စစ်အာဏာရှင်လက်ထက် ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ‘မေဒေး’

0
330

၁၉ ရာစုဝန်းကျင်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ မည်သည့်အခွင့်အရေးမှ မရရှိဘဲ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။

ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော်လည်း လူ့ဂုဏ်သိက္ခာနှင့် လျော်ညီစွာ လုပ်ကိုင်ခွင့်၊ ခံစားခွင့်မရှိကြဘဲ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။

ယင်းအခြေအနေများကို တွန်းလှန်ကာ ဗြိတိသျှ လူမှုပြုပြင်ပြောင်းလဲရေး တွေးခေါ်ပညာရှင် ရောဘတ်အိုဝင်ရဲ့ ”၈ နာရီအလုပ်လုပ်၊ ၈ နာရီအပန်းဖြေပြီး ၈ နာရီအနားယူ” ဆိုသည့် အယူအဆကို ဖော်ဆောင်နိုင်ရေး တိုက်ပွဲဝင်ခဲ့ကြရသည်။

တစ်ရက် ၈ နာရီသာ အလုပ်လုပ်ကာ လူတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်၊လုပ်ကိုင်ခွင့်များ၊ အကျိုးခံစားခွင့်များရရှိရန် တော်လှန်ပြောင်းလဲခဲ့ကြသည်။

ယင်းသို့ပြောင်းလဲနိုင်ရန် အစပြုခဲ့သည့် မေလ ၁ ရက်နေ့ကို မေဒေးနေ့(အလုပ်သမားနေ့)အဖြစ် သတ်မှတ်ကာ အလုပ်သမားများကို ဂုဏ်ပြုခဲ့ကြသော်လည်း စစ်အာဏာရှင်အောက်က မြန်မာနိုင်ငံသားများအတွက်မူ ၁၉ ရာစုက အခြေအနေမျိုးကို ပြန်လည်ရင်ဆိုင်နေကြရသည်။

စစ်အာဏာသိမ်းပြီးနောက် အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသာ မြန်မာနိုင်ငံသားများမှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ အများအပြားရွှေ့ပြောင်း ဝင်ရောက်နေကြသည်။

ထိုင်းနိုင်ငံအတွင်း ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေအတွက်မှာ သန်းချီရှိနေပြီဖြစ်သည်။

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက်ပိုင်း တိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားအများစုမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်အလုပ်လုပ်ခွင့် အထောက်အထား တစ်စုံတရာ မရှိကြဘဲ တရားမဝင် နေထိုင်လုပ်ကိုင်နေကြရသည်။

ထိုသို့သော အခြေအနေတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ခပ်စိပ်စိပ်တွေ့လာရသည်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားအများစုမှာ ပန်းရံ၊ စက်ရုံအလုပ်ရုံ၊ သန့်ရှင်းရေး၊ အိမ်အကူ စသည့် အောက်ခြေသိမ်း အလုပ်ကြမ်းများကိုသာ လုပ်ကိုင်နေရသည်။

ထိုင်းအစိုးရက ခရိုင်အလိုက်သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ မရသူများ၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် အချိန်ပိုကြေးမပေးလိုသည့် ထိုင်းအလုပ်ရှင်များလည်း ရှိနေသည်။

စစ်အာဏာရှင်လက်ထက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများဘက်က ရပ်တည်နိုင်သည့် အစိုးရကိုယ်စားလှယ်ဆိုသည်မှာ မရှိတော့။ အကူအညီတောင်းလျှင်လည်း စစ်ကောင်စီ၏ အလုပ်သမားရေးရာ တာဝန်ရှိသူများက ပိုပြီးဖိနှိပ်သည့် အခြေအနေကို ရင်ဆိုင်ကြရသည်။

ယင်းကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှန်းသိသော်လည်း ရွေ့ပြောင်းလုပ်သားများမှာ ငြင်းဆိုပိုင်ခွင့်၊ တိုင်တန်းနိုင်စွမ်းမရှိတော့ဘဲ လည်စင်းခံနေရသည့် အခင်းအကျင်းဖြစ်လာသည်။

ထိုအခြေအနေတွင် ကိုယ့်လူမျိုးအချင်းအချင်း ဇာတ်တူသားစားကြသည့် အကျင့်ပျက် မြန်မာအချို့ကလည်း ခေါင်းထောင်လာသည်။

ထိုကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ရွေးချယ်စရာမရှိဘဲ ရုန်းကန်နေရသည့် ဘဝများကိုသိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်အဖြစ် တင်ဆက်လိုက်ပါသည်။

“ရွှေ့ပြောင်းလုပ်သားအနေနဲ့ဆိုရင် အလုပ်သမားအခွင့်အရေးက ၇၀ ရာခိုင်နှုန်းလောက်ပဲရတဲ့ ပုံစံမျိုးပေါ့နော်”

ထိုင်းတောင်ပိုင်း စူရတ်မြို့ရောက် ထားဝယ်သားတစ်ဦး

DW ။ လက်ရှိထိုင်းနိုင်ငံမှာ ဘာအလုပ်လုပ်နေလဲ။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး ဘာတွေကြုံတွေ့နေရလဲ။

