ကျွန်တော် ပွဲစား

0
1241

ကျွန်တော့်ကို ‘ပွဲစား’ ဟု အခေါ်ခံရတိုင်း အင်မတန် မခံချိမခံသာဖြစ်ရသည်။ အမှန်တော့ ကျွန်တော်က ပွဲစားမဟုတ်ပါဘူး။

လူ့အသိုင်းအဝိုင်းတစ်ခုလုံးကလည်း ဆိုင်ကယ် အရောင်းအဝယ်လုပ်သူတိုင်းကို ပွဲစား ဟု သမုတ်လေ့ရှိသည်။ ပွဲစားဆိုသည့် အခေါ်အဝေါ်က မှားနေကြောင်း ခဏခဏ ရှင်းပြရပေါင်းလည်း မနည်းလှတော့ပေ။

အမှန်က ဆိုင်ကယ်လောကတွင် ဝယ်ရောင်း၊ ကန်သမား၊ ပွဲစား ဆိုပြီး အမျိုးအစားစုံလင်သလို လုပ်သည့်အကွက်ကလည်း တစ်မျိုးနှင့် တစ်မျိုး ကွဲပြားလှသည်။

ပတ်ဝန်းကျင်က ဆိုင်ကယ်လောကရှိ ပွဲစား၊ ဝယ်ရောင်း၊ ကန်သမားများကို လူလည်များဟု သမုတ်ကြပြီး အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားသူများအဖြစ် ထင်မြင်တတ်ကြသည်။

သို့ရာတွင် လောကတရားအတိုင်းပင် လူဆိုးလည်းရှိသလို လူ့ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်စားသောက်သူများလည်း ရှိသည်။

ပွဲစား၊ ဝယ်ရောင်း၊ ကန်သမားအချို့ကလည်း အများထင်ကြသလိုပင် လှည့်ပတ်ပြောဆိုကာ အရောင်းအဝယ်လုပ်လေ့ရှိသလို အချို့လူများကလည်း ကောင်းရောင်းကောင်းဝယ်ပုံစံဖြင့်လုပ်ကိုင်တတ်ကြသည်။

ပွဲစား

ပထမဆုံးအနေနဲ့ ပွဲစားဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းပါမည်။

ပွဲစားဆိုတာက အများအားဖြင့် အိတ်ထဲက ငွေစိုက်ထုတ်လေ့မရှိဘဲ လာရောင်းသည့်ဆိုင်ကယ်ကို ခဏယူသွားပြီး အခြားသူတွေဆီ လိုက်ရောင်းပေးကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းပိုင်ဆိုင်သည့် ဆိုင်ကယ်ပုံမျိုးဖြင့် လိုက်ရောင်းလေ့ရှိသည်။

ဥပမာအနေဖြင့် ဆိုင်ကယ်ပိုင်ရှင်က သိန်း ၂၀ လိုချင်သည့်အချိန်တွင် ပွဲစားက ၂၃ သိန်း သို့မဟုတ် ၂၄ သိန်းခန့် ဈေးခေါ်ရောင်းလေ့ရှိသည်။

ဝယ်သူက ဈေးဆစ်ပြီး ၂၂ သိန်းခန့်ဖြင့် ဈေးတည့်သွားချိန်တွင် သူ့အတွက် ကျပ် ၂ သိန်းခန့် ကျန်မည်ဖြစ်သည်။ထို့အပြင် ပွဲခအဖြစ် ရောင်းသူနှင့် ဝယ်သူတို့ထံမှလည်း တစ်ဖက်ကို လီပိုစီထပ်တောင်းလေ့ရှိသည်။လီပိုဆိုသည်မှာ လက်နှစ်ချောင်း ထောင်ထားသည့် ထိုင်းနိုင်ငံထုတ်အအေးပုလင်းကို အစွဲပြုခေါ်ဝေါ်ကြခြင်းဖြစ်ပြီး ငွေကျပ်နှစ်သောင်းကို ဆိုလိုသည်။

