သရက်ချောင်း၊ ပဲဒက်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးထပ်ကြဲ

0
585
ပုံစာ - တိုက်ပွဲကြောင့် မြိတ်-ထားဝယ် အတက်အဆင်းကားများ ပိတ်မိနေစဥ်။

မြိတ်-ထားဝယ်ကားလမ်း သရက်ချောင်းမြို့နယ် ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းအနီးဝန်းကျင်ကို ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်‌ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။

မေလ ၅ ရက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံလာရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မေလ ၅ ရက်တွင် တစ်ရက်လုံးတိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ပဲဒက်ရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒီမနက်လည်း လေယာဉ်ထပ်လာ (ဗုံး) ကြဲတာဟုတ်ပါတယ်။ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ထောက်ပို့တပ်သားတစ်ဦးကလည်း စစ်ကောင်စီဘက်က ယနေ့ နံနက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း ပြောဆိုသည်။

“လေယာဉ်နှစ်စီးနဲ့ ဗုံးထပ်လာကြဲတယ်။ တိုက်ပွဲဖြစ်လို့ ထပ်လာကြဲတာပါ” ဟု ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေ‌ကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပဲဒက်ရွာအပါအဝင် အနီးဝန်းကျင်ရွာများက ဒေသခံများမှာ တိုက်ပွဲ စတင်ဖြစ်ပွားသည့် မေလ ၅ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၅ရက်တွင် ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးဒဏ်ရာရသူများရှိကြောင်း သတင်းများထွက်နေပြီး Dawei Watch က အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

မြိတ်-ထားဝယ် အတင်အဆင်းကားများ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ပိတ်မိနေကြောင်း ဒေသခံအချိူ့က ပြောသည်။

ရန်ကုန်-မော်လမြိုင်-မြိတ်-ထားဝယ်-ကော့သောင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပိုင်းရှိ စစ်ကောင်စီစခန်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် PDF တပ်ရင်းများက စခန်းသိမ်းစစ်ဆင်ရေးများဆောင်ရွက်နေကြောင်း တောင်ပိုင်း တိုင်း စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက မေလ ၅ရက် ညနေပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသဖြင့်သရက်ချောင်းမြို့နယ်မှ ပလောက်မြို့အထိ မြိတ်-ထားဝယ်လမ်းပိုင်းကို မေလ ၅ ရက် နံနက် ၆ နာရီကစပြီး တိုက်ပွဲမပြီးမချင်း အသုံးပြုသွားလာခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း ဆက်လက်ရေးသားထားသည်။