ဖြေ ။ ဒီကိုရောက်နေတာကတော့ ၈ လလောက်ရှိပြီ။ စူရတ်မြို့က ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ ကျွန်တော်လုပ်နေတာက နေ့စားဝန်ထမ်းလို့ ပြောလို့ရတယ်။ နေ့စားခက အရင်ကတော့ ၃၂၀ ဘတ်ရတယ်။ အခုချိန်မှာကတော့ ၃၄၀ ဘတ်တိုးပေးထားတယ်လို့ ပြောတယ်။ ဒီလိုတိုးပေးထားတယ်ဆိုပေမယ့် သူတို့အလုပ်ချိန်ကို ပုံမှန်သတ်မှတ်ထားတာက တစ်နေ့ကို ၉ နာရီ။ အလုပ်ရှိတဲ့အချိန်ဆို ၉ နာရီအပြည့်။ ဒါပေမဲ့အလုပ်မရှိ(နည်း) တဲ့အချိန်ဆိုရင် တစ်ရက်ကို ၇ နာရီပဲ လုပ်ခိုင်းတယ်။ ဥပမာ- မနက် ၇ နာရီ အလုပ်ဝင်မယ်ဆိုရင် ညနေ ၄ နာရီ အလုပ်ထွက်ပြီးတော့ ပုံမှန်ပေါ့။

အလုပ်ပါး(နည်း)တဲ့ ရက်တွေဆိုရင် မနက် ၉ နာရီဝင်ပြီးတော့ ညနေ၄ နာရီပြန်ခိုင်းတယ်ပေါ့။ ၂ နာရီကို လျော့ထားတာ။အဲဒီမှာ ဆိုးဆိုးဝါးဝါး မမျှတတာကတော့ အချိန်ပိုကြေးက တစ်နာရီကို ၆၀ ရတယ်ပေါ့။ဒါပေမဲ့အရင်နေ့တွေက အလုပ်ချိန်လျော့ထားတာနဲ့ အချိန်ပိုဆင်းထားနဲ့ လိုက်ဖြည့်တာပေါ့။

(အလုပ်နည်းသည့်နေ့တွင် ၆ နာရီသာ အလုပ်ဆင်းထားပါက တစ်နေ့တာအလုပ်ချိန် ၉ နာရီပြည့်စေရန် အခြားရက်များတွင်လုပ်ထားသည့် အချိန်ပိုအလုပ်ဆင်းထားသည့် အချိန်ဖြင့် ပြန်ဖြည့်ပေးရခြင်းဖြစ်သည်။ ထိုကြောင့် ထိုအလုပ်သမားမှာ အချိန်ပိုဆင်းထားသော်လည်း အချိန်ပိုကြေးမရတော့ပေ။ သာမန်အလုပ်ချိန်တစ်နာရီလျှင် ဘတ် ၄၀ ခန့်ရပြီး အချိန်ပိုတစ်နာလျှင် ဘတ်၆၀ ခန့်ရရှိသည်)

DW ။ မြန်မာနိုင်ငံမှာက စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ်ကြောင့် လူငယ်အများအပြားက ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာကြတာပေါ့နော်။ ဆိုတော့ ဒီလိုမျိုးများလာတဲ့အတွက် မြန်မာအလုပ်သမားတွေအပေါ် ထိုင်းအလုပ်ရှင်တွေရဲ့ ပြုမူဆက်ဆံပုံ ပြောင်းလဲလာတာမျိုးရှိလား။

ဖြေ ။ ထိုင်းအလုပ်ရှင်တွေရဲ့အမြင်က သူတို့က အလုပ်သမားတွေကို တန်ဖိုးထားမှုနည်းလာတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝင်လာတဲ့သူများတော့ ဒီတစ်ယောက်အလုပ်ထွက်ရင် နောက်တစ်ယောက်ဝင်ဖို့ရှိတယ်ပေါ့။ လူ့စွမ်းအားအရင်းအမြစ်က ကြိုက်တဲ့သူခေါ်ခိုင်းလို့ရတယ်ဆိုပြီး ဖြစ်လာတာပေါ့။

DW ။ လက်ရှိ လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့နေရတာတွေက အလုပ်သမားအခွင့်အရေး စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင် ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားအနေနဲ့ဆိုရင် အလုပ်သမားအခွင့်အရေးက ၇၀ ရာခိုင်နှုန်းလောက်ပဲရတဲ့ ပုံစံမျိုးပေါ့နော်။ထိုင်းနိုင်ငံသား ပုံမှန်အလုပ်သမားနဲ့တော့ ကျွန်တော်တို့နဲ့တော့ လုံးဝလိုက်ယှဉ်လို့မရတဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော်။

DW ။ တစ်နေ့တာ အလုပ်ချိန်မပြည့်လို့ အခြားရက်တွေမှာလုပ်ထားတဲ့ အချိန်ပိုတွေနဲ့ လိုက်ဖြည့်နေတာက အလုပ်သမားအခွင့်အရေးချိုးဖောက်နေသလိုဖြစ်နေတယ်ပေါ့နော်။ ဒီလိုမျိုး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေတဲ့အပေါ် တိုင်ဖို့အဖွဲ့အစည်းတွေရှိလား၊ တိုင်မယ်ဆိုရင်ရော ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ အဓိကကတော့ တိုင်မယ် တောမယ်ဆိုရင်တော့ အလုပ်သမားဘက်က အလုပ်ရှုပ်သလို ဖြစ်သွားမှာပေါ့နော်။ ပြီးရင် အလုပ်ရှင်ဘက်က ငြိုငြင်တာတွေဖြစ်လာနိုင်တယ်။ ကိုယ့်မှာရွေးချယ်စရာတွေ ရှိတယ်ဆိုရင်တော့ တော်သေးတာပေါ့နော်။ ကိုယ့်မှာက အခြားအလုပ်လုပ်ဖို့ ရွေးချယ်စရာနည်းနေတယ်ဆိုရင် အခက်အခဲဖြစ်နိုင်တာပေါ့နော်။

