အာဏာရှင်အောက်က အစိုးမရတဲ့ ခရီးသွား

0
312

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်တွင် တော်လှန်ရေးတပ်များ အားကောင်းလာပြီး ခံစစ်မှ တိုက်စစ်အသွင်ပြောင်းလာမှုနှင့်အတူ တိုက်ပွဲများလည်း ပြင်းထန်လာနေသည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မဖြစ်မနေသွားလာနေရသည့် ခရီးသည်များအဖို့ အန္တရာယ်က လက်တစ်ကမ်းအကွာတွင် ဆီးကြိုနေသည်။

ခရီးသွားရင်း တိုက်ပွဲအတွင်း ပိတ်မိသွားမည်ကိုစိုးရိမ်ကြသလို စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများ၏ ညစ်လုံးအမျိုးမျိုးနှင့်လည်း ရင်ဆိုင်နေကြရသည်။

ထို့အပြင် လမ်းခရီးရှိ စစ်ကောင်စီတပ်ဂိတ်များကလည်း အကြောင်းအမျိုးမျိုးပြ ငွေတောင်းသည့် ဝါးတားဂိတ်များ အပြိုင်အဆိုင်ပေါ်ထွက်လာပြီး ယာဉ်မောင်းများကိုသာမက ခရီးသည်တစ်ဦးချင်းအလိုက် အဓမ္မငွေတောင်းလာကြသည်။

စစ်အာဏာရှင်လက်အောက်တွင် အစိုးမရနိုင်သော အခြေအနေများကြောင့် အသက်ကို ဖက်နှင့်ထုပ်ပြီး သွားလာနေကြရသည်။

ထို့သို့ အမျိုးမျိုးသော ဖိစီးမှုများအောက်တွင် သွားလာနေကြရသည့် ခရီးသည်အချို့၏ စိုးရိမ်မှု၊ ကြိုတွေးပြီး ကြောက်နေရသည့် အခြေအနေများကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက် လိုက်ပါသည်။

“အသက်ပါ အချိန်မရွေးသေနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ကံကိုယုံပြီးတော့ သွားရတဲ့ အခြေအနေဖြစ်နေတာ”

ရန်ကုန်နှင့်ထားဝယ်သို့ ခရီးအမြဲတမ်းသွားလာနေရသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး

DW ။ အခုတလော ရန်ကုန်ခရီးသွားရာမှာ လေယာဉ်နဲ့သွားဖြစ်လား။ ကားနဲ့သွားဖြစ်နေလား။

ဖြေ ။ အခုသွားမယ်ဆိုရင် လေယာဉ်ကိုရွေးရမယ့် အခြေအနေရှိနေတာပေါ့။ ပုံမှန်အားဖြင့်ကတော့ လေယာဉ်နဲ့ပဲ ခရီးသွားရမယ့် အခြအနေဖြစ်နေတယ်ခင်ဗျား။ ဒါပေမဲ့ လေယာဉ်လက်မှတ်ကလည်း ကျပ်တယ်။

DW ။ ဘာဖြစ်လို့ ကားလမ်းခရီးကို မရွေးတော့တာလဲ။

ဖြေ ။ ဘာဖြစ်လို့ ကားလမ်းကို မရွေးတော့တာလဲဆိုရင် ပထမအချက်က အစစ်အဆေးများတယ်။ ဒုတိယအချက်က ဘယ်အချိန်ကို တိုက်ပွဲဖြစ်မယ်ဆိုတာ မသိရဘူးလေ။ အခုကလည်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့ကိစ္စတွေ ရှိနေတယ်။ကိုယ်သွားချင်တဲ့ခရီးကို စိတ်ပူနေရတယ်ပေါ့။