ခြွင်းချက်အနေဖြင့် ရောင်းသူဘက်က သိန်း ၂၀ အနက်ဟု ပြောလိုက်ချိန်တွင်မူ ပွဲခအဖြစ်လီပိုမရတော့ဘဲ သိန်း၂၀ ထက် ပိုရသည့်ငွေကြေးကိုသာ ရလေ့ရှိသည်။

အနက်ဆိုသည့်စကားလုံးမှာ  ပွဲစားလောကအသုံးအနှုန်းဖြစ်ပြီး Net (အသားတင်) ဆိုသည့်စကားလုံးကို ပြောလိုသော သဘောဖြစ်ဟန်တူသည်။

ပွဲစားဟုဆိုရာတွင်လည်း တစ်ဦးချင်းပွဲစား၊ ၃ ဦးခန့်ဖြင့် စုဖွဲ့ထားသည့် ပွဲစားအုပ်စုမှသည် လူဆယ်ချီ ပူးပေါင်းလုပ်ကိုင်သည့် အုပ်စုကြီးအထိ ရှိကြသည်။

ထားဝယ်မြို့တွင် လူဆယ်ဂဏန်းအထိရှိသည့် ပွဲစားအုပ်စုကြီး အနည်းဆုံး ၅ စုခန့်အထိ ရှိသည်။

ပွဲစားဦးရေများသည့် ပွဲစားအုပ်စုတွင် ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပါ အခြားအဖွဲ့ဝင် ပွဲစားများက ပူးပေါင်းလုပ်ကိုင်လေ့ရှိပြီး ရလာသည့် အကျိုးအမြတ်ကို ခွဲဝေယူသည့်စနစ်ရှိသည်။

ငွေအရင်းအနှီး အသင့်အတင့်ရှိသူက သိန်းထောင်ချီရင်းနှီးမြှုပ်နှံထားနိုင်ပြီး ဝါရင့်သူတစ်ဦးက ပွဲစားအုပ်စုခေါင်းဆောင်လုပ်လေ့ ရှိသည်။

“အုပ်စုလိုက်လုပ်ရတာက ပိုပြီး ဂွင်ကျယ်တယ်။ အကျိုးအမြတ်ကတော့ ခွဲပေးရတော့ ဆိုင်ကယ်တစ်စီးအရောင်းအဝယ်ဖြစ်ရင် အရနည်းတာပေါ့”ဟု အဆိုပါ ပွဲစားအုပ်စုခေါင်းဆောင်က ဆိုသည်။

အဆိုပါ အုပ်စုတွင်ပွဲစား ၃ ဦးဖြင့် အချိတ်အဆက်လုပ်ပြီး အရောင်းအဝယ်ဖြစ်ပါက အဖွဲ့ဝင်ပွဲစားများကို လက်ကီး(Lucky)ငွေအဖြစ် ကျပ်တစ်ထောင်စီ ပေးဝေလေ့ရှိသည်က ချစ်စဖွယ်အပြုအမူပင်။

ထို့အပြင် အုပ်စုဖြင့်လှုပ်ရှားသည့် ပွဲစားများက နယ်ဒေသများကို လှည့်လည်သွားလာပြီး ဆိုင်ကယ်လိုက်ဝယ်ကြခြင်းဖြစ်သည်။

ထိုသို့ လိုက်ဝယ်ကြသည့် ပွဲစားများက ဈေးနှိမ်နိုင်သမျှနှိမ်ပြီး ၎င်းတို့ငွေကြေးဖြင့် ဝယ်ယူကာ မြို့ပေါ်သို့ သယ်လာကြသည်။

