တာဝန်ယူမှုမရှိတဲ့ ထားဝယ်လျှပ်စစ်မီး

0
360

လျှပ်စစ်မီတာခ တစ်ယူနစ်ကျပ် ၄၀၀ ကျော်နှုန်းဖြင့် သုံးနေရသည့် ထားဝယ်ခရိုင်တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ နေ့စဉ်ကြုံတွေ့လာနေရသည်။

ရာသီဥတုပူပြင်းနေချိန် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေပြီး ပြတ်တောက်ချိန်မှာလည်း အချိန်ကြာမြင့်နေသဖြင့် ဝေဖန်မှုများလည်းမြင့်တက်နေသည်။

လျှပ်စစ်ကုမ္ပဏီဘက်ကမူ အင်ဂျင်စက် ၄ လုံး စက်ချို့ယွင်းနေသဖြင့် အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေရကြောင်း ထုတ်ပြန်ထားသည်။

ယခင်မီးပြတ်ချိန်များက ဒီဇယ်အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အား အစားထိုး ဖြန့်ဝေပေးလေ့ရှိသော်လည်း လက်ရှိတွင် အဆိုပါအင်ဂျင်များမှာ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ ရဲစခန်းနှင့် ဌာနဆိုင်ရာများအတွက်သာ အသုံးပြုနေကြောင်းလည်း သတင်းများ ထွက်နေသည်။

ယင်းကြောင့်လည်း ထားဝယ်ခရိုင်တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

ထားဝယ်ခရိုင်လျှပ်စစ်ကို Petro & Trans ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက သဘာဝဓာတ်ငွေ့အသုံးပြုပြီး ထုတ်လုပ်ဖြန့်ချိနေခြင်းဖြစ်သည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရန်အတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို အစိုးရဈေးနှုန်းဖြင့်ဝယ်ယူပြီး အမြင့်ဆုံးတစ်ယူနစ် ၃၄၂ ကျပ်ဖြင့် ‌ဖြန့်ချိရန် NLD အစိုးရလက်ထက်က တင်ဒါအောင်ထားခြင်းဖြစ်သည်။

သို့သော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စျေးနှုန်းဆက်တိုက်မြင့်တက်လာခဲ့ပြီး တင်ဒါအောင်ဈေးနှုန်းကိုပင်ကျော်တက်ကာ လက်ရှိတွင် တစ်ယူနစ် ၄၂၅ ကျပ်ဖြင့် သုံးစွဲနေကြရသည်။

NLD အစိုးရလက်ထက်က ချုပ်ဆိုထားသော ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးရေး သဘောတူညီချက်စာချုပ်မှာ ၄ နှစ်သက်တမ်းပြည့်သွားပြီဖြစ်သည်။

၂၀၂၄ မတ်လ ၆ ရက်နေ့က တိုင်းစစ်ကောင်စီနှင့် Petero &Trens လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီတို့ စာချုပ်အသစ်ကိုထပ်မံချုပ်ဆိုခဲ့ကြသည်။

စာချုပ်တွင် ပါရှိသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်းမရှိသဖြင့် စာချုပ်ပါ အကြောင်းအရာများကို မသိရပေ။

ယင်းစာချုပ်အသစ် ချုပ်ဆိုပြီး ရက်အနည်းငယ်အကြာမှစတင်ကာ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး အချိန်ကြာမြင့်စွာ မကြာခဏပြတ်တောက်မှုများ ဖြစ်ပေါ်လာကာ အလှည့်ကျမီးပေးရသည့် အခြေအနေဆိုက်လာခဲ့သည်။

မီးအလှည့်ကျပေးနေသည်ဟုဆိုသော်လည်း စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများတည်ရှိရာဘက်တွင်မူ လျှပ်စစ်ဓာတ်အား ပြတ်‌တောက်မှုမရှိသည်ကိုလည်း ဒေသခံတို့က ဝေဖန်နေကြသည်။

လက်ရှိကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ ထားဝယ်ခရိုင်တွင် ပုဂ္ဂလိက‌မီးပေးစနစ် စတင်သည့်အချိန်မှ ယနေ့အထိကာလအတွင်း အဆိုးရွာဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလည်းဖြစ်သည်။