DW ။ လေယာဉ်နဲ့သွားရင်ရော ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။

ဖြေ ။ စိုးရိမ်မှုရှိတာပေါ့။ အခုအချိန်မှာက ဘယ်နေရာမှာပဲနေနေ စိုးရိမ်နေရတာပဲလေ။ ဒါပေမဲ့ လေယာဉ်နဲ့သွားရင် တစ်ခါပဲ စစ်ဆေးတာဆိုတော့ စစ်ပြီးလို့ရှိရင် အိုကေသွားပြီဆို သွားလို့ရသွားပြီ။ ကားနဲ့က ထားဝယ်မြို့ထဲက ထွက်ကတည်းက စစ်လိုက်တာသည် ရန်ကုန်ရောက်တဲ့အထိပဲ။ လေယာဉ်ကတော့ စစ်ဆေးတဲ့ပုံစံက အိတ်တွေကိုစစ် ဘာညာအကုန်လုံး ပုံမှန်လုပ်ငန်းစဉ်အတိုင်းပါပဲ။ တအားကြီး အမည်ထွက်(ဝရမ်း)နေတဲ့သူ မဟုတ်ဘူးဆိုတော့ အခုအခြေအနေက။ ကုန်းလမ်းကဆိုရင် စစ်ဆေးတာများတဲ့အပြင် အသက်ပါ အချိန်မရွေးသေနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ကံကိုယုံပြီးတော့ သွားရတဲ့ အခြေအနေဖြစ်နေတာ။

DW ။ ရန်ကုန်ကိုသွားမယ်ဆိုရင် ဘိုင်အိုစမတ်ကတ်တွေ လိုလားခင်ဗျား။

ဖြေ ။ အခု ကျွန်တော်တော့ မလုပ်သေးဘူး။ ဒါပေမဲ့ တော်တော်များများ ကြားနေရတာပေါ့။ ဒီဘိုင်အိုမက်ထရစ်ကို လမ်းမှာစစ်တယ်လို့ မကြားသေးဘူးခင်ဗျား။ ကားသမားတွေလည်း မလုပ်ခိုင်း(လိုအပ်သည်ဟု မပြော)သေးဘူး ပေါ့လေ။ရပ်/ကျေးထောက်ခံစာကတော့ တစ်ချို့လူတွေက ယူသွားတာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်ရောက်ရင် အချို့မြို့နယ် အချို့ရပ်ကွက်တွေမှာဆို ဧည့်စာရင်းတိုင်ဖို့အတွက် တောင်းတယ်လို့ပြောတယ်။ ရေးမြို့ကဂိတ်တွေမှာလည်း တစ်ခါတစ်လေ တောင်းကြည့်တယ်လို့ ပြောတယ်။

DW ။ သွားတဲ့အချိန်ဆို လမ်းမှာခရီးသည်ကိုယ်တိုင် ပေးရတဲ့လမ်းကြေးက ဘယ်လောက်အထိရှိနေလဲ။

ဖြေ ။ ကားငယ်နဲ့သွားမယ်ဆိုရင် (ကျပ်)နှစ်ထောင်ကနေ ငါးထောင်လောက်အထိရှိတယ်။ တစ်ခါတစ်လေဆိုလည်း နှစ်ထောင် ကားသမားအပေါ်မှာမူတည်တယ်ပေါ့။ ကားအသေးတွေနဲ့ သွားတာကိုပြောတာ။ ရေးတံတားကြီးနဲ့ ရေးမြို့အထွက် စစ်တပ်နားက ဂိတ်မှာ ပိုက်ဆံတောင်းတယ်။

ကားအကြီး(မှန်လုံ)နဲ့ဆိုရင် လူတစ်ယောက် ရန်ကုန်ရောက်တဲ့အထိဆိုရင် နှစ်သောင်းခွဲလောက်တောင်ကျ(ပေးရ)တယ်။ ဒါသည် ရန်ကုန်အရောက်ပဲ။ သူငယ်ချင်းတစ်ယောက်ဆို ရန်ကုန်ကဆင်းလာတာ ခုနှစ်သောင်း ရှစ်သောင်းလောက် ကုန်တယ်။ တစ်ညလည်း လမ်းမှာအိပ်လိုက်ရသေးတယ်ဗျာ။ ရန်ကုန်ကနေ ထားဝယ်အရောက်ဆို ပိုက်ဆံတစ်သိန်း လောက်လိုတယ်။ ပေးဖို့ ကမ်းဖိုးနဲ့ အိပ်ဖို့နဲ့(မှန်လုံကားခ သုံးသောင်းခွဲကျပ် အပါအဝင်) ။ ကားခက ကားအကြီးဆိုရင် (ကျပ်)သုံးသောင်းခွဲ။ ကားအသေးဆိုရင် ခုနစ်သောင်းယူတာရှိတယ် ခုနစ်သောင်းခွဲယူတာရှိတယ်။