ထိုနောက် ၎င်းတို့ကိုယ်တိုင်ပြန်ရောင်းခြင်း၊ ဝယ်ရောင်းသမားများကို ‘ကွက်ကျန်’ ဈေးဖြင့် တစ်ဆင့်ခံပြန်ရောင်းပေးလေ့ရှိသည်။

‘ကွက်ကျန်’ဈေးဆိုသည်မှာ ပြန်ရောင်းချိန် အမြတ်ပမာဏတစ်ခုရရန်  လုပ်သာကိုင်သာရှိမည့် ဈေးနှုန်းတစ်ခုဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီး စီးပွားရေးကျပ်တည်းလာချိန်တွင် ပွဲစားများမှိုလိုပေါက်လာသည့်အထဲတွင် ဆိုင်ကယ်ပွဲစားများလည်း အပါအဝင်ဖြစ်သည်။

အလုပ်အကိုင်ရှားပါးသည့်အတွက် လုပ်ရကိုင်ရလွယ်ကူသည့် ဆိုင်ကယ်ပွဲစား၊ ဝယ်ရောင်းအလုပ်ကို လုပ်ကိုင်လာကြခြင်းဖြစ်သည်။

ပွဲစားများ လုပ်လေ့ရှိသည့် နောက်ထပ်နည်းတစ်ခုမှာ ဝယ်သူနှင့် ရောင်းသူအား စိတ်ဓာတ်စစ်ဆင်းရေး လုပ်ခြင်းဖြစ်ပြီး ပိုင်ရှင်အတုနှင့် ဝယ်ယူသူအတု ဖန်တီးတတ်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဆိုင်ကယ်ရောင်းလိုသူတစ်ဦးက လာရောင်းခိုင်းချိန်တွင် ဆိုင်ကယ်ဝယ်သူနှင့် ရောင်းသူကို တိုက်ရိုက်ပေးမတွေ့ဘဲ ပွဲစားတစ်ဦးကို ပိုင်ရှင်အတုလုပ်ခိုင်းခြင်းဖြစ်သည်။

တစ်ခါတစ်ရံ ပိုင်ရှင်အတု အဖြစ် ဟန်ဆောင်ထားသည့်ပွဲစားက ဖုန်းဖြင့် ပြောဆိုရခြင်းဖြစ်သည်။

အကြောင်းမှာ ၎င်းတို့ရောင်းချမည့်ဈေးနှုန်းကို ဆိုင်ကယ်ပိုင်ရှင်အစစ်အား မသိစေလိုသည့်အတွက် ပွဲစားတစ်ဦးက ပိုင်ရှင်ဟန်ဆောင်ခြင်းဖြစ်သည်။

သိန်း ၂၀ တန်ဆိုင်ကယ်တစ်စီးရောင်းမည်ဆိုပါက ဆိုင်ကယ်ပိုင်ရှင်အစစ်ကို  ၁၉ သိန်းသာရမည်ဟု ဈေးနင်းထားသည်။

တစ်ဖက်တွင်လည်း ပိုင်ရှင်အတုက ယင်းဆိုင်ကယ်ကို  ၂၁ သိန်းရမှသာ ရောင်းနိုင်မည်ဟု ဝယ်သူအားပြောဆိုခြင်းဖြစ်ပြီး ကြားက အကျိုးအမြတ်ရယူခြင်းဖြစ်သည်။

ရောင်းချသူအတု ဖန်တီးသည့်နည်းတူ  ဝယ်သူအတု လုပ်ပြီး ဈေးနှိမ်ရသည့် အခင်းအကျင်းလည်းရှိသည်။

ရောင်းလိုသူက ဆိုင်ကယ်လာပြချိန်တွင် ပွဲစားက ဝယ်ယူသူအား သွားပြမည်ဟုဆိုကာ ဆိုင်ကယ်အား ယူဆောင်သွားသည်။ ထိုနောက် ၎င်းတို့အုပ်စုအတွင်းက အခြားပွဲစားတစ်ဦးက ဖုန်းဆက်ပြီး ဆိုင်ကယ်ကို မတန်တဆဈေးပေးကာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်းဖြစ်သည်။

