တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
323

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ

မလေးရှား စစ်ရဟတ်ယာဉ်ချင်း တိုက်မိပြီး ပျက်ကျမှုကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံး

မလေးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာ ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်မှာ ပါလာသူ လူ ၁၀ ဦးစလုံး သေဆုံးခဲ့ပါတယ်။

မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျခဲ့တာပါ။

ရဟတ်ယာဉ်ပေါ်မှာပါတဲ့ အမှုထမ်း ၁၀ ဦးစလုံး ပျက်ကျမှုမှာ သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်တာမျိုး မရှိခဲ့ပါဘူး။

ဗီဒီယိုတွေထဲမှာတော့ ရဟတ်ယာဉ်တွေဟာ အုပ်စုလိုက် ခပ်နိမ့်နိမ့်ပျံသန်းနေပြီး၊ အဲ့ဒီထဲက တစ်စီးက ဘေးတိုက်ကွေ့ အထွက်မှာ အခြား ရဟတ်ယာဉ်တစ်စီးနဲ့ တိုက်မိကာ နှစ်စီးလုံးပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။

Ref: BBC

………………………………..

ကမ္ဘောဒီးယားက အွန်လိုင်းရာဇဝတ်မှုနှင့် ပက်သက်နေသော တရုတ် ၁၃၀ ကျော်ကို နေရပ်ပြန်ပို့

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေလို့ စွပ်စွဲ ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၃၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံကနေ နေရပ်ပြန်ပို့လိုက်ပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ တရုတ်နိုင်ငံသား ၁၃၅ ဦးက Hubei ပြည်နယ် ဝူဟန်မြို့ကို ဧပြီလ ၂၁ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒီတစ်သုတ်နဲ့ဆိုရင် ကမ္ဘောဒီးယားကနေ ပြန်ပို့တဲ့သူ ၆၈၀ ရှိသွားခဲ့ပြီလို့ တရုတ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အွန်လိုင်းလူလိမ်ဂိုဏ်းတွေ၊ လောင်းကစားလုပ်ငန်းတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ တရုတ်နဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: Globel Time

………………………………..

ဗြိတိန်က ဒေါ်လာ သန်း ၆၂၀ ကို စစ်ရေးအကူအညီ ယူကရိန်းကို ပေးမည်

ဗြိတိန်နိုင်ငံကနေ ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုး စစ်ရေးအကူအညီပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

ပိုလန်နိုင်ငံ ဝါဆောမြို့ သတင်းစာရှင်းလင်းပွဲမှာ ယူကေဝန်ကြီးချုပ် Rishi Sunak က ဧပြီလ ၂၄ ရက်နေ့က ကြေညာလိုက်တာပါ။

ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီထဲမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ လက်နက်ခဲယမ်းတွေ ပါဝင်ပါတယ်။

ဒီအချိန်မှာပဲ့ ယူကရိန်းရဲ့ အရှေ့ဘက် စစ်မြေပြင်မှာ ရုရှားတပ်တွေ ရှေ့တက်လာနေတာပါ။

စစ်ရေးအကူအညီအသစ်က ရှေ့တန်းစစ်မျက်နှာမှာ တိုက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် လက်နက်ပစ္စည်းပံ့ပိုးရာမှာ အထောက်အကူပြုစေတယ်လို့ ယူကရိန်းသမ္မတက ဆိုထားပါတယ်။

Ref: AP

………………………………..

အမေရိကန်က ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်နိုင်ငံများကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး အကူအညီပေးမည်

ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒန်က ဧပြီလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

အမေရိကန်က မိတ်ဖက်နိုင်ငံတွေကို ထောက်ခံကူညီပေးနေတာဖြစ်ပြီး အခု ပြဌာန်းလိုက်တဲ့ဥပဒေကြောင့် ကမ္ဘာကြီး ပိုမိုလုံခြုံသွားစေမယ်လို့ သမ္မတဘိုင်ဒန်က ဆိုထားပါတယ်။

ဥပဒေအရ ယူကရိန်းကို စစ်ရေးအကူအညီ ၆၁ ဘီလီယံပေးအပ်သွားမှာပါ။

ပထမအသုတ်အဖြစ် ဒေါ်လာ ၁ ဘီလီယံကို ချက်ချင်းပေးပို့မယ်လို့ ဆိုပါတယ်။

အကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေး စနစ်၊ အမြောက်ကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားလက်နက်တွေ ပါဝင်ပါတယ်။

Ref: AP

………………………………..