DW ။ အာဏာမသိမ်းခင်က ခရီးသွားရတဲ့ အခြေအနေနဲ့ အခုအခြေအနေက စိတ်ထဲဘယ်လိုကွာခြားသွားလဲ။

ဖြေ ။ အာဏာမသိမ်းခင်က ခရီးသွားတယ်ဆိုရင် လန်းလန်းဆန်းဆန်းလေ။ လမ်းမှာလန်းလန်းဆန်းဆန်း ကြည့်ပြီးသွားလို့ရတယ်။ အခုက ကြောက်ပြီးသွားနေရတယ်။ မပြောကောင်း မဆိုကောင်း ဘယ်လိုဖြစ်လာမလဲဆိုတာ အသက်ကို ဖက်နဲ့ထုပ်ပြီးသွားနေရတယ် အခုအချိန်မှာက။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“ကားသမားကတော့ပြော‌တယ်။ ကိုယ့်ကားက ကျည်ကာတဲ့ကားမဟုတ်ဘူး ။ ဒရုန်းနဲ့ဗုံးလာကြဲရင်ရောပါနေမယ် ဂိတ်နဲ့ ဝေးဝေးနေရတယ်လို့ ပြောတယ်”

မလွှဲတောင်ဂိတ်ဖြတ်သန်းခွင့်ပိတ်၍ လမ်းတွင်ညအိပ်ခဲ့ရသည့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသား

DW ။ ပြန်လာတဲ့နေ့က ရန်ကုန်ကနေ မော်လမြိုင်အထိ လမ်းပိုင်း အ‌‌‌ခြေအနေလေး ပြောပြပေးပါလား။

‌ဖြေ ။ အဓိက က မှတ်ပုံတင်ပဲ စစ်တယ်။ ကျွန်တော်နဲ့ အတူတူ ကားပေါ်လာတဲ့သူ ၄ ယောက် မှာ ကျွန်တော်တစ်ယောက်က ထားဝယ်သား။ ကျန် ၃ ယောက်က ဧရာဝတီတိုင်းက။ မှတ်ပုံတင်လည်းမပါကြဘူး။ ရပ်ကွက်ထောက်ခံစာပဲပါတယ်။ မိုင်း(သတ္တုတွင်း)လုပ်သားတွေလို့ ပြောကြတယ်။ ပဲခူးတိုင်းထဲက စစ်တပ်ဂိတ်တစ်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့သူတွေအတွက် (ကျပ်)ငါးသောင်းတောင်းတယ်။ သုံးသောင်း နဲ့ ရသွားတယ် ။ ကျန်တာကတော့ ထွေထွေထူးထူး မရှိဘူး။

DW ။ မော်လမြိုင်အလွန်ကနေ ရေးအထိ လမ်းပိုင်းအခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ အဲဒီအပိုင်းလည်း မှတ်ပုံတင်ပဲ အဓိကတောင်းကြည့်တယ်။ သံဖြူဇရပ် နဲ့ ရေး အကြားက DKBA ဂိတ်မှာတော့ ခရီးသည်တစ်ယောက် (ကျပ်) နှစ်ထောင် ပေးရတယ်။

DW ။ ရေးမြို့ကနေ မလွှဲတောင်ဂိတ်အထိမှာရော ဘယ်လို ဖြတ်သန်းရလဲ ။

ဖြေ ။ ရေးမြို့အလွန် မှာ PDF တွေနဲ့ တစ်နေရာတွေ့တယ် ။ သူတို့ကတော့ ခရီးသည်တွေကို မစစ်ဘူး ။ ကားသမားတွေကိုပဲ မေးတယ် ဘယ်ကလာလဲ ဘယ်သွားမလဲပေါ့ ။ ကားသမားတွေနဲ့ ကွမ်းတွေဘာတွေ လဲစားနေကြသေးတယ်။ ပိုက်ဆံတောင်းတာတော့ မကြုံခဲ့ရဘူး။