ယင်းအချိန်တွင် ပိုင်ရှင်အနီးရှိ အခြားပွဲစားတစ်ဦးက ဖုန်းဆက်ပြီးပေးသည့်ဈေးထက် အနည်းငယ်ပိုပေးပြီး ရောင်းချရန် ကမ်းလှမ်းလိုက်သည်။

ထိုအခါ ရောင်းချသူက စိတ်ဓာတ်ကျပြီး ဈေးပိုပေးသည့် ပွဲစားကို ဆိုင်ကယ်ရောင်းချသွားသည်။ယင်းသို့ သဘောတူလိုက်သည့် ဈေးကလည်း ပြင်ပပေါက်ဈေးထက် နည်းသည့်ဈေးပင်ဖြစ်သည်။

ဝယ်ရောင်း

ဝယ်ရောင်းသမားက အများအားဖြင့် ပွဲစားလုပ်လေ့မရှိဘဲ ၎င်းထံတွင် ရှိသည့် ဆိုင်ကယ်များကိုသာ ပြန်ရောင်းလေ့ရှိသည်။ ခြွင်းချက်အနေဖြင့် ပွဲစားလုပ်သူများလည်း ရှိသည်။

ဝယ်ရောင်းသမားများ ဆိုင်ကယ်ဝယ်ရာတွင် သာမန်စီးနင်းသူထံမှ ဝယ်ယူကြသလို ပွဲစားထံမှလည်း တစ်ဆင့်ခံ ပြန်ဝယ်လေ့ရှိသည်။

ဝယ်ရောင်းသမားအများစုက ဆိုင်ကယ်ဝယ်သည့်အချိန်တွင် ပြန်ပြီးပြုပြင်ရမည့် ဆိုင်ကယ်ကိုသာ အကြိုက်များသည်။

အကြောင်းမှာ ပြုပြင်ရမည့်အချက်များကို အကြောင်းပြပြီး နင်း(ဈေးနှိမ်လို့ရ) လို့ရနိုင်သမျှ နင်းကာ ဝယ်လေ့ရှိသည်။

ဆိုင်ကယ်တစ်စီးကို သုံးသိန်းဝန်းကျင် ပြင်ရမည်ဆိုပါက  ခြောက်သိန်းခန့်ကုန်မည်ဟု ပိုပိုသာသာ တွက်ပြလေ့ရှိပြီး ဈေးနင်းလေ့ရှိသည်။

ယင်းမှာ ဆိုင်ကယ်လောကတွင် ဈေးနှိမ်သည် ဈေးနင်းသည် ဟု ခေါ်ဝေါ် သုံးစွဲကြသည်။

ယင်းကဲ့သို့ တွက်ထားမှပင် ကိုယ်ထင်မှတ်မထားသည့် အခြားကုန်ကျစရိတ်များရှိလာပါက ကာမိမည်ဖြစ်သလို အကျိုးအမြတ်လည်း  မြိုးမြိုးမြတ်မြတ် ကျန်မည်ဖြစ်သည်။

သာမန်စီးနင်းသူထံမှဝယ်ချိန်တွင် ပြုပြင်ရမည့်ကုန်ကျစရိတ်ကို ယင်းသို့ တွက်ပြလေ့ရှိသည်။

ပွဲစားက ဝယ်ရောင်းသမားထံ လာရောင်းချိန်တွင် ‘ဝယ်ရောင်းဈေး’ ဆိုပြီး သီးခြားနှုန်းတစ်ခုသတ်မှတ်လေ့ရှိပြီး စီးနင်းသူဝယ်မည့်ဈေးထက် ကျပ်သိန်းဂဏန်း ခွာထားတတ်ကြသည်။