ယခုကဲ့သို့ စျေးကြီးပေးသုံးနေရသည့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်နေသော်လည်း တာဝန်ယူမှုရှိရှိဖြင့် ဆောင်ရွက်နေခြင်းမရှိသလို မည်သည့်အချိန်တွင် ပြန်လည်ပေးနိုင်မည် ဆိုသောသတင်းအချက်အလက်ကိုလည်း ပေးနိုင်ခြင်းမရှိပေ။

ယင်းအပေါ် ဒေသခံများ၏ သဘောထားအမြင်များကို ဆဝါးမိစေရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ဘယ်ချိန်ထိပျက်နေမလဲ မသိတော့ မီးစက်လေးနဲ့မှ အဆင်ပြေတော့မှာ”

ထားဝယ်မြို့က ကိတ်မုန့်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး

DW ။ မီးပျက်တဲ့အခက်အခဲကြုံနေရတာ ဘယ်လောက်ကြာပြီလဲ ။ လောလောဆယ် တစ်နေ့လျှပ်စစ်မီး ဘယ်နှစ်နာရီလောက်ရနေလဲ။

ဖြေ ။ မီးပုံမှန်မလာတာ တစ်ပတ်ကျော်လောက်ရှိပြီထင်တယ်။ သေချာမမှတ်ထားမိဘူး။ မနက် ၈ နာရီလောက်တစ်ခါပျက်ပြီး နေ့လယ် ၁၁၊ ၁ဝနာရီလောက်လာတယ်။၂ နာရီလောက်ကျပြန်ပျက်ပြီး ညနေ လောက်မှ ပြန်လာတယ်။ ည ၇ နာရီလောက်ပြန်ပျက်ပြီးရင် ည ၁ဝ နာရီလောက်မှ ပြန်လာတတ်တယ်။

DW ။ မီးပျက်တော့ ကိုယ့်အတွက် ဘာတွေထိခိုက်မှုရှိလဲ။

ဖြေ ။ မီးနဲ့ အလုပ်လုပ်ရတဲ့သူဆိုတော့ မီးမမှန်‌တော့ အလုပ်ပျက်အကိုင်ပျက်ပါပဲ။ အရင်ကဆို မီးမှန်တော့ ကိတ်မုန့်အော်ဒါဝင်ရင် ဒီနေ့လိုချင်ရင် ဒီနေ့ရပေမယ့် အခုကျမီးမမှန်လို့ အမြန်လိုတဲ့ အော်ဒါ(မှာယူမှု)တွေ ဖျက်လိုက်ရတော့ အလုပ်ထိခိုက်တာပေါ့။ ဆယ်ယောက်လောက်တော့ရှိနေပြီ။ အားနာနာနဲ့ပဲ ပြေလည်အောင် ပြောပြပြီး ဖြေရှင်းရတာပေါ့ ။အကုန်လုံးကြုံနေရတဲ့ ပြဿနာဆိုတော့ သူတို့လည်း နားလည်ပေးကြပါတယ်။

DW ။ ထားဝယ်ဒေသက အရင်က မီးမှန်တယ်လို့ပြောကြတယ်။ အခုမီးပျက်တော့ ကြိုတင်ပြင်ဆင်ထားတာမျိုးရှိလား။ အခုရော အလုပ်အတွက်လျှပ်စစ်ကို ဘယ်လိုကြိုတင်ပြင်ဆင်ဖို့ စီစဉ်နေလဲ။

ဖြေ ။ အရင်ကပျက်နေကျမဟုတ်တော့ ဘာမှတော့ မပြင်ဆင်ထားမိဘူး။ အခုလက်ရှိ မီးစက်လေးတော့ ဝယ်လိုက်ဖို့ အစီအစဥ်ရှိတယ် ။ ဘယ်အချိန်ထိပျက်နေမလဲ မသိတော့လေ မီးစက်လေးနဲ့မှ အဆင်ပြေတော့မှာမလို့ပါ။

DW ။ လျှပ်စစ်ကုမ္ပဏီဖက်က စက်ချို့ယွင်းမှုကြောင့် မီးအလှည့်ကျပေး‌နေရတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ အလှည့်ကျလို့ပြောပေမယ့် အမြဲတမ်းပျက်ပြီဆို ဒီဘက်က ဇရစ်၊ ခုံဝင်းဒပ်၊ ကြက်စားပြင် ဘက်ပဲ အပျက်များနေတာလားလို့လေ။ အဲတော့ အလှည့်ကျ‌ဆိုလည်း ဒီဘက်ပဲ အမြဲပျက်မနေဘဲ အလှည့်ကျပဲပေးပါလို့တော့ ပြောချင်တယ်။

