ရေဖြူတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်ကိုင်ဖုန်းများသိမ်းယူ

0
309

ရေဖြူမြို့အနောက်ကမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများတွင် ညအိပ်ရပ်နားပြီးနောက် ဒေသခံများ၏ လက်ကိုင်ဖုန်းများကို သိမ်းယူသွားသည်ဟု ဒေသခံများထံမှသိရသည်။

အင်အားရှစ်ဆယ်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ လ ၂၂ ရက် နေ့တွင်ရေဖြူ မြို့နယ်ရှိ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းရွာများဖြစ်သည့် သစ်တိုထောင့်ရွာနှင့် ရလိုင်ရွာများသို့ စစ်ကြောင်းထိုးရောက်ရှိနေခြင်းဖြစ်သည်။

ဒေသခံများကို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးပြီးနောက် လုံခြုံရေးအရ ဟုဆိုကာ လက်ကိုင်ဖုန်းများကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။

ကျေးရွာနှစ်ရွာမှ အနည်းဆုံး လက်ကိုင်ဖုန်းအလုံး နှစ်ဆယ်ခန့်နှင့် လူမရှိသည့် နေအိမ်များမှ ငွေသား အချို့ကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

“လူတွေ့တာနဲ့ ဖုန်းတောင်းတယ်။ သူတို့က တစ်ရွာတစ်ညအိပ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားနေတာ ဆိုင်အချို့မှာတော့ ဖောက်ပြီး ရိက္ခာတွေယူသွားတယ် အဖမ်းခံရတဲ့ရွာသားတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ် “ဟု ဒေသခံတစ်ဦးကပြောသည်။

ဧပြီလ ၂၂ ရက်နေ့မှစပြီး ယနေ့အထိ စစ်ကြောင်းဝင်လာသည့် သုံးရက်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမျိုးတော့ မရှိသေးကြောင်း ဒေသခံတိုကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူနဘုလယ်ဒေသ သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးသည်။