ဥပမာအနေဖြင့် စီးနင်းသူထံ ကျပ်၁၅ သိန်းဖြင့် ရောင်းနိုင်သည့်ဆိုင်ကယ်အား ဝယ်ရောင်းသမားထံလာရောင်းပါက ၁၃ သိန်းဝန်းကျင်သာ ဈေးခေါ်လေ့ရှိသည်။

ယင်းမှာ ပွဲစားနှင့် ဝယ်ရောင်းသမားအကြား အပြန်အလှန်နားလည်မှုထားကြပြီး ‘ကွက်ကျန်’ ဟု ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။

ဝယ်ရောင်းသမားက ဆိုင်ကယ်တစ်စီးဝယ်ပြီးပါက အခြေအနေအရ မူလီခေါင်းမှအစ ကာဗာအဆုံး တစ်စီးလုံးကို ပြန်လဲလေ့ရှိသည်။

ထိုသို့လဲရာတွင်လည်း အများအားဖြင့် အော်ရဂျင်နယ်ပစ္စည်းကိုသာ ဝယ်လဲလေ့ရှိပြီး ဆိုင်ကယ်တစ်စီးလုံးတွင်ပါသည့် မူလီခေါင်း၊ ဘီးဝင်ရိုး တစ်စုံလျှင် အနည်းဆုံး တစ်သိန်းရှစ်သောင်းဝန်းကျင်မှ အများဆုံး နှစ်သိန်းကျော်အထိ ကုန်ကျလေ့ရှိသည်။

အာဏာမသိမ်းခင်ကမူ ခုနှစ်သောင်းဝန်းကျင်သာ ပေါက်ဈေးရှိသည်။

ဆိုင်ကယ်ကာဗာ ခြစ်ရာစင်းရာများကိုမူ ဆေးပြန်မှုတ်ကြသလို အစိတ်အပိုင်းအလိုက် အသစ်ဝယ်လဲတတ်ကြသည်။

ဆေးမှုတ်မည်ဆိုပါက ဈေးသက်သာပြီး အမြန်ရနိုင်သည့် ဆေးမှုတ်သမားများထံ အလုပ်အပ်လေ့ရှိသည်။

အတော်အသင့် နားလည်သူဆိုပါက ဆေးသားကိုကြည့်ရုံဖြင့် ဆေးပြန်မှုတ်ထားသည့် ကာဗာ သို့မဟုတ် အသစ်ဝယ်လဲထားသည့်ကာဗာဆိုကာ ခွဲခြားနိုင်ပေသည်။

ကန်သမား

ကန်သမား ဆိုသည်မှာလည်း ပွဲစားအုပ်စုဝင်ပင်ဖြစ်ပြီး ဝယ်လက်ထံမှ ၎င်းတို့ငွေကြေးဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ်ကို ဝယ်ရောင်းသမားထံ တစ်ဆင့်ခံ ပြန်ရောင်းလေ့ရှိသည်။

တစ်ခါတစ်လေတွင်မူ ကန်သမားက ရောင်းချသူထံမှ ဆိုင်ကယ်ယူလာပြီး ဝယ်ရောင်းသမားထံ လာရောင်းကြသည်များ လည်းရှိသည်။

သို့ရာတွင် ဈေးနှုန်းကိုမူ ဝယ်ရောင်းသမားတွက်ခြေကိုက်နိုင်မည့် ‘ကွက်ကျန်’ ဈေးဖြင့်သာ လာရောင်းလေ့ရှိသည်။

ဝယ်ရောင်းသမားထံ လာရောင်းချိန်တွင်လည်း ဈေးချောင်(ဈေးနည်း)သည့်အပေါ်မူတည်ကာ ပွဲခအဖြစ် အနည်းဆုံး ငါးသောင်းကျပ်မှ သိန်းဂဏန်းအထိ ညှိနှိုင်းပြီး တောင်းတတ်ကြသည်။

