ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်ပျံလွန်တော်မူ

0
926

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်သည် နိုဝင်ဘာလ ၅ ရက် ည ၉ နာရီကျော်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှသိရသည်။

ဆရာတော်၏ ဘွဲ့အမည်မှာ ဘဒ္ဒန္တ ကေသရဖြစ်ပြီး ပျံလွန်တော်မူချိန် သက်တော် ၈၂ နှစ် သိက္ခာတော် ၆၂ ဝါ ရှိပြီဖြစ်ကြောင်း တပည့်ဒါယကာများထံမှ သိရသည်။

ဆရာတော်သည် ထားဝယ်မြို့ သပြေချောင်းရွာ ငါးကျဲအင်းကျောင်းတွင် ပဓာန နာယက ဆရာတော်အဖြစ် ပျံလွန်တော်မမူခင်အထိ သီတင်းသုံးနေထိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“လူကြီးရောဂါပဲ။ ပဝရဏာ ပြုတဲ့နေ့မှာ ဆရာတော်က အအေးမိပြီး‌ နေမကောင်းဖြစ်သွားတယ်။ လူကြီးဆိုတော့ ရောဂါတွေလည်းအစုံ ဖြစ်သွားတာပေါ့နော်” ဟု သပြေချောင်းရွာက တပည့်ဒါယကာတစ်ဦးက ပြောသည်။

ဆရာတော်သည် သက်ရှိထင်ရှားရှိစဉ်က မရမ်းပင်ပဝါရဏာ (သုဓမ္မာ) ဂိုဏ်း၏ တတိယမြောက် ဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာရေး တာဝန်များကို ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ဆရာတော်သည် ရန်ကုန်မြို့ ပညာဗိမာန်ဝါရှင်တန်ကျောင်း၊ မယ်ဝေးတောင်စေတီ၊ အောင်စည်ဟိန်းစေတီ၊ မာန်ပြေရွှေစေတီ၊ ပုလုကုန်း ဓမ္မာရုံတော်တို့၏ ပဓာနနာယက လည်းဖြစ်သည်။

ကြွင်းကျန်ရစ်သည့် ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ကို ငါးကျဲအင်းကျောင်းတွင် ၂၈ ရက်ကြာ ပူဇော်ထားရှိမည်ဖြစ်ပြီး အန္တိမ အဂ္ဂိဈာပနအား ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၁၂ နာရီတွင် သပြေချောင်းရွာ ကျောင်းရာမော်သုသာန်၌ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာမများထံမှ သိရသည်။