DW ။ လျှပ်စစ်အခက်အခဲက လုပ်ငန်းပိုင်းဆိုင်ရာအပြင် အခြားအရေးကိစ္စတွေမှာ ဘယ်လို သက်ရောက်မှုရှိနေလဲ။ ပတ်ဝန်းကျင်မှာရော ဘယ်လိုအသံတွေကြားရလဲ။

ဖြေ ။ အပူဒဏ်ပေါ့။ ရာသီဥတုကပူကပူတဲ့ကြားထဲ မီးမမှန်တော့ ပူလောင်အိုက်စပ်နေရောပဲ ။ အိမ်ရှင်မတွေလည်း ထမင်းအိုး ခဏခဏပျက်လို့ ညည်းသံတွေတော့ အမြဲကြား နေရတယ်။

DW ။ လတ်တလောဖြစ်နေတဲ့ လျှပ်စစ်အခက်အခဲအပေါ် ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဖြည့်စွက်ပြောချင်တာ ပြောပေးပါ။

ဖြေ ။ မီးမှန်အောင် မပေးနိုင်သေးလို့ အလှည့်ကျ ပေးနေရရင်လည်း မီးကို သေချာလေး အချိန်အတိအကျနဲ့ အလှည့်ကျပေးဖို့ပြောချင်ပါတယ်။ အဲလိုမှ ပြင်ဆင်စရာရှိတာလေးတွေ ကြိုပြင်ဆင်လို့ရအောင်ပါ ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရန်ကုန်မှာလိုမျိုး တစ်နေ့မှ ၄ နာရီပဲ မီးပေးတော့မလားဆိုပြီးလည်း စိတ်ပူနေရတယ်”

မချိုမာ (‌လောင်းလုံးမြို့နယ်)

DW ။ ထားဝယ်မှာ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်နေတယ်လို့ပြောကြတယ်။ ‌အစ်မတို့ဘက်မှာရော ဘယ်လိုနေလဲ။

ဖြေ ။ ပျက်တာပေါ့။ နေ့တိုင်းကိုပျက်တာ။ တစ်ခါပျက်ရင် ဆယ်နာရီ ဆယ့်ငါးနာရီလောက်တောင်ကြာတာ။ မီးပျက်တာကတော့ မဆန်းတော့ဘူး။ ဒါပေမဲ့ အရင်က ဒီလိုမျိုးတစ်ခါမှ အကြာကြီးမပျက်ဖူးဘူး။

DW ။ လျှပ်စစ်မီး မကြာခဏပျက်‌နေတော့ ဘယ်လို ထိခိုက်မှုတွေရှိလဲ။

ဖြေ ။ ရှိတာပေါ့။ ထမင်းအိုးတွေဆို ခဏခဏ လွှင့်ပစ်နေရတယ်။ မီးလာတုန်း ထမင်းထချက်ထားတာ ထမင်းအိုးက မကျက်သေးဘူး။ မီးကပျက်သွားပြန်ပြီ။ အဲ့မှာတစ်ခါလွှင့်ပစ်ရပြန်။ အဲဒါကြောင့်အခု မီးသွေးဝယ်သွားဝယ်ထားရတယ်။ မီတာဖိုးလိုလို မီးသွေးဖိုလိုလိုနဲ့ နှစ်ခါကုန်ဖြစ်နေတာတော့ရှိတယ်။ တစ်ချို့တွေကတော့ လျှပ်စစ်မီးနဲ့အလုပ်လုပ်နေသူတွေကတော့ ပိုပြီးဒုက္ခဖြစ်ကြတယ်။ ဒီဘက်မှာ မီးပျက်တာက အခုလိုအကြာကြီးမပျက်ဖူးတော့ မီးစက်တွေလည်း မဝယ်ထားကြဘူးလေ။ အခုမှ လေးငါးဆယ်နာရီအထိ ကြာအောက်ပျက်လာတာဆိုတော့လေ။

DW ။ လျှပ်စစ်ကုမ္ပဏီကကတော့ သူတို့မှာ စက်အချို့ပျက်နေလို့ လျှပ်စစ်ဓာတ်အားကို အလှည့်ကျခွဲပေး‌နေရတယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်တာရှိလဲ။