အများအားဖြင့် ‘ကန်သမား’လုပ်သူ အများစုက ဝါရင့်ပွဲစားများက လုပ်လေ့ရှိပြီး သူတို့က စကားပြော ပရိယာယ်ကြွယ်ဝသူများဖြစ်သည်။

အွန်လိုင်းပေါ်ရောက်လာသည့် ပွဲစားတန်း

ယခင်ကမူ ‘ဆိုင်ကယ်ပွဲစားတန်း’ ဟု ဆိုလိုက်ပါက ထားဝယ်မြို့ရှိ ရွှေပလောင်လက်ဖက်ရည်ဆိုင်ဟု လူသိများသည်။

ထိုနေရာက အမျိုးမျိုးသော ဆိုင်ကယ်ပွဲစားများဖြင့် တရုန်းရုန်းရှိနေသည့်နေရာလည်း ဖြစ်သည်။

အခုဆယ်စုနှစ်အတွင်းမှာပင် ရွှေပလောင်လက်ဖက်ရည်ဆိုင်နေရာတွင် ဖုန်းဆိုင်ဖွင့်လိုက်ပြီးနောက်ပိုင်းတွင်မူ ထားဝယ်ပွဲစားတန်းလည်း ဘုံပျောက်သွားခဲ့သည်။

မဲဒိုလက်ဖက်ရည်ဆိုင်၊ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်နေသည့်ဆိုင်များ အစသဖြင့် နေရာပေါင်းစုံ ပြန့်ကျဲသွားတော့သည်။

ထိုသို့သော အခြေအနေတွင် နည်းပညာဖွံ့ဖြိုးပြီး လူတိုင်းဖုန်းကိုင်နေသည့်ခေတ်ရောက်လာချိန် ပွဲစားတန်းက အွန်လိုင်းပေါ်ရှိ ဖေ့ဘုတ်ခ် ပလက်ဖောင်းပေါ် ရောက်လာသည်။

ထိုသို့ အွန်လိုင်းပေါ်ရောင်းချရန်အတွက်လည်း ဆိုင်ကယ်ရောင်းဝယ်ရေးဂရုများ(Groups)များ ဖွဲ့ထားသည်။ ထားဝယ်ဒေသတွင် ဆိုင်ကယ်ရောင်းဝယ်ရေးဂရု ၅ ခုထက်မနည်းရှိပြီး ဂရုဝင်ထားသူ ထောင်ချီ သောင်းချီရှိကြသည်။

ရောင်းလို ဝယ်လိုသည့် ဆိုင်ကယ်ကို အဆိုပါဂရုတွင် ဓာတ်ပုံရိုက်ပြီး Post တင် ရောင်းချလေ့ရှိသည်။

စီးနင်းသူများကမူ ရောင်းချလိုသည့် ဆိုင်ကယ်ဈေးနှုန်းကို ဖော်ပြပြီး Post တင်လေ့ရှိသော်လည်း ပွဲစားနှင့် ဝယ်ရောင်းသမားများကမူ ဈေးတင်လေ့မရှိပေ။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်ဖော်ပြထားပြီး ဖုန်းဆက်မေးမြန်းရန် ဖော်ပြထားသူများလည်း ရှိသည်။

ထို့အပြင် အွန်လိုင်းပေါ်မှ ဆိုင်ကယ်ဈေးနှုန်းမေးသည့်အချိန်တွင် “CB’ လာပါဟုဆိုကာ ဝယ်လက်ကို ဆွဲခေါ်လေ့ရှိသည်။

CB ဆိုသည်မှာ  ဖေ့ဘုတ်မက်ဆင်ဂျာ Chat Box ကိုဆိုလိုခြင်းဖြစ်ပြီး အဆိုပါပလက်ဖောင်းပေါ်တွင်ပင် ဈေးနှုန်းညှိနှိုင်းကာ အရောင်းအဝယ်လုပ်ကြသည်။

