သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်

0
402

သရက်ချောင်းမြို့နယ်၊ ဆင်ကျန်းကျေးရွာတွင် ဧပြီလ ၂၃ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းထံက သိရသည်။

ဧပြီလ ၂၂ရက် နံနက်ပိုင်းက ပန်းတောရပ်ကွက်မှ ဆင်ကူးကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၂၃ ရက်တွင် ဆင်ကျန်းကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြေလျင်စစ်ကြောင်းထိုးရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“ပစ်ခတ်မှုက သိပ်တော့မကြာဘူး၊ ၁၅ မိနစ်လောက်တော့ကြာမယ်။ သူတို့က လက်နက်ကြီးနဲ့ပစ်ပစ်ပြီး လာတယ်ဆိုတော့ ကိုယ်တွေ ဆုတ်လိုက်ရတယ်ပေါ့။ PDF ဘက်က တစ်ယောက်ကတော့ ဒဏ်ရာရတာရှိတယ်။ နည်းနည်း ပြင်းထန်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ၁၂ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု ကနဦးကြားသိရကြောင်း အဆိုပါတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသည့်လမ်းတစ်လျှောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ပိတိုင်၊ ဆင်ကျန်း စသည့်ကျေးရွာတို့က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ဆိုသည်။

ဧပြီလ ၂၂ ရက် ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ဆင်ကူးရွာက နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်များကို သိမ်းယူသွားကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဒေသခံ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မြိတ်-ထားဝယ်ကားလမ်းဘေးအတိုင်း ဆင်းလာသည့် အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်နက်ကြီးပစ်ခတ်ကာ ဆင်ကျန်းကျေးရွာဘက်ကို ရောက်ရှိနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတို့က ပြောသည်။

ဝင်းဝနယ်မြေရဲစခန်း တောင်ကုန်းပေါ်တွင် တပ်စွဲလှုပ်ရှားနေသည့် အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည်လည်း ပြင်းဖြူသားရွာကို ရောက်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။