ငွေမပါရင် ရုံးပြင်ကနားသွားမှ သိမယ်

0
862

ဘာလုပ်လုပ် ငွေလမ်းခင်းမှ အလုပ်တွင်တဲ့ ခေတ်ကို ပြန်ရောက်လာပြီ။

စစ်ကောင်စီလက်အောက်မှာ ဧည့်စာရင်းတိုင်တာ၊‌ ကလေးမွေးစာရင်း လုပ်တာ၊ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်လုပ်တာ၊ လိုင်စင်တွေလုပ်တာ၊ လုပ်ငန်းတွေလုပ်တာစတဲ့ အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရတဲ့ လုပ်ငန်းအားလုံးဟာ လာဘ်ငွေပေးမှ လိုရာရောက်တဲ့ခေတ်၊ ပွဲစားနဲ့လုပ်မှ တိုးပေါက်တဲ့ခေတ်ရောက်လာတာပါ။

ခရီးသွားမယ်ဆိုရင်လည်း များပြားလှတဲ့ စစ်ဆေးရေးဂိတ်တွေကို ငွေပေးမှ ဖြတ်လို့ရတော့တဲ့ အခြေအနေသို့ ရောက်ရှိနေပါတယ်။

အာဏာသိမ်းမှုကြောင့် စီးပွားရေးတွေ ကျပ်တည်းနေချိန် ပြည်သူတွေရဲ့ နိစဓူဝ လုပ်ငန်းဆောင်တာတွေမှာ လာဘ်ငွေပေးမှ အလုပ်လုပ်လို့ ရတော့တာကြောင့် ဝန်ထုပ်ဝန်ပိုးက ပိုကြီးလာတယ်။ မြေတစ်ကွက်ဝယ်တာ အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးခ ငွေကျပ် သိန်းချီပေးရသလို လျှပ်စစ်မီတာ ရဖို့လည်း သိန်းချီ လာဘ်ထိုးရတာတွေ ပြည်သူတွေ ကြုံနေရပါတယ်။

နောက်တစ်ခါ အာဏာအလွဲသုံးစားလုပ်ပြီး လုပ်ငန်းတွေ တရားမဝင် ခွင့်ပြုနေတာတွေကြောင့် နိုင်ငံနဲ့ ပြည်သူတွေ နစ်နာမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေကို သိရှိနိုင်စေရန် အခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဖော်ပြပေးလိုက် ပါတယ်။

“ဘာပဲလုပ်လုပ် ငွေပါမှပဲရတော့တယ်”

ဒေါ်သီသီ (အမည်လွှဲ) ထားဝယ်မြို့ခံ

DW ။ အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာတွေကို လာဘ်ပေးရတာတွေ အမြဲတမ်းကြုံရတယ်။ ကိုယ်တိုင်ကြုံရတာရှိလား။

ဖြေ ။ ကျွန်မကိုယ်တိုင်ကတော့ အဲဒီလိုမျိုးပေးဖူးတာ မရှိဘူး။ ပွဲစားတွေကတဆင့်ပဲ သွားရတယ်။ သူတို့ (ဌာနဆိုင်ရာဝန်ထမ်း) တွေက သူစိမ်းတွေကိုဆို မယုံဘူးလေ။ သူတို့နဲ့ တွဲလုပ်နေကြသူတွေကတစ်ဆင့်ပဲ ပိုက်ဆံပေးရတယ်။

DW ။ ဘယ်လိုပေးရတာလဲ။ ဘယ်ဌာနတွေပါလဲ။

ဖြေ ။ ဘယ်ဌာနလဲဆိုတော့ အစုံပဲပေးရတာကတော့။ ပိုက်ဆံမပေးဘူးဆိုရင် မရဘူးတော့ မဟုတ်ဘူးပေါ့နော်။ ကြာမယ်ပေါ့။ လျှပ်စစ်ရုံးမှာ မီတာကျ‌ဖို့ဆိုလို့ရှိရင် ပိုက်ဆံနှစ်သိန်းခွဲကြိုပေးရတယ်။ ပွဲစားကနေ ပေးရတာ။ မီတာက မရှိဘူး။ လျှောက်တဲ့သူကများနေတော့ ပိုက်ဆံများများပေးရင် ပေးတဲ့သူအရင်ရတာလို့ ပြောတယ်။ သူက ဈေးအမျိုးမျိုး ရှိတယ်။ ကျွန်မကတော့ မြန်မြန်ရချင်လို့ (ကျပ်) ၂ သိန်းခွဲနဲ့ လုပ်လိုက်တယ်။ အဲဒါတောင် တစ်လလောက်ကြာမှ ရမယ်ပြောနေတယ်။

