ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချ

0
314
ဓာတ်ပုံ - AA Info Desk

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီနှင့် မိသားစုဝင်များ လက်နက်ချကြောင်း ရက္ခိုင့်တပ်တော် (AA) က ရုပ်သံမှတ်တမ်း ဖြင့် ထုတ်ပြန်သည်။

တပ်မဌာနချုပ်ကို ၁၂ ရက်ကြာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။

ယနေ့ မေလ ၆ရက်တွင် ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီပါဝင်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင် ရာနှင့်ချီလည်း ပါဝင်သည်ကိုလည်း တွေ့ရသည်။

ယင်းအပြင် လက်နက်ချရာတွင် မွတ်ဆလင်များ ပါဝင်သည့် ဓာတ်ပုံနှစ်ပုံကိုလည်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ X အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့ရှိ စကခ (၁၅) တပ်မဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း‌လေးခုတို့ကို သိမ်းယူခဲ့ကြောင်း AA က မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။

ဘူးသီးတောင်ဗျူဟာ လက်အောက်ခံတပ်ရင်း လေးခုကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း ဆိုသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းရှိ တာဝါတိုင်စခန်းကုန်း၊ (၆) မိုင်စခန်းကုန်းတို့အပြင် နခခ-၁ (ကျီးကန်းပြင်) ၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း သိမ်းယူထားနိုင်ကြောင်း ဖော်ပြသည်။

ယင်းအပြင် မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲမြို့များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းမြို့နယ်ထဲက တောဟိန်းတောင်ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။