‌ဖြေ ။ သူတို့ကတော့ အဲလိုပဲ အမြဲတမ်းပြောနေကျပဲ။ မီးပျက်ပြီဆိုရင် မီးစက်ကိုအကြောင်းပြလိုက်တာပဲ။ အခုလည်း ဘယ်အချိန်လောက် ပုံမှန်ပြန်ရမလဲ မသိသေးဘူး။ ရန်ကုန်မှာလိုမျိုး တစ်နေ့မှ ၄ နာရီပဲ မီးပေးတော့မလားဆိုပြီးလည်း စိတ်ပူနေရတယ်။ အခုပဲ မီးစက်ပဲပြေးဝယ်ရတော့မှာလား။ ဒီအတိုင်းပဲနေရတော့မှာလား ဘာလုပ်လို့ လုပ်ရမှန်းကိုမသိတော့ဘူး။

ပြီးတော့ မီးခွဲပေးနေတာကလည်း ဘယ်အပိုင်းကို ဘယ်အချိန်ပေးမယ်ဆိုတာ မသိရဘဲနဲ့ ဘယ်လိုလုပ်မှာလဲ။ မီးလာရင် ညဆယ်နာရီ ဆယ့်တစ်နာရီဆိုလည်း ဖုန်းအားထသွင်းနေရတာပဲ။ ဖုန်းအားမရှိတဲ့အချိန်ဆို မအိပ်ပဲတောင် စောင့်နေရတာ။ အဲလိုမျိုးဆိုတော့ ဘယ်အချိန်ကိုမီးလာမယ်ဆိုတာကို အချိန်ဇယားနဲ့ လုပ်ပေးထားရမှာ။ အခုက လာချင်တဲ့အချိန်လာပြီး ပျက်ချင်တဲ့အချိန် ပျက်နေတာ။

DW ။ အခုလက်ရှိ ထားဝယ်ခရိုင်က လျှပ်စစ်မကြာခဏပြတ်နေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကျွန်မတို့က မီတာခကိုလည်းမှန်မှန်ပေးတယ်။ မီးကိုလည်းမှန်မှန်လိုချင်တယ်။ အခုချိန်က မီးရှိမှအဆင်ပြေတာ။ ပျက်မယ်ဆိုရင်လည်း ဘယ်အချိန်ပြန်ရမယ်ဆိုတာမျိုး အရင်ကလိုမျိုး အသိပေးစေချင်တယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အခုက အရမ်းပူတဲ့အချိန်ဆိုတော့ မီးပိုလိုတဲ့အချိန်ဆိုတော့ အမြန်ဆုံးရအောင် လုပ်ပေးစေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အရင်တုန်းကလိုမျိုး မီးဘယ်အချိန်ပြန်လာမယ်ဆိုပြီး ချိန်ဆလို့ မရတော့ဘူး”

ရေဖြူမြို့နယ်ထဲက ဒေသခံ တစ်ဦး

DW ။ ရေဖြူဘက်မှာ လျှစ်စစ်မီး အခြေနေဘယ်လိုရှိနေလဲ။

ဖြေ ။ မီးပျက်တာများလာတယ်။လာရင်လဲ နာရီဝက်လောက်ပဲ။ ဒီနေ့ ဆိုရင် ရေတစ်ပုံးပဲတင်လို့မီတယ်။ မနက်ကတည်းကပျက်နေတဲမီး ။

DW ။ ဘယ်လောက်ကြာပြီလဲ ဒီလိုဖြစ်နေတာ။

ဖြေ ။ တစ်ပတ်လောက်ဖြစ်နေပြီ။ ဆိုင်အတွက်ကတော့ မီးစက်နှိုးလိုက်တာပါပဲ။ ဒါပေမဲ့မကိုက်ပါဘူး။ မီးစက်နှိုးရင်(စက်သုံးဆီ) ဆီစရိတ်ကလည်း တစ်ဂါလံတစ်သောင်းကျော်ဆိုတော့ အိမ်မှာကမီးမလာရင် မီးသွေးနဲ့ ချက်ပြုတ်ရတော့တာပါပဲ။ အခုပျက်နေတဲ့မီးက ညနေလာရင်လည်းလာတယ်။ မလာရင်လည်း ည ၈ နာရီလောက်မှလာတယ်။ အရင်တုန်းကလိုမျိုး မီးဘယ်အချိန်ပြန်လာမယ်ဆိုပြီး ချိန်ဆလို့ မရတော့ဘူး။ အရင်က ခန့်မှန်းရသေးတယ်။ အခုကလုံးဝခန့်မှန်းလို့မရ။ သူလာချင်တဲ့အချိန်လာတယ်။ တစ်ခါတလေ ည ၁၁ နာရီမှာ လာရင်လာတယ်။ ပြီးရင် မနက် ၄ နာရီလောက် ထပျက်ရင်ပျက်‌တယ်။ မနက်စောစောပျက်တဲ့မီးက မနက် ၉ နာရီလောက်မှ ပြန်လာတော့တယ်။