DW ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုရော ပိုက်ဆံပေးရသေးလား။

ဖြေ ။ အိမ်ဆောက်ရာမှာတော့ သူ့ကိုမပေးရတော့ဘူး။ မြေဝယ်တုန်းကပဲ ပေးရတယ်။ မြေဝယ်တုန်းကလား စာချုပ်ထဲမှာ မြေဈေးဖော်ပြထားတော့ အဲဒီဈေးကိုကြည့်ပြီး ရာခိုင်နှုန်းသဘောမျိုး ပေးရတယ်။ ကျွန်မတုန်းကတော့ (ကျပ်) ခုနစ်သိန်းခွဲ ပေးရတယ်။ အရက်ဖိုးတွေ၊ ဆိုင်ကယ်ဆီဖိုးတွေ မပါသေးဘူး။ အဲဒါစာချုပ်ချုပ်ခအတွက်သက်သက်။ အဲဒါလည်း (မြေ) ပွဲစားနဲ့ စာချုပ်ကိစ္စပိုက်ဆံသွားရှင်းတော့ အုပ်ချုပ်ရေးမှူးကိုက ဘယ်လောက်ပေးရတယ်ဆိုပြီး စာရင်းနဲ့ပြတာ။ သူကမယုံရင် ဖုန်းဆက်မေးဆိုပြီး ဖုန်းနံပါတ်ပါပေးတယ်။ သူများတွေမေးကြည့်တော့လည်း အဲဒီလိုပဲပေးရတယ်တဲ့။ ပိုက်ဆံပေးလိုက်တော့ ရပ်ကွက်ထဲမှာ တစ်ခုခုဆို ပြောရဆိုရလွယ်သွားတာပေါ့နော်။ မြေစာရင်းရုံးသွားမယ်ဆိုလည်း (အုပ်ချုပ်ရေးမှူး) သူလိုက်ပေးတယ်။ ဧည့်စာရင်းတိုင်ဆိုလည်း မျက်နှာမငယ်ရတော့ဘူးပေါ့။

DW ။ (အိမ်ဆောက်ဖို့) တခြားဌာနတွေကိုလည်း ပေးရသေးတာဆိုတော့ အားလုံး ပိုက်ဆံဘယ်လောက်ကုန်လဲ။ ဌာနဆိုင်ရာတွေကို ပေးတဲ့ပိုက်ဆံ။

ဖြေ ။ အားလုံးဆိုရင်တော့ (ကျပ်သိန်း) ၃၀ နဲ့ ၅၀ ကြားရှိမယ်။ ဘာဖြစ်လို့လည်းဆို စည်ပင်မှာလည်း အိမ်ဆောက်လုပ်ခွင့် မြန်မြန်ကျဖို့ ပေးရတာနဲ့။ မြေစာရင်းဌာနမှာပေးရတာနဲ့။ လျှပ်စစ်ရုံးမှာနဲ့ အကုန်ပေါင်းလိုက်ရင် အဲဒီလောက်ရှိသွားပြီ။ နောက်ထပ်ဘာတွေပေးရဖို့ကျန်သေးလဲ မသိသေးဘူး။ အိမ်ခွန်လည်းဆောင်ရအုံးမယ်ပြောနေတယ်။ အိမ်ခွန်ဆောင်မှ အိမ်နံပါတ်ထွက်မှာတဲ့။ အဲဒါကျန်သေးတယ်။

