တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၃)

0
1215

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့ပေါင်း ခြောက်ဆယ်ကျော်အထိ ရှိလာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။

ယင်းသို့လက်နက်ကိုင်အဖွဲ့ များပြားသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အရေးပါလှသည်။

သို့သော် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာသလို၊ အဖွဲ့အချို့နှင့် ပြည်သူများအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။

အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုမှာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စိုးရိမ်မှုများ၊ အားမလိုအားမရဖြစ်မှုများလည်း ဖြစ်ပေါ်လာနေသည်။

ယင်းအပြင် လူထုထောက်ပံ့မှု၊ ထောက်ခံမှု အားနည်းလာမည်ကို စိုးရိမ်ကြသူများရှိသလို ပြည်သူ့အပေါ် ထိခိုက်မှုပိုများလာမည့် အပေါ်တွင်လည်း ရတက်မအေးကြသူများလည်း ရှိနေသည်။

ယင်းကြောင့် တနင်္သာရီ တော်လှန်ရေးအရွေ့တွင် စုစည်းမှုအားကောင်းကောင်းဖြစ်လာစေရန် မည်သည့်အချက်များက အဟန့်အတားဖြစ်နေသနည်း ဆိုသည်ကို ရှာဖွေကြရန် သင့်ပြီဟု တော်လှန်ရေးတွင် ပါဝင်နေသူများက သုံးသပ်လာကြသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို အတိုင်းအတာတစ်ရပ်အထိ ထင်ဟပ်ဖော်ပြနိုင်စေရန်အတွက် တော်လှန်ရေးအစုအဖွဲ့အသီးသီးတွင် ကျရာတာဝန် ထမ်းဆောင်နေသည့် လူငယ်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

တနင်္သာရီပုံရိပ်အစီအစဉ် (၃) တွင် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC) အဖွဲ့ဝင်တစ်ဦးကို မေးမြန်းထားပါသည်။ အခြားအစုအဖွဲ့များနှင့် မေးမြန်းထားမှုများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

“နိုင်ငံရေး မာမှ စစ်ရေးလည်း သာမှာပါ”

Mg T

အဖွဲ့ဝင်၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC)

DW ။ လက်ရှိတနင်္သာရီတိုင်းရဲ့အနေအထားအရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား စုစုစည်းစည်း ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ကွဲနေကြဆဲလား။ ဘယ်လိုအနေအထားရှိလဲ။

ဖြေ ။ လက်ရှိတနင်္သာရီ အနေအထားကိုပြောရရင် NUG ကို တိုက်ရိုက်တာဝန်ခံတဲ့ တပ်ရင်းတွေရှိတယ်။ ပကဖ လက်အောက်ခံအဖွဲ့တွေရှိတယ်။ ပြီးတော့ Local PDF တွေရှိတယ်။ KNU/KNLA တပ်မဟာ ၄ ရှိသလို ကော်သူးလေ အာမီရဲ့လှုပ်‌ရှားမှုနဲ့ တွဲပြီးသွားနေတဲ့ အဖွဲ့တွေရှိတယ်။ စုစုစည်းစည်းဖြစ်ပြီလားဆိုလို့မေးရင် ပဋိက္ခတွေလည်းရှိသလို စုစုစည်းစည်းဖြစ်အောင် ကြိုးစားနေတဲ့ အခြေအနေဖြစ်တယ်။ တိုးတက်အောင်မြင်မှုတွေလည်း ရှိသင့်သလောက်ရှိတယ်လို့ပဲ ယေဘုယျအားဖြင့် ပြောရမှာပါ။

DW ။ တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေက အဟန့်အတားဖြစ်နေတာလဲ။

ဖြေ ။ ဒါက နိုင်ငံရေးနဲ့ စစ်ရေး ကဏ္ဍ၂ ခုစလုံးနဲ့ ဆိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေးအရကတော့ လူမျိုးစုအလိုက် ၊ ဒေသအလိုက် စုံလင်ကွဲပြားမှုများတဲ့ ကျွန်တော်တို့ဒေသမှာ တနင်္သာရီကို ဘယ်လိုပုံဖော်ကြမလဲဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ဆွေးနွေးသဘောတူထားတဲ့ ဘုံ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် နဲ့ ဒါကို အင်အားစုအားလုံး ဆွေးနွေးဆုံးဖြတ်ဖို့ အစုအဖွဲ့ မရှိသေးတာက အဓိကလိုအပ်ချက် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ပြည်ထောင် သို့မဟုတ် ပြည်နယ် အသီးသီးရှိမှ ပြည်ထောင်စုဆိုတာ ရှိမှာပါ။ တနင်္သာရီက ဘာလဲဆိုတာ အရင်ထွက် ပေါ်လာဖို့ လိုပါတယ်။ ဒါကိုလည်း ဘယ်သူမှ လာသတ်မှတ်ပေးလို့မရပါဘူး။ တနင်္သာရီက လူထုကပဲ ဆုံးဖြတ် ရမှာပါ။