DW ။ အရင်ကရော ဒီလိုမျိုးပဲလား။

ဖြေ ။ အရင်ကပျက်လည်းခဏပဲ။ တစ်နေ့ကုန်ပျက်တာတောင်မှ ကျန်တဲ့နေ့တွေမှာ မပျက်တော့ဘူး။ အရင်ကဆက်တိုက်လာတယ်။ အခုကတစ်နေ့ကို တစ်နာရီလောက် မီးပြန်လာတာတောင် သိပ်မကြာဘူး ပြန်ပျက်သွားတာ။ အဲဒီတစ်နာရီလောက်မှာပဲ ထမင်းတစ်အိုးကျက်အောင်နဲ့ ရေတင်ရတာပေါ့။ မီးဘယ်အချိန်ပျက်မယ်ဆိုတာလည်းမသိဘူး။ အရင်ကဆိုကြိုပြီး ကြေညာပေးထားတာ ။

DW ။ ဒီလိုမျို မီးမကြာမကြာပျက်နေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ဘာမှလည်းမပြောချင်တော့ဘူး။သူပေးချင်တဲ့အချိန်ပေးနေတာ။ ကိုယ်ပြောလို့ရတာမှမဟုတ်ဘဲ။ မီးမလာရင် ယူနစ်လည်းမတက်တော့ဘူး။ ပိုက်ဆံလည်းမကုန်တော့ဘူးပေါ့။ ဒီလိုဘဲ့ စိတ်ဖြေလိုက်တယ်။ ကိုယ်ပြောလို့ ပြီးမယ့်ကိစ္စမှမဟုတ်ပဲ။ လာရင်လည်းသုံးမယ်၊ မလာရင်မသုံးဘူး။ ခြံထဲမှာဝောာ့ သစ်ပင်တွေ ရေမလောင်းရလို့ သေကုန်ပြီ။

“နိုင်ငံရေးမကောင်းဘူးဆိုတော့ လျှပ်စစ်မီးကိစ္စတွေလည်း ကောင်းလာမှာ မဟုတ်ဘူးလေ”

ဒေသခံတစ်ဦး (ညောင်ဇင်ရွာ သရက်ချောင်းမြို့နယ်)

DW ။ ညောင်ဇင်မှာ လျှပ်စစ်မီးရတဲ့ အခြေနေဘယ်လိုရှိလဲ။

ဖြေ ။ တစ်ရက်ခြားသေနေသလိုပဲ။ တစ်ခါတလေ သုံးရက်ဆက်တိုက်လည်း သေတာပဲ၊ အခုလည်းသေနေတယ်။

DW ။ အခုလို မီးပျက်များလာတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ကြာပြီ တစ်လလောက်ရှိပြီ။ ရန်ကုန်ကနေ ပြန်လာတည်းက တစ်ရက်ခြားဆိုသလိုပဲ သေနေတာ။ ညပိုင်းဆိုလည်း သေတာပဲ။ အခုဆို ညနေ ၅ နာရီလောက်ကနေ မီးပြန်လာတာ ညသန်းခေါင် ၁ နာရီ ၂ နာရီလောက်ဆိုလည်း သေတယ်။ မိုးသောက်ထ ၄ နာရီ အာရုဏ်ဆွမ်းချက်ခါနီးတွေဆိုလည်း သေပြန်ပြီ။