DW ။ ဒီလိုတိုင်လိုက်ရင် အသက်အန္တရာယ်ရော စိုးရိမ်ရတာမျိုး ရှိလာနိုင်လား။

ဖြေ ။ အသက်အန္တရာယ်ကတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့ အလုပ်ထဲမှာ နဂိုကတည်းကကို ခွဲခြားဆက်ဆံတာတွေ အလုပ်ကို မမျှမတခိုင်းတာတွေရှိနေတော့ ဒီလိုတိုင်တာတွေရှိလာရင် ပိုပြီးတော့ အရင်ကထက် ခွဲခြားဆက်ဆံတာတွေ၊ ပိုပြီးခိုင်းတာတွေဖြစ်လာနိုင်တာပေါ့။

DW ။ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိကြုံနေရတာတွေ၊ ပတ်ဝန်းကျင်မှာ မြင်နေရတာတွေ ရှိမှာပေ့ါ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အခြားဘာတွေ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ လက်ရှိအချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေက ရွေးချယ်စရာ အခွင့်အလမ်းနည်းတဲ့အတွက် အဓိကက သူတို့ရွှေ့ပြောင်းဝင်ရောက်လာတဲ့အချိန်မှာဆိုရင် အသက်ရှင်ဖို့အတွက် စားသောက်နေထိုင်ရေးက အဓိကဖြစ်နေတယ်။ အခွင့်အလမ်းနည်းတဲ့အချိန်မှာ တော်တော်လေးရွေးချယ်စရာနည်းနေတယ်။အချို့က ဘတ်တွေမရှိဘူး။ CI တွေမရှိဘဲနဲ့ တရားမဝင်အလုပ်သမားတွေဖြစ်နေကြတယ်။ အလုပ်တစ်ခုနဲ့ တစ်ခု အခြားအလုပ်တစ်ခုပြောင်းရင် ခက်ခဲတယ်ပေါ့နော်။နောက်ပြီး သွားရေးလာရေးအပိုင်းမှာလည်း ခက်ခဲတယ်။အလုပ်ရှာရတာလည်း ခက်ခဲတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အလုပ်သမားတွေက ဒီလိုပဲ အလိမ်ခံနေရတာပဲ”

ကိုဇော်၊ အလုပ်သမားတာဝန်ခံ

Labour Rights Foundation နှင့် ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC)

DW ။ ထိုင်းနိုင်ငံမှာ အလုပ်သမားအခွင့်အရေးလုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်အချိန်ကတည်းကလဲ။

ဖြေ ။ ကျွန်တော်လုပ်နေတာ ၁၄ နှစ်၊ ၁၅ နှစ်ရှိနေပြီ။ ၂၀၀၉ ကတည်းက ကျွန်တော်လုပ်လာခဲ့တာပေါ့နော်။

DW ။ အလုပ်သမားအရေးလှုပ်ရှားဖို့ ဘာတွေက တွန်းအားဖြစ်စေသလဲ။

ဖြေ ။ အလုပ်သမားအရေးလုပ်ဖို့ တွန်းအားဖြစ်စေတာက ကျွန်တော်တို့ စရောက်တုန်းက အလုပ်သမားတွေအတွက် သီးသန့်စာရွက်စာတမ်း ထုတ်ပေးတာမျိုး မရှိသေးဘူး။ ဥပဒေနဲ့ ထိန်းချုပ်ထားတာတွေ မရှိသေးးဘူး။ လုပ်အားခဆိုရင် ထိုင်းဆိုရင်တစ်မျိုး ရွှေ့ပြောင်းအလုပ်သမားဆိုရင်တစ်မျိုး ပေးထားတာမျိုးတွေ တွေ့ရတယ်။ အချို့အလုပ်ရုံတွေက အခွင့်အရေးချိုးဖောက်တယ်။ အချို့အလုပ်ရုံကလည်း ဥပဒေနဲ့အညီ တာဝန်ယူတာမျိုးတွေ့ရတယ်။ စက်ရုံကြီးတွေက အလုပ်သမား တိုက်ရိုက်ငှားရမ်းတာမျိုးရှိသလို့ အချို့က တစ်ဆင့်ခံပြီး အလုပ်သမားငှားရမ်းတာမျိုးတွေ ရှိနေတော့ ကိုက်ညီမှု မရှိကြဘူး။ ဒါတွေကြောင့်မို့ ကျွန်တော်တို့က အလုပ်သမားအရေးကို လုပ်ဖြစ်လာတာ။

DW ။ လက်ရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေက ဘာတွေလဲ။ ဘာတွေ အများဆုံး ဖြေရှင်းပေးနေရလဲ။

