထမ်းလို့ သုံးနှုန်းပေမဲ့ ပြောတဲ့နေရာက တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၂ သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောခဲ့တာပါ။ ဒါကလည်း တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းတွေကို သွယ်ကာဝိုက်ကာ သတိပေးလိုက်ပုံပါပဲ။

ပြီးခဲ့တဲ့လထဲမှာပဲ ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်မှာ ဆရာဝန်ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါသေးတယ်။ အကြောင်းကတော့ တာဝန်ချိန်ပြည့်ပေမဲ့ အိမ်ပြန်ခွင့်မရလို့ပါပဲ။

အာဏာသိမ်းတာရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတဝန်းမှာ စစ်မီးတောက်လောင်မှုဟာ ကျယ်ပြန့်ပြင်းထန်လာနေပါတယ်။ နှစ်နှစ်ခွဲကျော်အတွင်းမှာ စစ်တပ်ရဲ့ သောင်းနဲ့ချီတဲ့ အင်အားတွေဟာ ပြုန်းတီးသွားခဲ့ပါပြီ။ စီဒီအမ်လုပ်ပြီး တပ်ကနေ ထွက်ပြေးလို့၊ ခုခံတော်လှန်သူတွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေမှာ ကျဆုံးလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ပါပဲ။ ဒါကြောင့် စစ်တပ်ဟာ မြေပြင်ခြေလျင်တပ်တွေထက် လေကြောင်းကိုပဲ ပိုအားကိုးနေရတဲ့အနေအထားကို ရောက်နေတာပါ။

အဲဒီအခြေအနေတွေအတွင်းမှာပဲ တပ်မတော်ရဲ့ ဆေးဘက်ဆိုင်ရာ တပ်သားတွေ၊ အရာရှိတွေကို ရှေ့တန်းစစ်မြေပြင်ကို တစ်သုတ်ပြီး တစ်သုတ် စေလွှတ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ တွေ့လာရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိသည့် တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ လိုအပ်လာပါက စစ်မြေပြင်တွင် စစ်ဆင်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်ကြရမည်” လို့ ဆိုပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ လုပ်တဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၃ ရဲ့ သင်တန်းဆင်းပွဲမှာ ပြောခဲ့တာပါ။

စစ်ကောင်စီ တပ်ရင်းတွေရဲ့ ဆေးခန်းတွေမှာ ဆရာဝန်တွေမရှိတော့တာကြောင့် ဆေးတပ်သားအကူတွေက ဆေးခန်းထိုင်နေရပြီး ရောဂါအစုံကို ပါရာစီတမောနဲ့ပဲ ကုနေရတယ်ဆိုတဲ့ သတင်းတွေကိုလည်း ရှိပါတယ်။

အခုနောက်ဆုံးအခြေအနေက “ဆေးပညာသင်ရမယ့် အချိန်မဟုတ်ဘူး” လို့ ပြောလာတဲ့အထိပါပဲ။

အခုအခါမှာ တပ်မတော် ဆေးပညာ မဟာတန်းတွေ၊ ပါရဂူတန်းတွေကိုလည်း ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

ဒါတွေဟာ တပ်မတော်ရဲ့ လက်ရုံးတပ်လို့ ခေါ်တဲ့ ဆေးတပ်တွေအတွင်းက ဇာတ်လမ်းတချို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေဟာ စစ်ခေါင်းဆောင်ဟာ သူနဲ့ ဆေးတပ်နဲ့အကြား ရှိခဲ့တဲ့ ကျောင်းတော်က ရန်စအတွက် အငြိုးအတေးတွေလားလို့ တွေးစရာတွေပါပဲ။

ရည်ညွှန်း

‘မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အရာရှိ ၂ ဦးကို သေဒဏ်နှင့်ထောင်ဒဏ် နှစ် ၄၀ ချမှတ်’၊ DVB သတင်းဌာန

‘စစ်ဆေးဆရာဝန် အကြီးတန်းအရာရှိများကို ရှမ်းမြောက် စစ်မြေပြင်သို့ နှစ်ဖွဲ့ခွဲ၍ စေလွှတ်၊ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ စစ်ဆေးဆရာဝန်များ ရှေ့တန်းထွက်ရဟုဆို’၊ Khit Thit Media၊

‘ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်း’ သတင်း၊ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ

‘စစ်ကောင်စီတပ်၏ ဖာပွန်ရှေ့တန်းစခန်းတွင် တာဝန်လဲပေးရမည့် အချိန်ထက်တာဝန်ပိုမို ထမ်းဆောင်ခဲ့ရသည့် စစ်ဆေးဆရာဝန်ဗိုလ်ကြီး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား’၊ Ayeyarwaddy Times

‘စစ်ကောင်စီတပ်ရင်းဆေးခန်းများတွင် စစ်ဆေးဆရာဝန်များ မရှိသလောက်ဖြစ်နေ ၊ဆေးတပ်သားအကူကဆေး ခန်းထိုင်နေပြီး ဘာရောဂါဖြစ်ဖြစ် ပါရာစီတီမော့သာပေးနေဟုသိရ’၊ Ayeyarwaddy Times

‘လေးလအတွင်း တောင်ငူစစ်ဆေးရုံက ဗိုလ်ကြီးအဆင့် စစ်ဆရာဝန် ၉ ယောက် မင်းအောင်လှိုင်လက်အောက် မလုပ်ချင်တော့လို့ ထွက်ပြေး’၊ Public Voice Television

သံယံ