DW ။ ဒါဆိုကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေရှိလာလဲ။

ဖြေ ။ အခက်ခဲရှိဆို တို့တွေက ထမင်းပေါင်းအိုးနဲ့ချက်တာဆိုတော့ အခက်အခဲရှိတာပေါ့။ အဲ့လိုဆို ဂက်(စ်)နဲ့ ချက်ရတာပေါ့။ ထင်းရှိလည်း ထင်းနဲ့ချက်လိုက်တယ်။ မီတာခကတော့ တယူနစ်ကို ၄၀၀ (ကျပ်) ကျော်ပေးရတယ်။ တလကို ၁၈၀၀၀(ကျပ်) လောက်ကျတယ်။ တူရီးနှစ်ယောက်ပဲနေတာဆိုတော့။ မီးက သေလိုက်လာလိုက်ဆိုတော့ ရေခဲသေတ္တာလည်း ဖြုတ်ပြီးထားလိုက်ပြီ။ ညဆို ပန်ကာလေတောင် မဖွင့်ရဘူး။ မီးသေတဲ့အခါ။ ပူအားကြီးတဲ့အခါ ပန်ကာလည်း ဖွင့်မရတော့ အိမ်တံခါးတွေ အကုန်လိုက်ဖွင့်ထားလိုက်ရတယ်။ တိုက်ခံအိမ်တွေဆို ပိုဆိုးတာပေါ့။ တနေ့လုံးအပူရှိန်တွေက ညဘက်မှ သူကပြန်လွှတ်တာဆိုတော့ နေမနိုင်ဘူး။ တံခါးတွေအကုန်ထဖွင့်လိုက်ရတယ်။ အခုဆို ရေကလည်း ရှားတယ်ဆိုတော့ ရေလည်းအခက်အခဲဖြစ်တယ်။ ရေရှားတဲ့ကြားထဲ မီးကလည်း မလာဆိုတော့ ရေတင်လည်းမရဘူး။ ရေပါ ဝယ်သုံးနေရတယ်။ ဒုက္ခဖြစ်တာလေ။ ရေကားလာချိန် အိမ်မှာ မီးမလာရင်လည်း ရေကန်ထက်ကို ရေလွှတ်တင်မရပြန်ဘူး။

DW ။ မီးက ဘာကြောင့်သေတယ်လို့ထင်လဲ အာဏာမသိမ်းခင်ကဆို အခုလို မီးသေတာ ပျက်တာမရှိဘူးလေ။

ဖြေ ။ အာဏာမသိမ်းခင်ကဆို အခုလိုတစ်ခါမှမဖြစ်ဖူးဘူးလေ။ ရန်ကုန်မှာလည်း နေ့တစ်ပိုင်းလာ နေ့တစ်ပိုင်းသေတယ်။ ရန်ကုန်မှာလည်း တခါတလေ တစ်ညလုံးပေါက် မီးသေတယ်။ အခု ထားဝယ်မှာလည်း ရန်ကုန်မှာလိုဖြစ်လာတာပေါ့။ ပြောရရင်တော့ နိုင်ငံရေးမကောင်းဘူးဆိုတော့ ဒီကိစ္စတွေလည်း ကောင်းလာမှာ မဟုတ်ဘူးလေ။ မီးရှင်တွေကို ငါအမြဲဆဲတယ်။ နင်တို့ဒီလိုပဲနေလားလို့၊ သူတို့လည်း ဘာတတ်နိုင်မလဲ အထက်ကလူတွေက လုပ်လို့အဆင်မပြေတာကိုး။

DW ။ အခုလို မီးပျက်များလာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။ အေး ပုံမှန်လာစေချင်တာပေါ့။ နေ့ဘက် မလာရင်တောင် ညဘက်ကို မီးမပျက်အောင် လုပ်ပေးစေချင်တယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေကျပြန်လည်း သူတို့လုပ်ငန်းတွေက နေ့ဘက်ကို လုပ်နေရတာဆိုတော့ သူတို့ကလည်း နေ့ဘက်ကို အဓိကလိုချင်မှာပဲ။ တို့တွေမှာလည်း ညဘက် မီးသေရင် အိပ်လို့အဆင်မပြေဘဲကိုး။ ပူတာမခံနိုင်ဘူး။ ညဘက် ပူအားကြီးတော့ တံခါးတွေထဖွင့်နေရတယ်။ အိပ်မရဘူး။ ဟိုဘက်လှိမ့်လိုက် သည်ဘက်လှိမ့်လိုက်နဲ့ အဲလိုပဲနေနေရတယ်။ အိပ်ရေးပျက်တာပေါ့။ မီးတော့မှန်အောင်ပေးခိုင်းချင်တယ်။ မင်းအောင်လှိုင်ဆင်းပေးမှပဲ အဆင်ပြေမယ်။ ပြည်သူတွေလည်း ပင်ပန်းနေပြီလေ၊ ဒုက္ခတွေများလှပြီ။