DW ။ မလွှဲတောင်မှာ ညအိပ်ခဲ့ရတယ်ဆိုတာက ဘာကြောင့်လဲ ။

ဖြေ ။ ကျွန်တော်တို့ တောင်ခြေဂိတ်နားရောက်တာ ညနေ ၄ နာရီ မတင်း (မထိုးမီ) ရောက်တယ်။ ဒါပေမယ့် ဂိတ်က နေ့လယ်ကတည်းက ပိတ်ထားတယ်ပြောတယ်။ ကားတွေအများစုက ရေးကို ပြန်ဆင်းအိပ်ကြတယ် ။ ရေးမှာ ပြန်အိပ်တာကလည်း အခန်းခတွေ ဈေးကြီးတယ် ။ ကျွန်တော်တို့ကား ကတော့ ပြန်မဆင်းဘူး။ ဂိတ်နားက ဆိုင်မှာပဲ ညအိပ်တယ်။ အဲဆိုင်ပတ်ဝန်းကျင်မှာ ညအိပ်တဲ့ကားကတော့ ဆယ်စီးလောက်ရှိတယ်။

DW ။ အဲဒီတစ်ညကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

ဖြေ ။ ညစာကတော့ မားမားပြုတ်ပဲ ။ ဆိုင်မှာ ထွေထွေထူးထူး ဘာမှမရဘူး။ အိပ်ကြတာကတော့ ကားထဲမှာပဲ အိပ်ကြတယ်။ မနက်ကျတော့ အဲဒီဆိုင်မှာ ထမင်းဆီဆမ်းနဲ့ သရက်သီးသုပ် ရတယ်။၇ နာရီထိုးတာနဲ့ ကားတွေ ပြန်တန်းစီးရတယ်။ ရေးမြို့ကပြန်တက်လာတဲ့ကားတွေပါလာတန်းစီးတော့ အစီးရာနဲ့ချီလိမ့်မယ် ။

DW ။ မလွှဲတောင်ဂိတ် ဖြတ်ရတဲ့ အခြေအနေကရော ဘယ်လိုလဲ ။

ဖြေ ။ ကားတွေက ဘယ်ညာ လမ်းအပြည့်ပဲ။ တဖြည်းဖြည်းချင်းပေးဖြတ်တယ် ။ ကျွန်တော်တို့ဖြတ်တဲ့ အချိန်ကတော့ ကားတွေများလို့လားမသိဘူး သိပ်မစစ်ဘူး ။ လမ်းပိုင်းမှာ မှတ်ပုံတင်မပါလို့ ပိုက်ဆံအတောင်းခံရတဲ့လူတွေတောင် လျောလျောလျူလျူပဲ ဖြတ်ရတယ်။

DW ။ မလွှဲတောင်အလွန် လမ်းပိုင်းမှာရော ဘာတွေမြင်ရသေးလဲ ။

ဖြေ ။ ကျွဲတလင်း နဲ့ လော့သိုင်းကြားမှာ တာယာဆိုင်တစ်ဆိုင်ကတော့ မီးလောင်ပြာကျပြီး မီးခိုးထွက်နေသေးတာ တွေ့ရတယ်။ ပြီးတော့ လမ်းဘေးက ခြံတဲတွေ မီးစွဲထားတယ် တွေ့တယ်။ ကျန်တာကတော့ပုံမှန်ပဲ။

DW ။ မလွှဲတောင်မှာ တစ်ညအိပ်ခဲ့ရတဲ့ စိတ်ခံစားချက်က ဘယ်လိုရှိလဲ ။

ဖြေ ။ ကိုယ်ကတော့ ထားဝယ်သားအိမ်ပြန်။ ပြန်ရင် အိမ်တန်းရောက်ချင်တာပဲ။ ဒါပေမဲ့ တစ်ညအိပ်လိုက်ရတော့ အတွေ့အကြုံအသစ်တခုရတာပေါ့ ။ ရေမချိုးရဘဲ ညအိပ်လိုက်ရတာပဲ စိတ်ညစ်တယ်။ ကျန်တာတော့ သိပ်မခံစားမိဘူး။