DW ။ ဒီလိုမျိုးအဆင့်ဆင့်ကို ငွေပေးပြီးဖြေရှင်းနေရတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ဘယ်လိုမြင်လည်းဆို ကျွန်မတို့မှာ ပိုက်ဆံပိုကုန်ကျများတာပေါ့နော်။ သူတို့က ကျွန်မတို့လိုမျိုး လူတွေဆီကနေ ပိုက်ဆံဘယ်အပေါက်ကထွက်လာမလဲပဲ။ ထွက်ရင် ထွက်တဲ့အပေါက်ကနေ ရသလောက်ကို ယူကြတာ။ တော်တော်လေးကို အဖြစ်ဆိုးနေတယ်။ ဒါပေမဲ့ မလုပ်ဘဲလည်း မရဘူး‌ အခုခေတ်မှာက။ သူများတွေအားလုံးက အဲဒီလိုပဲလုပ်နေကြတာ။ ကိုယ့်တစ်ယောက်တည်းမလုပ်ဘဲ‌နေလို့မရတော့ဘူးလေ။

DW ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အခုဆိုရင် မြေဈေးတွေကကြီးနဲ့ အိမ်တစ်ဆောင်ဆောက်ဖို့ မလွယ်ဘူး။ တော်တော်ကုန်ကျများတယ်။ ကြားထဲမှာလည်း ဟိုပေးရ ဒီပေးရနဲ့က ရှိသေးတယ်။ အိမ်တံခါးပေါက်လုပ်တာတောင် မနည်းကုန်တယ်။ သူတို့မှာလည်း သစ်ဝယ်သယ်ရင် လမ်းကြောင်းရှင်းနေရလို့ ဈေးကြီးသွားတာလို့ပြောကြတယ်။ အဲဒီလိုမျိုးတွေပေါ့နော်။ အခုက ဘာပဲလုပ်လုပ် ငွေပါမှပဲရတော့တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပိုက်ဆံမပေးရင် ခင်ဗျားကို ဟိုလိုလိုဒီလိုလိုနဲ့ အချိန်ဆွဲထားလိမ့်မယ်”

ထားဝယ်မြို့ခံ အထွေထွေဝန်ဆောင်မှု ပွဲစားတစ်ဦး

DW ။ ပွဲစားလုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ အာဏာသိမ်းပြီးမှ စလုပ်တာလား။

ဖြေ ။ ကြာပြီလုပ်နေတာ။ ငါးနှစ်၊ ဆယ်နှစ်လောက်ကိုရှိနေပြီ။ အရင်တုန်းကတော့ Passport တို့၊ ဆိုင်ကယ်တို့လောက်ပဲ လုပ်တာ။ အခုကတော့ အစုံရတယ်။ ရုံးနဲ့ဆိုင်တာဆိုရင် ကလေးမွေးစာရင်းကအစ လုပ်ပေးတယ်။

DW ။ အာဏာသိမ်းပြီး‌နောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လာဘ်ငွေယူတဲ့အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ အဲဒါကပြောနေစရာကိုမလိုဘူး။ သူတို့ခေတ်။ သူတို့လက်ထဲမှာရှိတယ်။ တစ်သိန်းဆိုလည်းဟုတ်ကဲ့။ နှစ်သိန်းဆိုလည်း ဟုတ်ကဲ့ပဲ။ ကိုယ်မကြိုက်ရင် မလုပ်နဲ့ ဒါပဲရှိတယ်။ ပိုက်ဆံမပေးရင် ခင်ဗျားကို ဟိုလိုလိုဒီလိုလိုနဲ့ အချိန်ဆွဲထားလိမ့်မယ်။ အခုချိန်ခင်ဗျား အကျိုးဆောင်နဲ့ မလုပ်ရင်တိုးပေါက်မှာတောင်မဟုတ်ဘူး။ မယုံရင် (ထားဝယ်) လဝကရုံးမှာလာကြည့်။ ပွဲစားတွေက သူတို့အတွက် ဘာညာဘာညာတွေ ဖန်ပေးနေတာဆိုတော့ မြန်မြန်တယ်။ ငါတို့ လုပ်‌ကျွေးထားတဲ့ဟာနဲ့ ထားဝယ်က လဝက ဝန်ထမ်းမိန်းမတွေဆိုရင် ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ ဖြစ်ကုန်ပြီ။ အဲဒီလောက်ဆိုရင် သဘောပေါက်တော့။

