ဖူးခက်တွင် ပင်လယ်ထဲ ရေဆင်းကူးသည့် မြန်မာတစ်ဦးမျောပါသေဆုံး

0
369

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ဖူးခက်မြို့တွင် ပင်လယ်ထဲ ရေဆင်းကူးသော မြန်မာနိုင်ငံသားတစ်ဦး မျောပါသေဆုံးကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။

ပင်လယ်ထဲ ရေဆင်းမကူးရန် သတိပေးထားသည့် အနီရောင်အလံပြထားသော်လည်း ရေဆင်းကူးခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။

သေဆုံးသူသည် အသက် ၂၀ အရွယ် ကိုနေမျိုးဇော်အမည်ရှိသူဖြစ်ကြောင်း ဆိုသည်။ မေလ ၅ရက်က ၎င်းနှင့်အတူ သူငယ်ချင်းများက ကလင်ကမ်းခြေသို့ လာရောက်အပန်းဖြေပြီး ဂီတာတီး သီချင်းဆိုနေခဲ့ကြကြောင်း ဖော်ပြသည်။

ယင်းနောက် ကိုနေမျိုးဇော်နှင့် သူငယ်ချင်းတစ်ဦးတို့သည် နေ့လယ်ပိုင်းတွင် ပင်လယ်ထဲ ရေဆင်းကူးခဲ့ကြကြောင်း သတင်းများတွင် ရေးသားသည်။

ရေကူးဆင်းပြီး အနည်းငယ်အကြာတွင် လှိုင်းလုံးများကြား မျောပါနေခဲ့ကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဂျက်စကီးများဖြင့် လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း ဆိုသည်။

သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက သူငယ်ချင်းဖြစ်သူကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကိုနေမျိုးဇော်မှာ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ၎င်း၏ ရုပ်အလောင်းကို ကလင်ကမ်းခြေတွင်ပင် ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်တွေ့ရှိခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက အလောင်းကို စစ်ဆေးရန် ပါတွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မိသားစုထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Viewpoint တွင် မြန်မာနိုင်ငံသားတစ်ဦး လှိုင်းရိုက်ပုတ်ခံရပြီး မျောပါသေဆုံးခဲ့သေးသည်။

Ref: Khaosod English, The Thaiger