ဖြေ ။ အခုဆိုရင် မဟာချိုင်က စက်ရုံတွေထဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေက အတော် အဆင်ပြေသွားပြီလို့ ပြောရမယ်။ လုပ်အားခ ပြည့်ပြည့်ဝဝမပေးဘူးဆိုတာမျိုးက တစ်ရာမှာ တစ်ရုံလောက်ပဲ့ ကျန်တော့တယ်။ အလုပ်ရုံ သေးသေးလေးတွေပေါ့။ ကျန်တဲ့ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးတွေနဲ့ တဖြည်းဖြည်း ကိုက်ညီမှုတွေ ရှိလာတာပေါ့နော်။ အခု နောက်ဆုံး ကြုံတွေ့နေရတာက အလုပ်သမားအခွင့်အရေးမဟုတ်ဘဲနဲ့ လုပ်ငန်းခွင်ထဲကို မရောက်သေးတဲ့ ပြဿနာ။ အခုမှ တက်လာတဲ့သူတွေဆို ငွေကြေးလိမ်လည်ခံရမှုတွေက အဓိက အများဆုံးဖြစ်နေတယ်။ ပွဲစားတွေက အလုပ်သမားတွေကို ခေါ်တင်လာတယ်။ ဟိုနေရာ ဒီနေရာပို့။ အဲမှာ မသေချာ မရေရာဘူး။ အလုပ်လျှောက်လို့ရတယ်လို့ခေါ်ပြီး အိမ်တွေမှာ ပစ်ထားတာတွေ။ အလုပ်လည်းမရှာပေး။ ပိုက်ဆံပြန်တောင်းတော့လည်း နင်တို့ ဘယ်သူ့ကို တိုင်ချင်လည်း ကြိုက်တဲ့နေရာတိုင်ဆိုတာမျိုး။ ထိုင်းလူမျိုးတွေက အခွင့်အရေးချိုးဖောက်တာမခံရဘဲ မြန်မာအချင်းချင်းလိမ်လည်မှုတွေ ကြုံနေရတာပေါ့။

DW ။ စစ်မှုထမ်းစနစ်ကြောင့်ဖြစ်စေအကြောင်းအမျိုးမျိုးကြောင့် မြန်မာအလုပ်သမားတွေ များလာတယ်ဆိုတော့ ထိုင်းအလုပ်ရှင် တွေရဲ့ ပြုမူဆက်ဆံပုံ ပြောင်းလဲလာတာမျိုးမြင်တွေ့ရလား။ ဘယ်လိုပုံစံမျိုးတွေ ပြောင်းလဲလာလဲ။

ဖြေ ။ ဥပဒေအရပြောရရင် ထိုင်းအလုပ်ရှင်တွေမှာက နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာတွေရှိတယ်။ ဒါပေမဲ့လည်း ပြင်ပမှာ အလုပ်သမားတွေများနေတယ်ဆိုတော့ သူတို့က ကြိုက်တဲ့အလုပ်သမားတွေကို ဘယ်အချိန် ထခေါ်ခေါ် လူက ပြည့်နေတာ။ ဆိုတော့ အလုပ်ထဲက လူဟောင်းတွေဆိုရင် နှစ်ရှည်ကြေး ဘောနပ်တွေ ပေးရတာ စက်ရုံအတွက် များလာတယ်။ ဒါဆိုရင် ဒီအလုပ်သမားတွေကို MoU စနစ်သက်တမ်းကုန်ပြီဟေ့ဆိုပြီး မြန်မာပြည်ပြန်ပို့တာမျိုးတွေ ကြုံရတယ်။ ဒီလူတွေကို အလုပ်ပြန်ခန့်မခန့် အလုပ်ဖြုတ်သလားဆိုတာမျိုးတော့ ပြောလို့မရနေပြန်ဘူး။ သူတို့အကြောင်းပြတာက မြန်မာပြည်က ပတ်စ်ပိုစ့်ထုတ်မပေးတဲ့အတွက်ကြောင့်ဆိုပြီး ပြန်ခေါ်မရတာလို့ပြောတယ်။ နောက်တစ်ခု ပြောင်းလာတာက စာရွက်စာတမ်း အထောက်ထားမရှိရင် အလုပ်သမားတွေကို ဘယ်သူဌေးမှ မယူတော့ဘူး။ မယူတဲ့အခါကျတော့ ကလေးတွေက အထောက်အထားတစ်ခုခုရဖို့ အချိန်ကြာကြာစောင့်ဆိုင်းနေရတာ။ ဒီလိုစောင့်နေတဲ့အချိန် ဟိုနားအလုပ်ရနိုးနိုးနဲ့ တစ်ယောက်က လာလိမ်သွားပြန်ပြီ။ ဒီနားရမလိုလို တစ်ယောက်က လာလိမ်သွားပြန်ပြီ။ အလုပ်သမားတွေက ဒီလိုပဲ အလိမ်ခံနေရတာပဲ။

DW ။ တစ်ကယ်လို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဘယ်လိုတိုင်ကြားပြီး ဆောင်ရွက်သင့်လဲ။

