လောင်းလုံးရဲစခန်းရှေ့က စစ်ကောင်တပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်

0
378

လောင်းလုံးမြို့မရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်ကို ယနေ့(ဧပြီလ ၂၄ ရက်) နံနက် ခုနစ်နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်အငိုက်ယူကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ရဲစခန်းအရှေ့တွင် ခရီးသည်များကို စစ်ဆေးနေသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။

“(ကမ္ဘာ့ရတနာ)ဘဏ်ဘေးကနေပြီး ပစ်တာ။ စက်သေနတ်လိုဟာမျိုးနဲ့ တရစပ်ပစ်ပြီးတာနဲ့ ဆုတ်သွားကြတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးရဲစခန်းနှင့် ကမ္ဘာ့ရတနာဘဏ်မှာ ကိုက်ငါးဆယ်ကျော်ခန့် ကွာဝေးသည်။

ယင်းအလစ်အငိုက်ပစ်ခတ်မှုတွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိကြောင်း အခြားမြို့ခံတစ်ဦးကဆိုသည်။

“တစ်ချို့က နှစ်ယောက်၊ တစ်ချို့က တစ်ယောက် မြေကြီးထက်မှာ လဲနေတာတွေ့တယ်လို့ ပြောနေကြတယ်”

ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရဲစခန်းထဲဝင်ပြေးသွားကြပြီးနောက် ခဏအကြာတွင် ပြန်ထွက်လာပြီး လာရောက်ပစ်ခတ်သည့်နေရာအနီးရှိ မြို့ခံများကို ခေါ်ယူစစ်ဆေးကာ ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆိုသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။