ဘန်ကောက်တွင် ဓာတ်လိုက်သေဆုံးသော မြန်မာလုပ်သားအမှု နစ်နာကြေး ဘတ်သုံးသိန်းဖြင့် ပြေလည်မှုရ

0
241
ပုံစာ - သေဆုံးအတွက် နစ်နာကြေးရရှိစေရန်တောင်းဆိုသည့် ဆွေမျိုးနှစ်ဦးနှင့် ကူညီဆောင်ရွက်ပေးသည့် WAG က ကိုမုန်တိုင်းတို့ကို တွေ့ရစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေစဉ် ဓာတ်လိုက်သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ်သုံးသိန်းဖြင့် အလုပ်ရှင်နှင့် မိသားစုဝင်များကြား တရားရုံးတွင် ပြေလည်မှု ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အသင်းထံမှ သိရသည်။

ကိုအောင်လွင်ဦးအမည်ရှိ မြန်မာအလုပ်သမားသည် ဧပြီလ ၁၉ ရက်နေ့က SSS & P. Design and Build Construction Co.,LTD ကုမ္ပဏီ၏ ဆောက်လုပ်ရေးခွင်တစ်ခုတွင် သမံတလင်း ပွတ်တိုက်အချောကိုင်သည့် စက်ကိုကိုင်၍ အလုပ်လုပ် နေရာမှ ဓာတ်လိုက်သဖြင့် ဆေးရုံပို့ပြီး တစ်နာရီအကြာတွင် သေဆုံးခဲ့သည်။

ယင်းသို့ သေဆုံးမှုကို နေအိမ်တွင် သေဆုံးသည်ဟု အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်တို့က လိမ်လည်က ဘတ် သုံးသောင်းဖြင့် ကျေအေးရန် လုပ်ဆောင်မှုကို မိသားစုက လက်မခံကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး အသင်း WAG ထံမှ သိရသည်။

မိသားစုက အကူအညီတောင်းခံလာသဖြင့် WAG အသင်းက ကူညီဖြေရှင်းပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သေဆုံးသူ မိသားစုဝင်များနှင့် အလုပ်ရှင်ကြား ဧပြီလ ၂၃ ရက်နေ့တွင် တရားရုံး၌ ညှိနှိုင်းခဲ့ရာမှ အလုပ်ရှင်က နစ်နာကြေး ဘတ် နှစ်သိန်းပေးမည်ဟု ကနဦးပြောကြားခဲ့ကြောင်း WAG မှ ကိုမုန်တိုင်းက ပြောသည်။

သေဆုံးသူသည် အထောက်အထားမရှိသော မြန်မာအလုပ်သမားဖြစ်ပြီး မိဘဖြစ်သူများကလည်း ထိုင်းနိုင်ငံသို့ လာရောက်၍ နစ်နာကြေးထုတ်ယူရန် အခက်အခဲဖြစ်နေသဖြင့် တရားရုံးက နစ်နာကြေး ဘတ် တစ်သိန်းတိုးကာ သေဆုံးသူ၏ မိခင်ဖြစ်သူကို ဘတ်သုံးသိန်း နစ်နာကြေးပေးရန် ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူ့မိခင်ကလည်း အသက်ကြီးပြီ။ ဒီသားအမိနှစ်ယောက်ပဲရှိတော့ ထပ်ပြီး အမှုတွေ မဖွင့်ချင်တော့ဘူး။ ပေးတဲ့ နစ်နာကြေးနဲ့ပဲ ကျေအေးပေးလိုက်တယ်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

နစ်နာကြေး အားလုံးကိုလည်း မိခင်ဖြစ်သူထံသို့ နေ့ချင်းပြီး လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလောင်းကို သင်္ဂြိုဟ်စရိတ်နှင့် ဆေးရုံစရိတ်များကိုလည်း အလုပ်သမားခေါင်းဆောင်ဖြစ်သူက တာဝန်ယူဆောင်ရွက်ပေးခဲ့ ကြောင်း WAG အသင်းထံမှ သိရသည်။

လုပ်ငန်းခွင်အတွင်း သေဆုံးပါက ဥပဒေအရ နစ်နာကြေးရရှိအောင် မြန်မာအလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက အကြံပြုထားသည်။