ဖြေ ။ နံပါတ် ၁ လုပ်အားခမရဘူးဆိုရင် လုပ်အားခမရလို့ တိုင်ချက်ဖွင့်တဲ့နေရာ ဆာဝါဒီကန် (အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး) ကို တိုင်ပြီး တောင်းဆိုလို့ရတယ်။ နံပါတ် ၂ စာရွက်စာတမ်း သိမ်းဆည်းထားတာဆိုရင် သက်ဆိုင်တာက နယ်မြေခံရဲစခန်းရယ် ကျဟာငန် (အလုပ်သမားရုံး) အဲဌာနနှစ်ခုမှာ တိုင်ချက်ဖွင့်ပြီး တောင်းဆိုလို့ရတယ်။ ဒါပေမဲ့တိုင်ဖို့ဆိုရင် လက်ထဲမှာ အထောက်အထားတော့ ရှိရတယ်။ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) လုပ်ထားရင် CI လုပ်ထားတဲ့ ဓါတ်ပုံနဲ့ မျက်နှာပြင်လေး။ ပန်းရောက်ဘတ်တင်ထားတယ်ဆိုရင် ရလာတဲ့ Name List (အမည်စာရင်းစာရွက်) လေးတွေ မိတ္တူရထားဖို့ လိုတယ်။ အဲဒါလေးတွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့ သိမ်းထားတယ်ဆိုရင် ဘယ်ရုံးမှာပဲဖြစ်ဖြစ် တိုင်ကြားလို့ရတယ်။ တကယ်လို့ ကိုယ့်မှာ ဘာအထောက်အထားမှ မရှိဘူးဆိုရင် ဘယ်အစိုးရရုံးကမှ အချက်အလက်ရှာလို့မရဘူးလေ။ လုပ်အားခနဲ့ ပက်သက်ရင် အမှုက ပြန်ရတာမျိုးများတယ်။ စာရွက်စာတမ်းနဲ့ ပက်သက်ရင် အစိုးရက အလုပ်ရှင်ကို ဖိအားပေးမှု နည်းတယ်။ အချို့ဟာတွေ ကျွန်တော်တို့ဆီရောက်လာတဲ့အမှုတွေဆိုရင် နယ်မြေခံရုံးတွေမှာ မရလို့ ဘန်ကောက်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနတွေအထိ တိုင်ကြားပြီးမှ ရလာတာမျိုးရှိတယ်။

DW ။ မေလ ၁ ရက်နေ့က အလုပ်သမားနေ့ဆိုတော့ မြန်မာအလုပ်သမားတွေအတွက် ဘာပြောချင်လဲ။

ဖြေ ။ မေဒေးနေ့မှာဆိုရင် ကျွန်တော်တို့ ပုံမှန်တောင်းဆိုတာရှိတယ်။ တောင်းဆိုချက်တွေလည်း ထုတ်ပြန်တယ်။ အလုပ်သမားတွေကို မှာချင်တာကတော့ အလုပ်မရှိတဲ့ အလုပ်သမားတွေ သတင်းအချက်အလက်မခိုင်မာပဲ ပွဲစားတွေကို ပိုက်ဆံ အလျင်လိုပြီး ကြိုမပေးကြဖို့။ နောက်တစ်ချက်ကကျတော့ ထိုင်းအစိုးရက မှတ်ပုံတင်အသစ် (ပန်းရောက်ဘတ်) ဖွင့်ဖို့ ထိုင်းအစိုးရက အစည်းအဝေးဆုံးဖြတ်ချက်မှာ မကျသေးဘူး။ ဒါကို ပွဲစားတွေက ငါးလပိုင်းကျရင် ဖွင့်မယ် ခြောက်လပိုင်းကျရင် ဖွင့်မယ်နဲ့ ပိုက်ဆံတွေ လိမ်လည်ကောက်ယူနေတာမျိုးတွေ သတိထားကြဖို့ပါ။ နောက်တစ်ခုက လက်ရှိအခြေအနေမှာ အလုပ်ရုံတိုင်းက အလုပ်သမားပြည့်နေတဲ့ အနေအထားဖြစ်တဲ့အတွက် လက်ရှိ ရှိနေတဲ့ အလုပ်ကို မပြုတ်အောင်ရယ်။ အလျင်စလို အလုပ်ပြောင်းဖို့ ဆန္ဒမစောကြဖို့ရယ် အဓိက မှာချင်တာပါ။ ဘာလို့လဲဆို အလုပ်လက်မဲ့ဖြစ်သွားရင် နစ်နာမှု ဆုံးရှုံးမှုတွေ အများကြီး ရှိနေလို့ပါ။

DW ။ ကျေးဇူးတင်ပါတယ်။

“ပုလိပ် (ထိုင်းရဲ) တွေကလည်း နည်းနည်းကျပ်လာတယ် ခိုးဝင်တွေက များလာလို့”

ပကျွတ်ခီရီခန်ရှိ အုန်းသီးရုံက အလုပ်သမားတစ်ဦး

DW ။ လက်ရှိထိုင်းနိုင်ငံမှာ ဘာအလုပ်လုပ်နေလဲ။ ဘာတွေ လုပ်ရလဲ။

ဖြေ ။ လုပ်နေတာက အုန်းသီးရုံ။ အုန်းသီးခွဲတဲ့ ရုံပေါ့။ ပုတ်ပြတ်လုပ်ရတာ။ အဲဆိုတော့ ရှိတဲ့အချိန်လုပ် မရှိတဲ့အချိန်နားပေါ့။ အုန်းသီးပါကင်ပိတ်တဲ့ရုံတွေနဲ့ မတူဘူးနော်။ နည်းနည်း အန္တရာယ်များတယ်။ အခုလုပ်နေတာက ကုန်ကြမ်းလုပ်တဲ့ရုံမှာ။ ဒီရုံမှာလုပ်နေတာ ၂ နှစ်လောက်ရှိပြီ။ ထိုင်းကို စဝင်လာတာက ၁၆ နှစ်သားကတည်းက။ အခုက ၂၉ နှစ်ရှိပြီဆိုတော့ ကြာပြီပေါ့။ အလုပ်လည်းစုံပြီ။

