မွန်ပြည်သစ်ပါတီ AD နှင့် MSFC တို့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

0
251
ပုံစာ - NMSP-AD တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေး လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ပူးတွဲ ထုတ်ပြန်သည်။

NMSP-AD နှင့် MSFC တို့ ဧပြီလ ၂၂ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

ပထမအကြိမ် တွေ့ဆုံပွဲတွင် MSFC က ကောင်စီဝင် ၉ ဦး၊ NMSP-AD က နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ ၆ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း ဖော်ပြသည်။

နိုင်ငံရေး၊ စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင် အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နှစ်ဖက်သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ပူးပေါင်း အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို နှစ်ဦးနှစ်ဖက် ဆက်လက်ဆွေးနွေးနိုင်ရန် လုပ်ငန်းညှိနှိုင်းရေး အဖွဲ့တစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

လုပ်ငန်းညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းသဘောတူညီမှု ရရှိသောလုပ်ငန်းများကို မွန်ပြည်သူများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများကို ပုံမှန်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

NMSP-AD နှင့် MSFC တို့ကြား နိုင်ငံရေး၊ စစ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် မည်ကဲ့သို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကိုမူ အသေးစိတ် ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် မွန်အမျိုးသားတစ်ဦးက “မွန်ပြည်သစ်ပါတီ AD နဲ့ MSFC အခုလို စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ဆွေးနွေးသဘောတူကြတာက ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်ဖို့တော့ လိုတယ်ပေါ့။ မွန်ပြည်သူတွေ ဖြစ်ချင် မြင်ချင်တာကလဲ ဒီလိုအခြေအနေမျိုးပါ။ တခြားသော မွန်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းနိုင်ဖို့ လုပ်ဆောင်စေချင်တယ်” ဟု ပြောသည်။

MNSP-AD သည် မွန်ပြည်သစ်ပါတီ (MNSP) မှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း MNSP-AD သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ကဏ္ဍ အားလုံးတွင် ပူးပေါင်း ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူထားခဲ့ကြသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သည် မွန်ပြည်တွင်းရှိ နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့များ စုစည်းပြီး

တည်ထောင်ထားသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ရန် MSFC ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် မွန်ပြည်တော်လှန်ရေး (MSRF) တပ်ကိုလည်း ဖွဲ့စည်းတည်ထောင်ထားသည်။

MSFC သည် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့နှင့် မဟာမိတ်တပ်များအဖြစ် ပူးပေါင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီလ ၇ရက်က သဘောတူခဲ့ကြသည်။

စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်ဖြစ်ပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည်ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်းတိုက်ပွဲဝင်သွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။