တနင်္သာရီတစ်ခုလုံးကို လွှမ်းခြုံတဲ့ နိုင်ငံရေးဆွေးနွေးမှု၊ စုဖွဲ့မှုတစ်ခု အမြန်ဆုံး ပေါ်ပေါက်မှ နိုင်ငံရေး ၊ စစ်ရေးကို ဦးဆောင်ဆွေးနွေးမှု တစ်ခုတည်းအောက်မှာ ဟန်ချက်ညီညီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အနာဂတ် တနင်္သာရီက ဘာလဲ ဆိုတာကိုလည်း အဲဒီမှာပဲ ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီနိုင်ငံရေးအရ လိုအပ်ချက်အပိုင်းကို ဘာကြောင့် ပြောရသလဲဆိုတော့ စစ်တိုက်တယ်ဆိုတာကလည်း နိုင်ငံရေးရည်မှန်းချက်အတွက် တိုက်ကြတာဆိုတော့ နိုင်ငံရေးဖက်က တိုးတက်မှုရှိမှ စစ်ရေးအပိုင်းလည်း အောင်မြင်မှာပါ။ နိုင်ငံရေး ပြန့်ကျဲရင် စစ်ရေး ပြန့်ကျဲသလို နိုင်ငံရေး စုစည်းရင် စစ်ရေးလည်း စုစည်းတယ် လို့ နားလည်ပါတယ်။ နိုင်ငံရေး မာမှ စစ်ရေးလည်း သာမှာပါ ။

စစ်ရေးတစ်ခုတည်း အနေနဲ့ပြောရင် တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက အမိန့်ပေးကွပ်ကဲမှု – Chain of Command ကို လိုက်နာခြင်း နဲ့ စစ်သည်တော်ကျင့်ဝတ် – Code of Conduct ကို ကျင့်သုံးခြင်းပဲဖြစ်တယ်။ လက်ရှိ သွားနေတဲ့ စစ်ဒေသအလိုက် တစ်ခုတည်းသော CoC အောက်မှာ တိတိကျကျ ပါဝင်ဆောင်ရွက်မှ စစ်ရေး ရှေ့ဆက်တိုးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုတည်းသော CoC က ဘာလဲဆိုတာ ဒီအခင်းအကျင်းမှာ ပါဝင်နေတဲ့ နိုင်ငံရေးသမားတွေ သိပြီးသားကိစ္စ ဖြစ်ပါတယ် ။ ဒါကို မြေပြင်အထိရောက်အောင်၊ လက်တွေ့ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန် အသီးသီးယူထားတဲ့ ပုဂ္ဂိုလ်တွေက ညှိနှိုင်းတာဝန်ယူဆောင်ရွက်ရမှာ ဖြစ်တယ် ။ စစ်ရေးအောင်မြင်ချင်ရင် ဘုံရည်မှန်းချက်ပန်းတိုင်တူတဲ့ လက်နက်ကိုင် အင်အားစုအားလုံး CoC တစ်ခုတည်းအောက် ရှိရေးဆိုတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

DW ။ လက်ရှိသွားနေတဲ့ တော်လှန်ရေးရေချိန်က တနင်္သာရီတိုင်းမှာ ဘယ်အခြေအနေ ဘယ်အဆင့်ကို ရောက်နေတယ်လို့ သုံးသပ်မိလဲ။