DW ။ စစ်မှုထမ်းစနစ်ကြောင့် လူငယ်အများအပြားက ထိုင်းကို တိမ်းရှောင်လာရတယ်ဆိုတော့ အလုပ်သမားတွေ များလာတယ်။ ထိုင်းအလုပ်ရှင်တွေရဲ့ ပြုမူဆက်ဆံပုံ ပြောင်းလဲလာတာမျိုးရှိလား။

ဖြေ ။ အခုနောက်ပိုင်းက မြန်မာတွေ များလာတယ်လေ။ အဲတော့ ပုလိပ် (ထိုင်းရဲ) တွေကလည်း နည်းနည်းကျပ်လာတယ် ခိုးဝင်တွေက များလာလို့။ ဒီတော့ သူဌေးတွေကလည်း ဘတ် (ပန်းရောက်ကတ်) မရှိတဲ့ အလုပ်သမားတွေကို အာမခံပြီး ခေါ်ထားဖို့ကလည်း တကယ်သူတို့ကိုယ်တိုင်ဖမ်းမိသွားရင် ငွေဒဏ်ရော ထောင်ဒဏ်ရော ရှိနေတယ်လေ။ အရင်တုန်းကဆို မြန်မာတွေနည်းနေတဲ့အချိန်ဖြစ်တော့ အရမ်း အလေးမထားဘူး။ အဲတော့ ဘာမှမရှိတဲ့သူတွေကိုဆို မခေါ်ရဲကြတော့ဘူး။ အဲလိုတွေ ကွာသွားတယ်။

DW ။ အလုပ်သမားအခွင့်အရေးနဲ့ ပက်သက်ပြီး ဘာတွေရနေလဲ။ ခွင့်ရက်၊ အလုပ်နားချိန်၊ လစာ စတာတွေပေါ့။

ဖြေ ။ ငါတို့လုပ်တာက ပုတ်ပြတ်ဆိုတော့ နားရက်အတိအကျမရှိဘူး။ အုန်းသီးရှိနေရင် လုပ်ရမယ် မရှိရင် နားရမယ် အဲလိုပေါ့။ အုန်းသီး အလုံး ၁၀၀ ခွာနိုင်ရင် ဘတ် ၇၀ ရမယ်။ ဒါပုံမှန်ပဲ။ အလုံးတစ်ထောင်ဆို ၇၀၀ ဘတ်ရမယ်။ ပုံမှန်ဆိုရင် လူတစ်ယောက်က တစ်နေ့ကို အုန်းသီး တစ်ထောင်လောက် ခွာနိုင်တယ်။ ဒီတော့ တစ်နေ့ ၇၀၀ လောက်ရမယ်။ ဒါပေမဲ့အလုပ်က ရှိတဲ့အချိန်မှ ရတယ်။ တစ်လလောက်ဆိုရင် အလုပ်ပုံမှန်ရှိရင် ဘတ်သုံးသောင်း နီးနီးလောက်ရတယ်။ ဒါက လုပ်နိုင်တဲ့သူတွေရတာ။ တကယ်လို့ အလုပ်မလုပ်နိုင်တဲ့သူတွေဆိုရင် အုန်းသီးခွာနိုင်သလောက် ရမှာပေါ့ ဒါက သူလုပ်နိုင်တဲ့အပိုင်းကို ပြောတာ။ ငါတို့အလုပ်ရုံမှာက တစ်နေ့ ဘယ်လောက်ခွာနိုင်မှ ရမယ်လို့ ကန့်သတ်ထားတာမရှိဘူး။ လုပ်ရင် လုပ်နိုင်သလောက်ရတယ်။

DW ။ စက်ရုံဝန်းကျင်မှာရော အလုပ်တွေ လုပ်ရတာ အဆင်ပြေနေကြရဲ့လား။

‌ဖြေ ။ အခုနောက်ပိုင်း အလုပ်သမားတွေက များလာတယ်။ အုန်းသီးလည်း ပါးလာတဲ့အချိန်ဖြစ်နေတာ။ အရင်တုန်းကဆို လူနည်းတယ်ဆိုတော့ အုန်းသီးက ပုံမှန်ရှိနေတယ်။ တကယ်လို့ ရုံထဲမရှိဘူးဆိုရင်တောင် အပင်တွေမှာ လိုက်ရှာပြီး လုပ်လို့ရတယ်။ အခုက လူများလာတယ်ဆိုတော့ အလုပ်ကို ဝေပေးနေရသလို ဖြစ်နေတယ်။ ဝေစားနေရတာမျိုးဖြစ်နေတာပေါ့။ အရင်က ၁၀ ခုလောက်လုပ်နေရတဲ့အချိန်မျိုးဆိုရင် အခုက ၃ ခုလောက်ပဲ လုပ်နေရတယ်။