DW ။ ညအိပ်တဲ့ရက်က စိုးရိမ်စိတ်ရော မရှိဘူးလား ။

ဖြေ ။ စိုးရိမ်တယ်ဆိုတာထက် စိတ်ညစ်တာပဲရှိတယ်။ ဒါပေမဲ့ ကားသမားကတော့ပြော‌တယ်။ ကိုယ့်ကားက ကျည်ကာတဲ့ကားမဟုတ်ဘူး ။ ဒရုန်းနဲ့ဗုံးလာကြဲရင်ရောပါနေမယ် ။ ဂိတ်နဲ့ ဝေးဝေးနေရတယ်လို့ ပြောတယ်။ စိတ် ကသိသအောက် ဖြစ်တာပဲရှိပါတယ်။ သိပ်တော့မစိုးရိမ်ပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“မသင်္ကာတဲ့ ခရီးသည်တွေဆိုရင် အောက်ကို ခေါ်စစ်တယ်။ကျွန်မရှေ့မှာဆို ကောင်လေး နှစ်ယောက်ကို ရိုက်တာ ကြည့်မရက်ဘူး”

ရန်ကုန်မှ ထားဝယ်သို့ ပြန်လာသည့် တနင်္သာရီတိုင်းသူတစ်ဦး

DW ။ ရန်ကုန်-ထားဝယ်လမ်းကြောင်းမှာ ခရီးသည်တစ်ဦးအနေနဲ့တွေ့ကြုံရတာလေးပြောပြပါ။

ဖြေ ။ ရန်ကုန်ကနေ သံဖြူဇရပ်အထိ ဘာမှမပေးရဘူး။ သံဖြူဇရပ်ကနေ ထားဝယ်အထိကတော့ ပိုက်ဆံပေးရတယ်။ ခရီးသည်တစ်ယောက် နှစ်သောင်းလောက်ပေးရတယ်။ ၆ မျဉ်းစောင်း(တနင်္သာရီတိုင်းမှတ်ပုံတင်) ကိုင်ဆောင်ထား သူတွေ လက်ညိုးထောင်ဆိုပြီး ပေးရတယ်။

DW ။ လမ်းခရီးမှာရော အခြားအခက်အခဲတွေ ဘာတွေရှိသေးလဲ။

ဖြေ ။ စစ်ဆေးတာပေါ့ ။ရေး မှာဆို တော်တော်ဆိုးတယ်။ ထောက်ခံစာမရှိရင် ပိုက်ဆံပဲ ။ မှတ်ပုံတင်တစ်ချပ်တည်းနဲ့ ပြီးမသွားဘူး။ အရင်နဲ့ ဘာမှမဆိုင်ဘူး ။မသင်္ကာတဲ့ ခရီးသည်တွေဆိုရင် အောက်ကို ခေါ်စစ်တယ်။ကျွန်မရှေ့မှာဆို ကောင်လေး နှစ်ယောက်ကို ရိုက်တာ ကြည့်မရက်ဘူး။ရင်ဘတ်မှာ နွေဦး တော်လှန်ရေးတက်တူးထိုးထားတာ တွေ့သွားတယ်။ ဘယ်ညာရိုက်တာ ။သူတို့နှစ်ယောက်ကိုတော့ ပြန်မလွှတ်တော့ဘူး ဂိတ်မှာခေါ်ခဲ့တယ်။

DW ။ အဲဒီလိုမြင်ရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ကြောက်သွားတယ်။ နောက် ကားနဲ့ခရီးသွားချင်စိတ် မရှိတော့ဘူး ။

DW ။ တစ်ခြား ဘာအခက်အခဲရှိသေးလဲ။

‌ဖြေ ။ ရှိတာပေါ့ ။ ရန်ကုန် ထားဝယ်လမ်းပိုင်းတောင် လမ်းမှာ နှစ်ညအိပ်ရတာ ။ရေးမှာ တစ်ည မလွဲတောင်ခြေမှာ တစ်ည အိပ်လိုက်ရတယ် ။မလွဲတောင်ဂိတ်က မလွှတ်လို့။အဲဒီမှာဆိုရင် လမ်းဘေး ဆင်းအိပ်ရတာ။ တောထဲ ပူတာလည်း မပြောနဲ့။ ကျွန်မဆိုကားပေါ်မှာပဲ အိပ်လိုက်တော့တယ်။ ပူလည်း ပူစေတော့ဆိုပြီး ။မိန်းကလေး တစ်ယောက်အတွက်က မလုံခြုံဘူးလေနော်။ခရီးစရိတ်လည်း သာမန်ထက်ပိုကုန်တယ်။အရင်ကလမ်းစရိတ်ပဲရှိတာ။ အခုက ဂိတ်ကြေးပါပေးနေရတာ ။

DW ။ ကျေးဇူးတင်ပါတယ်။