ကနေဒါတွင် ရထားမောင်းစဉ် မီးလောင်

ကနေဒါနိုင်ငံ လန်ဒန်မြို့မှာ ရထားလမ်းခင်းတဲ့ သစ်သား ဇလီဖားတုံးတွေတင်ဆောင်လာတဲ့ မီးရထားတွဲတွေ မီးစွဲလောင်ရင်း ညအမှောင်ထဲ ခုတ်မောင်းသွားခဲ့ပါတယ်။

ဒါကို မြင်တဲ့သူတွေက ည ၁၁ လောက်မှာ လန်ဒန်မီးသတ်တပ်ဖွဲ့ကို အရေးပေါ်ဖုန်းဆက်သူတွေ ဆက်တိုက်ဝင်လာခဲ့တာပါ။

မီးလောင်ရင်းနဲ့ပဲ ရထားက မြို့ထဲ ဖြတ်မောင်းခဲ့ပါတယ်။

ဖြတ်မောင်းနေရင်းနဲ့ပဲ မီးလောင်နေတဲ့ ရထားတွဲတွေကို ဖြတ်ချနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ မရှိခဲ့ပါဘူး။

ရထားတွဲတွေ မီးစလောင်တဲ့ အကြောင်းအရင်းကို မီးသတ်ဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။

အဆုံးအရှုံးအနေနဲ့ ရထားတွဲတွေ ပျက်ဆီးမှု ဒေါ်လာ ၂ သောင်းခွဲနဲ့ အဆောက်အဦးတစ်ခု ပျက်ဆီးမှု ဒေါ်လာ တသောင်းဖိုးလောက် ရှိပါတယ်။

Ref: CBC

………………………………..

TikTok ကို တားမြစ်နိုင်မည့် ဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြု

TikTok ကို အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က ဧပြီလ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒါကို သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လက်မှတ်ထိုး အတည်ပြုပြီးဖြစ်ပါတယ်။

ဥပဒေအတည်ဖြစ်လာရင် TikTok က မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရမှာပါ။

မခွဲထွက်နိုင်ရင်တော့ ဈေးကွက်မှာ တားမြစ်ခံရမှာ ဖြစ်ပါတယ်။

TikTok က အသုံးပြုတွေကတဆင့် စုံစမ်းထောက်လှမ်းမှုနဲ့ အချက်အလက်စုဆောင်းမှုတွေကို လုပ်နေတယ်လို့ အမေရိကန်ဘက်က သံသယရှိနေပါတယ်။

TikTok ကုမ္ပဏီဘက်ကတော့ အမေရိကန်ဘက်က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ဖြန့်ဝေသွားမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ဂါဇာ ပစ်မှတ် ၃၀ ကျော်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဧပြီလ ၂၅ ရက်နေ့က အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

ဂါဇာဆေးရုံဘက်ကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးတပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ ဟာမတ်စ်ကုန်လှောင်ရုံအပါအဝင် ဂါဇာအလယ်ပိုင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

ဂါဇာအတွက် လူသားချင်း စာနာမှုအကူညီပေးရာမှာ သုံးမယ့် ဆိပ်ကမ်းဆောက်ဖို့ ပြင်ဆင်နေပြီလို့တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

Ref: VOA

………………………………..

ဟားမတ်စ်ဖမ်းထားသော ဓါးစာခံများ ပြန်လွှတ်ပေးရေး နိုင်ငံပေါင်းစုံ တောင်းဆို

ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အပစ်ရပ်စဲရေး ချက်ချင်း လုပ်ဆောင်တာဟာ ဂါဇာမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီပေးမှုတွေပေးဖို့လို့ အမေရိကန်ဘက်က ဆိုပါတယ်။

အပစ်ရပ်တာကနေ နှစ်ဘက်ရန်လိုမှုတွေ အဆုံးသတ်ဖို့ ဦးတည်လာနိုင်တာကြောင့် လက်ခံကြဖို့ ဧပြီလ ၂၅ ရက်နေ့က အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့အတူ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဗြိတိန်နဲ့ ထိုင်း ပါဝင်တဲ့ ၁၇ နိုင်ငံခေါင်းဆောင်တွေက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်းဆိုတဲ့သူတွေထဲ အမျိုးသမီးတွေ၊ ဒဏ်ရာရနေသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေ ပါဝင်ပါတယ်။

Ref: Euro News

………………………………..