ဖြေ ။ ကျွန်တော်တို့ နားလည်လက်ခံထားတဲ့ တော်လှန်ရေးဆိုတာ လက်ရှိ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ပြုတ်ကျပြီး နောက်အစိုးရတစ်ခုတက်လာရုံ မဟုတ်ပါဘူး ။ လူမျိုးစုတိုင်း ပြည်သူတိုင်း လွတ်လပ်မှု တန်းတူညီမျှမှု တရားမျှတမှုရရှိပြီး ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းနိုင်ဖို့ဖြစ်တယ်။ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာ မတရားသဖြင့် ဖိနှိပ်အုပ်ချုပ် ဂုတ်သွေးစုပ်တဲ့ မကောင်းတဲ့ စနစ်ကို ဖြိုဖျက်ပြီး ကောင်းတဲ့စနစ်နဲ့ အစားထိုးဖို့ဖြစ်ပါတယ် ။

တနင်္သာရီ အခြေအနေကို ပြောရင် စစ်အာဏာရှင်နဲ့ မကောင်းတဲ့စနစ်တွေကို ဘယ်လောက်ထိ ဖြိုဖျက်နိုင်ပြီလဲ။ ကောင်းတဲ့စနစ်နဲ့ ဘယ်လောက် အစားထိုးနိုင်ပြီလည်းဆိုတဲ့ ရလဒ်ကို တိုင်းတာရမှာဖြစ်ပါတယ်။ ဒီလိုပဲ အနာဂတ် တနင်္သာရီဖက်ဒရယ်ယူနစ်အဖြစ် တည်ဆောက်ဖို့ ဆန္ဒပြုကြ ဆွေးနွေးကြ သဘောတူဆုံးဖြတ်ချက်တွေ ရရှိပြီလားဆိုတာလည်း ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။

ခြုံငုံပြီးပြောရင်တော့ တနင်္သာရီရဲ့ တော်လှန်ရေးဟာ ရန်သူရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုအမျိုးမျိုးကြားကနေပဲ တိုက်ရင်းတည်ဆောက် တည်ဆောက်ရင်းတိုက်ပီး သွားနေတယ်လို့ မြင်ပါတယ်။ တော်လှန်ရေးမှာ ကျွန်တော်တို့ တနင်္သာရီလူထုဟာ နောက်မှာ ကျန်မနေခဲ့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိတဲ့ ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ဖို့တော့ ကျွန်တော်တို့ ဒီထက်မက ကြိုးစားဖို့တော့ လိုပါသေးတယ်။

DW ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောဆိုကြတာရှိတယ်။ အဲဒါအမှန်ပဲလား။ ဒီအချက်ကလည်း အရမ်းအရေးကြီးတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်လဲ။

ဖြေ ။ အခုထိတော့ အင်အားစုတွေကြားမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရည်မှန်းချက်ကတော့ အခြေခံအားဖြင့် တူညီကြပေမယ့် တနင်္သာရီကို ဖက်ဒရယ်ယူနစ်အဖြစ် ဘယ်လိုတည်ဆောက်ပုံဖော်မလဲဆိုတဲ့ ဘုံသဘောတူညီချက်မျိုး မရှိသေးပါဘူး။

လက်ရှိအနေအထားမှာ တနင်္သာရီကို တနင်္သာရီက ပီပီပြင်ပြင် ဦးဆောင်ပြီး သွားနေတာမျိုးမဟုတ်ပါဘူး ။ အဓိကကျတဲ့ ကဏ္ဍအတော်တော်များများမှာ ဗဟိုက မူဝါဒလမ်းညွှန်မှုနဲ့သွားတာပဲ များပါတယ် ။ ဖက်ဒရယ်ယူနစ်တစ်ခုရဲ့ ဝိသေသလက္ခဏာ ပီပီပြင်ပြင်မရှိသေးဘူး ။ နိုင်ငံရေး စစ်ရေး အုပ်ချုပ်ရေး ကဏ္ဍအသီးသီးမှာပါပဲ ။

နိုင်ငံရေးဦးဆောင်မှုလို့ပြောရင် လက်ရှိမှာ အစုအဖွဲ့အသီးသီးအနေနဲ့ ကိုယ်ယုံကြည်တဲ့ မူဝါဒ လမ်းစဉ်တွေအတိုင်း ကိုယ့်အင်အားစုတွေကို နိုင်ငံရေးအရ ဦးဆောင်ပြီး တော်လှန်ရေးမှာ ပါဝင်နေကြတာမျိုး ဖြစ်တယ်။ ဖက်ဒရယ်ယူနစ်တစ်ခုရဲ့ အချုပ်အခြာအာဏာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးဦးဆောင်မှု မပေါ်သေးဘူးလို့ ပြောနိုင်ပါတယ် ။

