မွန် မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်

0
242
ပုံစာ - ချောင်းဆုံ၌ ပရဟိတအဖွဲ့တို့က ဧပြီလ ၂၉ ရက်တွင် လာရောက်ရေလှူဒါန်းစဉ်။ Photo - ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသည့် ပရဟိတအဖွဲ့တို့ထံမှ သိရသည်။

မော်လမြိုင်၊ ဘီလူးကျွန်း၊ ပေါင်၊ ဘီးလင်း စသည့် မြို့နယ်တို့တွင် သောက်သုံးရေ ရှားပါးနေပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် နေရာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောသည်။

“အဓိက ပင်လယ်ကမ်းစပ်ကရွာတွေ ရေလိုအပ်ချက်ရှိတယ်။ အဓိက သောက်ရေ ပြီးတော့ ချက်ပြုတ်ဖို့အတွက်ရေ လိုအပ်တယ်။ ပင်လယ်ကမ်းစပ်ဖြစ်တော့ သွားလာရေးကလည်း အခက်အခဲရှိကြတယ်။ ရေလှူတဲ့အဖွဲ့တွေကလည်း မရောက်” ဟု ရေလိုအပ်နေသည့် ရပ်ကွက်၊ ကျေးရွာတို့ကို အခမဲ့ လိုက်လံရေဖြန့်ဝေပေးနေသူတစ်ဦးက ဆိုသည်။

ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းရေကန်များ ခန်းခြောက်လာသလို ရေတွင်းရေကန် တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ရပ်ကွက်၊ ကျေးရွာတို့တွင်လည်း သောက်သုံးရေ စတင်ပြတ်လာ ကြောင်း ဒေသခံများနှင့် အကူအညီပေးနေသည့် ပရဟိတအဖွဲ့တို့က ဆိုသည်။

လက်ရှိတွင် သောက်သုံးရေ ပြတ်လပ်နေသည့်နေရာတို့ကို ပရဟိတအဖွဲ့တို့က သွားရောက်ရေလှူဒါန်းပေးနေပြီး အချို့ အလှူရှင် မရောက်သည့်နေရာတို့တွင် ‌စျေးကြီးပေး ဝယ်သုံးနေရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ရေလာလှူပေးတဲ့လူတွေ မရောက်တဲ့နေရာမှာဆို ရေဝယ်သုံးနေရတာတွေလည်း ရှိတယ်။ ရေ တစ်တိုင်ကီကို (ကျပ်) ၅၀၀၀ လောက်အထိ ပေးဝယ်နေရတယ်” ဟု ဘီလူးကျွန်းဒေသခံတစ်ဦးက ပြောသည်။

မော်လမြိုင် မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း သောက်သုံးရေ ပြတ်လပ်လာပြီး ပရဟိတအဖွဲ့တို့က လာလှူပေးနေသော်လည်း လုံလောက်မှုမရှိသည့်အတွက် ဝယ်သုံးနေရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“တစ်လလောက်ရှိပြီ ရေပြတ်နေတာ။ သောက်ရေရော၊ သုံးရေရောပဲ။ လာလှူပေးတာရှိပေမယ့်လည်း မလောက်တော့ ဝယ်သုံးနေရတယ်။ မြို့ပေါ်မှာဆိုတော့ ရေဝယ်ရတာ လွယ်ပေမယ့် ‌စျေးကြီးတယ်။ တစ်ကားဆို သောင်းကျော်ပေးရတယ်” ဟု ၎င်းက ပြောသည်။

သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ရပ်ကွက်၊ ကျေးရွာတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့အစည်းတို့က ရေလိုက်လံဖြန့်ဝေပေးနေသလို သက်ဆိုင်ရာ မီးသတ်ဌာနကလည်း ဖြန့်ဝေနေကြောင်း ဒေသခံတို့က ဆိုသည်။

အာဏာမသိမ်းမီက သောက်သုံးရေပြတ်လပ်လေ့ရှိသည့် ရပ်ကွက်၊ ကျေးရွာတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကူညီပေးလေ့ရှိခဲ့သော်လည်း လက်ရှိတွင်မူ ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။