လောင်းလုံး စမ်းလှမ်းရွာတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

0
417
ပုံစာ - ဦးအောင်ခင်ထံက သိမ်းဆည်းရမိသည့် ပစ္စည်းများ။ ဓာတ်ပုံ - LLPDF

လောင်းလုံးမြို့နယ် ၊ စမ်းလှမ်းရွာတွင် နေထိုင်သည့် ပျူစောထီးဦးအောင်ခင် ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက် ညက ပစ်သတ်လိုက်ကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။

ဦးအောင်ခင် သည် လောင်းလုံးဒေသခံမဟုတ်ဘဲ ရန်ကုန်တိုင်းမှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်ပြီး စမ်းလှမ်းရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း လောင်းလုံး ပကဖ ကသိမ်းဆည်းရမိသည့် ၎င်း၏ကိုယ်ရေးမှတ်တမ်းများအရ သိရသည်။

“သူ( ဦးအောင်ခင်) ကကြာပြီ ပြည်သူ့စစ်ဆိုပြီးလုပ်နေတာ။ ဟိုးအရင်ကတည်းက။ သူ့မှာလက်နက်ရှိတယ်တယ်လေ။ လှေတွေမှာပိုက်ဆံကောက်တာလည်းသူပဲ။ အရင်တုန်းက သူ့ကိုတစ်ခါလာပစ်ဖူးသေးတယ်။ အဲဒီတုန်းကတော့ လွတ်သွားတယ်” ဟု စမ်းလှမ်းရွာသူတစ်ဦးကပြောသည်။

ဧပြီလ ၁၅ ရက်မနက်ပိုင်းတွင်မူ စမ်းလှမ်းရွာနှင့် ပတ်ဝန်းကျင်ရွာများတွင် ရွာသားများပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသည်ဟု အောက်ရေဖြူ ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်ခင်ထံမှ ၎င်း၏ သက်သေခံကတ်ပြားများအပြင် စစ်ဝတ်စုံတစ်စုံ ၊ လက်ပစ်ဗုံး တစ်လုံး နှင့် ဓား ၂ ချောင်းသိမ်းဆည်းရမိကြောင်း လောင်းလုံး ပကဖ က ဓာတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်သည်။