ပြည်ထောင်စုဖို့ ပြည်ထောင်က အရင်ရှိဖို့လိုပါတယ်။ ဖက်ဒရယ်စနစ်မှာ ခေါက်ရိုးကျိုးနေတဲ့ပုံစံလို ကိစ္စအဝဝကို အပေါ်ကနေ တာဝန်ပေး ၊ လုပ်ငန်းစဉ်ချပေးမှာ မဟုတ်ဘူးဆိုတာလည်း အားလုံးသိပြီးသားဖြစ်ပါတယ် ။ တနင်္သာရီက တိုင်းလား ပြည်နယ်လား အမျိုးသားများပြည်နယ်လား ၊ ဘယ်လို နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ်တွေနဲ့ တည်ဆောက်မလဲဆိုတာ တနင်္သာရီ လူထု၊ တနင်္သာရီနိုင်ငံရေးအင်အားစုတွေကပဲ ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်တယ်။

အခုလက်ရှိ စုဖွဲ့ ဆွေးနွေးမှုတွေကမှ တစ်ဆင့် တနင်္သာရီနိုင်ငံရေးဦးဆောင်အဖွဲ့၊ တနင်္သာရီရဲ့ အခြေခံဥပဒေ၊ တနင်္သာရီပြည်နယ် (အမျိုးသားများပြည်နယ်) ရဲ့ အချုပ်အခြာအာဏာကို ကိုယ်စားပြုကျင့်သုံးနိုင်တဲ့ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ဆိုတာ ပေါ်ပေါက်ပြီဆိုရင်တော့ တနင်္သာရီဟာ ဖက်ဒရယ်လမ်းကြောင်းပေါ်ကို ရောက်ပြီ လျှောက်လှမ်းနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ ပေါ်လည်း ပေါ်ပေါက်လာမှာပါ။

လက်ရှိမှာတော့ မြို့နယ်၊ ခရိုင်အလိုက် စုစည်းမှုတွေ၊ လူမျိုးစုလိုက် စုစည်းနေကြတာတွေ ရှိတယ်။ အားရစရာ အခြေအနေရှိပါတယ် ။ အဲဒီစုစည်းမှုတွေ ဖြစ်လာတာ တနင်္သာရီအတွက် ကောင်းမွန် တိုးတက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အဲဒီ စုစည်းမှုတွေကနေတဆင့် နောက်တဆင့် တနင်္သာရီကိုလွှမ်းခြုံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အခုထက် အားကောင်းလာဖို့ ၊ ဖက်ဒရယ်ယူနစ်တစ်ခု ပုံပေါ်လာဖို့ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ အများကြီး ကြိုးစားသွားရအုံးမှာပါ။

DW ။ တိုင်းထဲမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စုစုစည်းစည်းညီညီညွတ်ညွတ် လုပ်ဆောင်ကြရင်တောင် တော်လှန်ရေးအောင်မြင်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းရမယ့် အခြေအနေမှာ အခုလို မညီမညွတ်ဖြစ်နေရင် ပန်းတိုင်ရောက်နိုင်ပါ့မလား။

ဖြေ ။ ပန်းတိုင်က စစ်ကောင်စီပြုတ်ကျရေး တစ်ခုတည်းလား ၊ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိတဲ့ ဖက်ဒရယ်ယူနစ် တစ်ခုဖြစ်လာပြီး ပြည်ထောင်စုပေါ်ပေါက်ရေးလားဆိုတာ ကွဲပြားဖို့လိုမယ် ထင်ပါတယ်။ စစ်ကောင်စီကတော့ ပြည်သူ့ဆန္ဒနဲ့ အညီ အနှေးနဲ့ အမြန် ပြုတ်ကျမှာပါ ။ ပြည်သူတွေအနေနဲ့ မမြင်ချင် မကြားချင်လောက်အောင် ရွံရှာမုန်းတီးတဲ့အထိ ဆိုးသွမ်းရက်စက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးလိုက်ပြီဖြစ်တဲ့ အဖွဲ့အစည်းတစ်ရပ်ဟာ မလွဲမသွေ ကျရှုံးရမှာပါပဲ။ ခက်ခက်ခဲခဲကြိုးပမ်းရမယ်ဆိုရင်တောင် ကျွန်တော်တို့ ဒါကို အကြွင်းမဲ့ယုံကြည်ပါတယ်။