DW ။ ၈ နာရီထက် ပိုပြီးအလုပ်လုပ်ရတာ၊ အချိန်ပိုကြေး အပြည့်အဝမရတာ၊ အစိုးရသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာမရတာမျိုး ရှိခဲ့ဖူးလား။ ရှိခဲ့ဖူးရင် ဘယ်လို လုပ်ခဲ့ကြလဲ။

ဖြေ ။ အခုရုံမှာတော့ သူဌေးကောင်းတယ်။ အဲလို မကြုံခဲ့ရဖူးဘူး။ ဒါပေမဲ့လုပ်အားခရှင်းတဲ့အချိန် မမှန်တာမျိုးပဲ ကြုံဖူးတယ်။ ရှင်းပေးတဲ့အချိန်ကျရင် ပုံမှန် မရှင်းပေးချင်ဘူး အဲလိုပေါ့။ လုပ်အားခကို တစ်ရက်နေ့ ပုံမှန်ထုတ်နေတဲ့အချိန်ဆိုရင် ၅ ရက်နေ့လောက်မှ ရှင်းပေးသလိုမျိုးပေါ့။ အဲလိုဆိုရင် ပြောဖို့က လူညီဖို့ အဓိကလိုတာပေါ့။ ပြီးတော့ သူဌေးဘက်က လက်ခံဖို့ လိုသေးတယ်လေ။ မပေးတာတော့မဟုတ်ဘူး ပုံမှန်ရက်အတိုင်း မရှင်းပေးတာမျိုးပဲရှိတော့ သိပ်မပြောကြဘူး။ ကိုယ့်နေရာဒေသမဟုတ်တော့ အကုန် ဆင်ခြင်ပြီး နေနေရတာလည်း ပါတာပေါ့။

DW ။ မေဒေး အလုပ်သမားနေ့မှာ ဘာတွေ ပြောခဲ့ချင်လဲ။

ဖြေ ။ အလုပ်သမားတွေအတွက် အခွင့်အရေး ရပါစေပေါ့။ ရစေချင်ပါတယ် အလုပ်သမားတိုင်းကို။ သူဌေးမှာလည်း သူ့အခွင့်အရေးရှိသလိုမျိုးပဲ အလုပ်သမားတွေရဲ့ အခွင့်အရေးကို သူဌေးက သိပြီး လိုက်နာပေးဖို့လိုတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီရောက်တဲ့ နှစ်လထဲမှာ အလုပ်လုပ်ရတာက ၄ ရက်ပဲရှိတယ်ကွယ်။ စားသောက်ဆိုင်မှာ လုပ်ရတာ”

ဝန်ထမ်းဘဝမှ ရွှေ့ပြောင်းအလုပ်သမားဘဝ ပြောင်းလာသူတစ်ဦး

DW ။ လက်ရှိထိုင်းနိုင်ငံမှာ ဘာအလုပ်လုပ်နေလဲ။ ဘာတွေလုပ်ရလဲ။

ဖြေ ။ ထိုင်းရောက်လာတာ အခုဆို နှစ်လပဲရှိသေးတယ်။ ဟိုမှာက နေလို့လဲ မရတဲ့အပြင် အလုပ်ဆက်လုပ်လို့လည်း မရတော့ဘူးလေ။ ဒီရောက်တဲ့ နှစ်လထဲမှာ အလုပ်လုပ်ရတာက ၄ ရက်ပဲရှိတယ်ကွယ်။ စားသောက်ဆိုင်မှာ လုပ်ရတာ။ အဲဒါကို ဘတ် (ပန်းရောက်ကတ်) မရှိလို့ ဆိုပြီး တစ်ရက် ၅၀၀ ပေးပြီး ထုတ်လိုက်တယ်။ ဒီမှာ ရုန်းကန်ရတာလဲ မလွယ်ပါလားကွယ်။

DW ။ ရွှေ့ပြောင်းအလုပ်သမားဖြစ်လာဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

ဖြေ ။ အဓိက နိုင်ငံရေးကလည်း သိတဲ့အတိုင်းပဲ့လေ။ ငါတို့မှာ ရွေးဖို့ လမ်းမှမရှိတာ။ ဒီတစ်လမ်းပဲရှိတာ။ ပတ်စ်ပိုစ့်လည်း လုပ်လို့မရ၊ အောက်လမ်း (တရားမဝင်) ကလည်း ပင်ပင်ပန်းပန်း ထွက်လာရတယ်။ ထိုင်းမှာဆိုရင်လည်း ငါတို့မှာ ရွေးစရာ ဒီတစ်လမ်းပဲရှိတာ။ ရတဲ့အလုပ်ကို လုပ်ဖို့ပဲ။ အဲဒါတောင် အလုပ်လုပ်ဖို့ မသေချာဘူး။ ဘာစာရွက်စာတမ်းမှမရှိတဲ့သူအဖို့ အလုပ်လိုက်လျှောက်လို့လည်းမရ ထင်သလောက် မလွယ်ဘူးကွယ်။ သူများအလုပ်လုပ်ဖို့ သူတို့အလုပ်ခေါ်တာ ထိုင်စောင့်နေရတာ။ အချိန်တွေကြာ အလုပ်မရှိ ပတ်ဝန်းကျင်က နေသားမကျသေးဘူး။