အိန္ဒိယ ရွေးကောက်ပွဲ ဒုတိယပိုင်းမဲပေးမှု ကျင်းပ

အိန္ဒိယလွှတ်တော်ရွေးကောက်ပွဲ ဒုတိယပိုင်း မဲပေးမှုတွေကို ဧပြီ ၂၆ ရက်မှာ ပြုလုပ်ခဲ့ပြီး ပြည်နယ် ၁၃ ခုမှာ မဲဆန္ဒနယ် ၈၈ ခုအတွက် ကျင်းပတာဖြစ်ပါတယ်။

အောက်လွှတ်တော်အမတ် ၅၄၃ နေရာ အတွက် ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ သန်း ၁၀၀၀ နီးပါးက မဲပေးခွင့်ရှိတာပါ။

လူဦးရေများပြားလွန်းပြီး နယ်မြေကျယ်ပြန့်လွန်းတာကြောင့် ၇ ပိုင်းခွဲပြီး ကျင်းပနေရတာဖြစ်ပါတယ်။

ပထမအပိုင်းမှာ ပြည်နယ်နဲ့ နယ်မြေ ၂၁ ခုက မဲဆန္ဒရှင် သန်း ၁၀၀ ကျော် မဲပေးခဲ့ပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ သားသမီးတွေ ဦးဆောင်ထားတဲ့ INDIA (Indian National Developmental Inclusive Alliance) ညွှန့်ပေါင်းအဖွဲ့ပါတီနဲ့ လက်ရှိဝန်ကြီးချုပ် နာရမ်ဒြာ မိုဒီရဲ့ BJP ပါတီနှစ်ခု အဓိက အားပြိုင်ကြမှာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ထိုင်းတွင် အပူဒဏ်ကြောင့် နှစ်လအတွင်း လူ ၃၀ အထိသေဆုံး

ထိုင်းနိုင်ငံမှာ အပူချိန်ပြင်းထန်လွန်းလို့ သေဆုံးသူတွေဟာ နှစ်လအတွင်း လူပေါင်း ၃၀ အထိ ရှိလာခဲ့ပါတယ်။

ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းလို့ အပူလျှပ်ပြီး သေဆုံးမှု များလာကြတာပါ။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလထဲတွင် အပူဒဏ်ကြောင့် သေဆုံးသူတွေ ပိုများလာတယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်မှာ မတ်လကနေ ဇွန်လအထိ လေးလတာနွေရာသီထဲမှာ သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့တာပါ။

ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ပထမနှစ်လထဲတင် သေဆုံးသူ ၃၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်ကြီးပိုင်း၊ ကလေးငယ်တွေ၊ နေပူထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရသူတွေ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဝလွန်ရောဂါ အခံရှိသူတွေပါ။

ထိုင်းအစိုးရကတော့ နေပူထဲ အလုပ်ကြာကြာလုပ်တာ သွားလာတာမျိုး ရှောင်ခိုင်းထားပါတယ်။

အရိပ်ရတဲ့နေရာတွေမှာ နေပြီး ရေများများသောက်ဖို့ အကြံပြုထားပါတယ်။

တကယ်လို့ မူးဝေလာတာမျိုးရှိရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ကုသဖို့ တိုက်တွန်းထားပါတယ်။

လာမယ့်ရက်တွေလည်း ထိုင်းတစ်နိုင်ငံလုံးအပူချိန်မြင့်နေအုံးမယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။

ထိုင်းတစ်နိုင်ငံလုံးအနေနဲ့ ဒီရက်ပိုင်းထဲမှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးရပ်အထက်မှာပဲ့ ရှိနေအုံးမယ်လို့ ကြေညာထားပါတယ်။

မြို့တော် ဘန်ကောက်မှာ အပူချိန် ၅၂ ဒီဂရီ ဆဲလ်စီးရပ်အထိ မြင့်တက်နိုင်လို့ အပူဒဏ်ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: CNA

………………………………..