ထိုသို့ ဈေးနှုန်းကို တစ်ခါတည်းမဖော်ပြဘဲ CB သို့ ခေါ်ပြီးမှဈေးညှိနှိုင်းရသည့် အကြောင်းအရင်းကလည်း ရှိနေပြန်သည်။

ဆိုင်ကယ်စီးနင်းသူများက ၎င်းတို့လက်ဝယ်ရှိ အမျိုးအစား၊ မော်ဒယ်တူ ဆိုင်ကယ်ဈေးနှုန်းကို တွေ့မြင်ချိန်တွင် မှတ်ထားတတ်ကြသည်။

ထိုသို့မှတ်ထားပြီး ၎င်းတို့ဆိုင်ကယ်ရောင်းချိန်တွင် ယင်းဈေးနှုန်းအတိုင်းရမှသာ ရောင်းကြတော့သည့်အတွက် ပွဲစား၊ ဝယ်ရောင်းနှင့် ကန်သမားများက လုပ်ရကိုင်ရခက်ခဲသွားတော့သည်။

အမှန်မှာမူ ဆိုင်ကယ် အမျိုးအစားနှင့် မော်ဒယ်တူသော်လည်း စီးထားသည့်နေရာ ဒေသ၊ စီးနင်းသူ၏ စည်းကမ်းရှိမှု အပေါ်မူတည်ကာ အင်ဂျင်၊ ကာဗာ၊ မူလီခေါင်းများ ကွာခြားသွားလေ့ရှိသည်။

ယင်းသို့ ဆိုင်ကယ်အနေအထား (ပွဲစားအခေါ် ဆိုင်ကယ်ဇ)ကွာခြားသွားသည့်အလျောက် ဈေးနှုန်းလည်း မတူကွဲပြားသွားတတ်ပြီး အချို့ဆိုင်ကယ်များမှာ ကျပ်သိန်းချီ ကွာဟသည်။

ထိုကြောင့် အွန်လိုင်းပေါ်မှတစ်ဆင့်ရောင်းသည့်အခါတွင် ဈေးနှုန်းမဖော်ပြတော့ဘဲ ဖုန်းနံပါတ် သို့မဟုတ် CB သို့ ခေါ်သည့် ဓလေ့တွင်ကျယ်လာသည်။

ယင်းသို့အခြေအနေတွင် စစ်ကောင်စီကလည်း အွန်လိုင်းပေါ်မှဈေးရောင်းသူများကို တင်းကြပ်သည့်အမိန့်များ တောက်လျှောက်ထုတ်ပြန်လာသည်။

အွန်လိုင်းဈေးရောင်းသူများ မှတ်ပုံတင်ရမည့်အပြင် ရောင်းမည့်ကုန်ပစ္စည်းဈေးနှုန်းမေးချိန် CB သို့ခေါ်ပါက အရေးယူမည်ဟု ဆိုလာသည်။

ယင်းသို့ ထုတ်ပြန်ထားသည့်အတွက် ဆိုင်ကယ်ဝယ်ရောင်းသမားများလည်း ဖမ်းဆီးအရေးယူမည်ကို စိုးရိမ်လာကြသည်။

လက်ရှိအချိန်တွင် ယင်းသို့ ကြပ်မတ်မှုမရှိသေးသော်လည်း တစ်ချိန်ချိန်တွင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာမည်ကို စိုးရိမ်မိကြောင်း ဆိုင်ကယ်ဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

“ဝယ်သမားအသွင်ယူပြီး အဖမ်းခံရမှာတော့ ကြောက်နေရတာပေါ့။ အွန်လိုင်းပေါ်တင်ရောင်းတော့မယ်ဆိုရင် ရောင်းမယ်ဆိုတဲ့ စကားလုံးမပါဘဲ ဓာတ်ပုံလေးပဲတင်ပြီး ဝိနည်းလွတ် လုပ်နေရပေါ့”