ဒါက မြင်ရတဲ့ရန်သူ ၊ မြင်ရတဲ့ တိုက်ပွဲကို ပြောတာပါ။ မြင်နိုင်တဲ့ရန်သူကို လက်နက် လက်နက်ချင်း ရင်ဆိုင်လို့ ရပါတယ်။ အာဏာရှင် စနစ် နဲ့ လူမျိုးကြီးဝါဒဆိုတာ မျက်စိနဲ့ မမြင်ရပါဘူး ။ မြင်ရတဲ့ ရန်သူထက်ဆိုးပါတယ်။ ခေတ်အဆက်ဆက် အရိုးစွဲ အမြစ်တွယ်နေတဲ့ စနစ်ကို ဉာဏ်ပညာအမျှော်အမြင်နဲ့သာ တိုက်ဖျက်နိုင်ပါတယ် ။ ဒါကိုတော့ တော်တော်ကြိုးပမ်းရပါလိမ့်မယ်။

တနင်္သာရီရဲ့ တော်လှန်ရေးပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးဆိုရင်တော့ ဒီလိုဖြေချင်ပါတယ်။ တနင်္သာရီအနေနဲ့ ဖက်ဒရယ်စနစ်ကို ယုံကြည်တယ် ပြည်နယ်တွေရဲ့ အချုပ်အခြာအာဏာဟာ ပြည်နယ်မှာပဲ ရှိတယ်ဆိုတာ လက်ခံတယ်ဆိုရင် နိုင်ငံရေးမှာ ဗဟိုကို မျှော်တဲ့ဓလေ့ကိုပါ တစ်ခါတည်း စွန့်ပယ်နိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ်ယူနစ် ကိုယ်ပိုင်အချုပ်အခြာရှိတဲ့ ပြည်နယ်တစ်ခုဖြစ်လာမှာပါ ။ ဒါမှ ပြည်ထောင်စုလည်း စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ ရှေ့မှာတည်ဆောက်ရမယ့် ပန်းတိုင်ကို မြင်မှ လမ်းခရီးမှာ ဖယ်ရှားရမယ့် စနစ်ဆိုးတွေကို ပယ်ရှားပြီး မြန်မြန်သွက်သွက် ခရီးဆက်နိုင်မှာဖြစ်ပါတယ်။

မြို့နယ်အလိုက်၊ ခရိုင်အလိုက် နိုင်ငံရေးစုစည်းမှုတွေ၊ ကဏ္ဍအလိုက် စုစည်းမှုတွေ၊ တစ်ဖက်မှာလည်း လူမျိုးစုလိုက် စုထားတာတွေကို တနင်္သာရီအနေနဲ့ တပေါင်းတစည်းတည်း စုစည်းနိုင်မှုက အခရာကျပါတယ် ။ လက်ရှိအခြေအနေကို ကျွန်တော်တို့အနေနဲ့က မညီမညွတ်ဖြစ်နေတယ်လို့ မမြင်ပါဘူး ။ ညီညွတ်တဲ့ တစုတစည်းတည်းဖြစ်စေတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်နေတယ်လို့ မြင်ပါတယ်။ လျှောက်ရင် ရောက်မှာပါ ။ လမ်းတည့်ဖို့ပဲ အရေးကြီးပါတယ်။

DW ။ ဒီအချက်တွေ ဖြေရှင်းဖို့ဆိုရင် အရေးတကြီး ချက်ချင်းလုပ်သင့်တဲ့ အချက်က ဘာဖြစ်မလဲ။

ဖြေ ။ တနင်္သာရီရဲ့ ဘုံ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် နဲ့ ဒါကို အင်အားစုအားလုံး ဆွေးနွေးဆုံးဖြတ်ဖို့ ဆွေးနွေးမှု ၊ ဒီလိုဆွေးနွေးနိုင်တဲ့ စုဖွဲ့မှု ပလက်ဖောင်း အမြန်ဆုံးလိုအပ်ပါတယ်။ တနင်္သာရီရဲ့ တော်လှန်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်တဲ့အခါမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ တနင်္သာရီပြည်နယ် ပေါ်ထွန်းလာရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ရာမှာဖြစ်စေ၊ တနင်္သာရီပြည်နယ်မှာရှိတဲ့ ကဏ္ဍအသီးသီးက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ တိုင်ပင်ဆွေးနွေးပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ တနင်္သာရီ နိုင်ငံရေးဆွေးနွေးမှု ၊ စုဖွဲ့မှုတစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။