DW ။ ဘယ်ဌာနကို ဘယ်လိုပေးရလဲ။

ဖြေ ။ အဲဒါတော့ကိုယ့်လူရေ့ မလုပ်ပါနဲ့။ တော်ကြာ ငါပါဂွိသွားမယ်။ တခြားသိချင်တာမေးရတယ်။ အဲဒီတစ်ခုတော့ ချမ်းသာပေးပါ။

DW ။ အခုနက‌ပြောတဲ့ ကလေးမွေးစာရင်းတောင်ပွဲစားနဲ့ လုပ်တာလား။ အရင်ကမကြားဖူးဘူး။

ဖြေ ။ အဲဒါက ထိုင်းကနေ လာလုပ်ကြတာ။ ရှမ်းမွေးတွေ (ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ကလေး) အဓိကလုပ်ပေးရတာ။ ဘယ်ဆေးရုံမှာမွေးတယ်။ မိဘမှတ်ပုံတင်၊ အိမ်ထောင်စုတွေအဲဒါတွေပြနိုင်ရင် ဒီမှာမွေးစာရင်းလုပ်လို့ရတယ်။ လုပ်ချင်ရင် တယ်လီဂရမ်ကနေပြီး အချက်အလက်တွေပို့လိုက်။ အားလုံးအိုကေတယ်။ အဲဒါပြောတာ။ ဒါက လူတိုင်းလုပ်လို့ရတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ လူတွေက ကိုယ်တိုင်မလုပ်ချင်ကြဘူးလေ။ သူတို့ကိုယ်တိုင်ဆို ဟိုရုံးဝင်ဒီရုံးထွက် မလုပ်ချင်ဘူးလေ။ ငါတို့ကကျတော့ လူကိုယ်တိုင်သွားစရာတောင်မလိုဘူး။ တယ်လီဂရမ်ကနေ ပို့လိုက်ရင်ရပြီ။ လကုန်ရင် ဘယ်နှယောက်စာအတွက် ဘယ်လောက်ဆိုပြီး သွားရှင်းပေးရင်ရပြီ။

DW ။ ဌာနဆိုင်ရာဝန်ထမ်းတွေ လာဘ်‌လာဘတွေ ယူနေတာနဲ့ပတ်သတ်ပြီး ဘယ်လိုမြင်လဲ။

ဖြေ ။ လူဆိုတာက ရလေလိုလေပဲလေ။ သူ့ခေတ်ရောက်နေတော့လည်း သူ‌ပြောတိုင်းအတိုင်းပဲပေါ့။ အရင်တုန်းကလိုမျိုး ထစ်ကနဲရှိ တိုင်မယ်၊ တောမယ်ဆိုတဲ့သူလည်းမရှိဘူး။ တိုင်လည်းထူးမှာမဟုတ်ဘူး။ တိုင်လို့အရေးယူမယ်ဆိုရင် တစ်ယောက်မှကျန်မှာလည်း မဟုတ်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ပြည်သူပိုင်ပစ္စည်းကို သူတို့ပိုင်ပစ္စည်းမျိုးလုပ်ပြီး လုပ်ချင်တိုင်းလုပ်နေကြတာ”

ရေဖြူမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦး

DW ။ ရေဖြူဘက်က တရားမဝင်ခဲ‌တူးဖော်တာတွေ အများကြီးရှိတယ်ကြားတယ်။ ဘယ်လိုပုံစံနဲ့ တူးနေကြတာလဲ။

ဖြေ ။ အဓိကကတော့ ပျူစောထီးတွေနဲ့ ပေါင်းပြီး‌တူးတာပေါ့။ ပျူစောထီး‌ရယ် ပြီးတော့ အုပ်ချုပ်ရေးမှူးတွေပေါ့။ သူတို့ကို ပိုက်ဆံပေးပြီးတူးကြတာပေါ့။

DW ။ ဘယ်နေရာတွေမှာ တူးနေကြတာလဲ။

ဖြေ ။ တူးနေကြတာကတော့ အများကြီးပဲ။ ကျွန်မသိတာကတော့ မင်းသား ပါမယ်၊ ကျွဲသုံးညီမ ပါမယ်၊ အုန်းပင်ကွင်းပါမယ်။ အဲဒီရွာတွေမှာ တူးကြတယ်။

