KIAနှင့် ပူးပေါင်းအဖွဲ့ ကောလင်းမြို့ကိုဝင်တိုက်၊ တမူး၊ ကလေးတို့တွင်လည်း တိုက်ပွဲဖြစ်

0
850

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို KIA၊ AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တမူးနှင့် ကလေးမြို့နယ်ထဲတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၃ရက် နံနက် ၄နာရီဝန်းကျင်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဆိုသည်။

ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ထားကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် နံနက်ပိုင်း ပြန်လည်တိုက်ခိုက်ကြောင်း Kawlin Revolution-KR ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တမူးမြို့နယ် ခါမ်းပတ်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများနှင့် ကလေးမြို့နယ်ထဲတို့တွင် ABSDF ၊ PDF တပ်ဖွဲ့နှင့် CDF (တွန်းဇံ) တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများကို အကူအညီပေးရေး လုပ်ဆောင်သူတို့ထံမှ သိရသည်။