DW ။ လက်ရှိ ဘယ်လိုနေထိုင် စားသောက်နေကြတာလဲ။

ဖြေ ။ ဟဲဟဲ ဒီမေးခွန်းက ဘယ်လိုကြီးလဲကွယ်။ ငါ့ကို သူများ ဝိုင်းရယ်တော့မယ်ထင်တယ်။ ထိုင်းရောက်ပြီး အိမ်က ပြန်တောင်းနေရတာ ကိုယ်စားဖို့ နေဖို့ကို အလုပ်ကမရှိဘူးဆိုတော့ အိမ်က ပြန်ထောက်ပံ့နေရတာပေါ့။ သူများတွေ အိမ်ကို ထောက်ပံ့နေတာ မြင်ရတော့လည်း ငါတို့ ဘယ်အချိန် ထောက်ပံ့နိုင်မလဲပေါ့။ အကိုဒီရောက်တာ အကိုတစ်ယောက်ပဲ ပင်ပန်းနေတာမျိုး မဟုတ်ဘူးဖြစ်နေတယ်။ အိမ်က လူတွေပါ မနေကြရဘူးလေ။ အစ်ကို့အတွက် ပိုက်ဆံပို့ရတာနဲ့ အလုပ်ဝိုင်းရှာပေးရတာနဲ့။ သူတို့လည်း မအားကြဘူး။ အမေဆို သူ့သူငယ်ချင်းတွေရော သူနဲ့သိတဲ့သူတွေကိုရော အလုပ်လေးရှိရင် ငါ့သားလေးကို သွင်းပေးလို့ရမလားပေါ့။ တစ်မိသားစုလုံး ဝိုင်းကူညီနေကြရတယ်လို့ပဲ ပြောချင်ပါတယ်။

DW ။ ပတ်ဝန်းကျင်မှာရော အလုပ်တွေ လုပ်ရတာ အဆင်ပြေနေကြရဲ့လား။

ဖြေ ။ ဒီအနားမှာတောင် လူ (မြန်မာနိုင်ငံသား) တွေ ဒီလောက်များလာနေတာ တစ်နေ့ တစ်နေ့ ဟိုဘက်အခန်းကလာလိုက် ဒီဘက်အခန်းကလာလိုက်နဲ့ အခန်းတွေမှာ ပြည့်နေကြတယ်။ သွားမေးလိုက်ရင် အလုပ်မရှိသေးတဲ့ သူတွေချည်းပဲ။ ဒီလိုပဲ ဟို (မြန်မာ) မှာအဆင်မပြေလို့ ပြေးလာတဲ့သူတွေပဲ။ အခန်းထဲ အိပ်လိုက် စားလိုက်နေရင်း သူတို့လည်း အလုပ်လုပ်ရဖို့ စောင့်နေကြတာ လနဲ့ချီနေကြတာပဲ။ ဒါပေမဲ့ဘယ်အချိန် အလုပ်ရကြမယ် အဆင်ပြေကြမယ်ဆိုတာတော့ ဘယ်သူက တပ်အပ် အာမခံနိုင်မလဲတော့ မသိတော့ပါဘူးကွယ်။

DW ။ နောက်ထပ် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ ။ အခု ဒီနေရာမှ အလုပ်ထပ်ရှာမရဘူးဆိုတော့ အလုပ်ရှိတဲ့ နေရာ‌ ပြောင်းဖို့ရှိတယ်။ ဘန်ကောက်မှာရှိတဲ့ စက်ရုံတစ်ရုံထဲကို သွားဖို့ လုပ်နေတယ်။ ဟိုမှာက လူခံ (ထိုင်းတွင် အနေကြာသူ) လည်းရှိတယ်လေ။ အလုပ်သွင်းပေးဖို့ ပြောထားပြီးပြီ။ ဘတ် (ပန်းရောက်ကတ်) တင်ဖို့ စရန်လည်း ဘတ် ၂၀၀၀ သွင်းထားပြီးပြီ။ အခု ဘတ်မရှိဘဲ သွားရမှာဆိုတော့ ကားခ ၇၅၀၀ ထပ်ကုန်အုံးမယ်။ ဟိုရောက်ရင်လည်း အလုပ်က အဆင်ပြေလား မပြေလားဆိုတာ လုပ်ကြည့်မှ သိမယ်ထင်တယ်။ ဘတ်မရခင်စပ်ကြား ဒီလို ရတဲ့အလုပ်တွေကို မှေးပြီး (ဖြစ်သလို) အလုပ်လုပ်ရဖို့ရှိနေတယ်။ ပညာနဲ့ ရွေးချယ်ခွင့်မရှိကြတော့လည်း သူများနိုင်ငံက အလုပ်သမားဖြစ်လာတာပဲ။

DW ။ မေဒေး အလုပ်သမားနေ့မှာ ဘာတွေ ပြောခဲ့ချင်လဲ။

ဖြေ ။ အလုပ်သမားနေ့ဆိုတာမျိုးဆိုရင် အလုပ်သမားတွေ အဆင်ပြေဖို့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာမျိုး မေးခွန်းထုတ်ချင်ပါတယ်။ အလုပ်တွေပြောင်း နေရာတွေပြောင်းတဲ့အချိန် ဘယ်လိုကြုံကြုံ အလုပ်သမားတွေအနေနဲ့ အတတ်နိုင်ဆုံး ရုန်းကန်ကြဖို့ အားတင်းထားကြဖို့ အဆင်ပြေကြဖို့ ဆုတောင်းပေးချင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။