DW ။ အုပ်ချုပ်ရေးမှူးတွေကို ဘယ်လောက်ပေးရလဲဆိုတာသိလား။

ဖြေ ။ တိတိကျကျတော့မသိဘူး။ ကြားရတာကတော့ တစ်ကွက်ကို (ကျပ်) ငါးသိန်း၊ ဆယ်သိန်း အစားစားပေးရတယ်ပြောသံကြားတယ်။ ခဲရရင် ရတဲ့အပေါ်မူတည်ပြီး ပြန်ပေးရသေးတယ်တဲ့။

DW ။ အဲဒီခဲတူးနေတဲ့ရွာတွေနားမှာ မောရဝတီရေတပ်ရှိတယ်လေ။ ရေတပ်ကအရေးမယူဘူးလား။

ဖြေ ။ မောရဝတီကလည်း ကြံရာပါပဲလေ။ ဒီနေရာတွေက ရေတပ်က အချိန်မရွေးဝင်ထွက်သွားလာ လက်လက်လှမ်းမီတဲ့ ဒီနေရာမျိုးမှာ အုပ်ချုပ်ရေးမှူးတွေက သူ့သဘောနဲ့သူ ခွင့်ပြုချက်ပေးရဲပါ့မလား။ သူတို့ (မောရဝတီရေတပ်) ကလည်း ရနေလို့သာပဲ ပေါ်တင်တူးရဲတာပေါ့။

DW ။ ဖမ်းတာဆီးတာ၊ စစ်ဆေးတာ ‌မောရဝတီရေတပ်က မလုပ်ဘူးလား။

ဖြေ ။ လုပ်တော့လုပ်တယ်။ ဟန်ပြမျှပဲ။ သူတို့ကဖမ်းမယ်ဆိုရင် ကြိုပြီးရှောင်ခိုင်းလိုက်တာ။ ပစ္စည်းတွေပဲမိတယ်။ လူတစ်ခါမှမမိဘူး။

DW ။ လာဘ်ထိုးပြီး တရားမဝင်ခဲတူးနေတာနဲ့ပတ်သတ်ပြီး ဘာပြောချင်တာရှိလဲ။

ဖြေ ။ အခုခဲလာတူးတဲ့သူတွေက ဒေသခံတွေမဟုတ်ဘူး။ မြိတ်ဘက်ကလည်းပါတယ်။ ရန်ကုန်က ဆရာဝန်တစ်ယောက်လည်းပါ‌တယ်။ သူတို့က ရပ်ရွာကို အလှူငွေတွေထည့်နေကြတော့ ဒေသခံတွေကလည်း ဘာမှမပြောကြဘူး။ ပြောလို့လည်း မရဲဘူးလေ။ ဒီဘက်မှာက ပျူစောထီးပေါတယ်။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ပျူစောထီးတွေလည်းရကြတယ်။ အလုပ်မရှိတဲ့သူတွေက ပျူစောထီးဝင်လုပ်ကြတာလည်းရှိတယ်။ သူတို့က ခေါ်နေတာကိုး။ ဒီပစ္စည်းတွေ (သတ္တုတွင်းထွက်များ) က ပြည်သူပိုင်ပစ္စည်းတွေ။ ပြည်သူပိုင်ပစ္စည်းကို သူတို့ပိုင်ပစ္စည်းမျိုးလုပ်ပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အခုတူးနေကြတာက ရွာသားတွေ ခြံတွေလည်းပါ၊ လယ်တွေလည်းပါနေကြတယ်။ စက်ကြီးတွေနဲ့ မတရားကိုတူးကြတာ။ ဒီအတိုင်းလွှတ်ပေးထားရင် ကျန်တော့မှာမဟုတ်ဘူး။ PDF တွေလည်း ထိထိရောက်ကိုင်တွယ်စေချင်တယ်။ အဲဒါနဲ့ပတ်သတ်ပြီး။

DW ။ ကျေးဇူးတင်ပါတယ်။