ရှမ်းမြောက်တွင် စစ်ဘေးရှောင်နှစ်သောင်းကျော်တိုးလာကြောင်း ကုလထုတ်ပြန်

0
755
ပုံစာ - လားရှိုးမြို့နယ်ထဲက စစ်ဘေးရှောင်များ။ Photo - Aai Lao Noyt

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀၀၀ ကျော် တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။

လတ်တလောတွင် စစ်ဘေးရှောင် နှစ်သောင်းကျော်တိုးလာသဖြင့် စစ်ဘေးရှောင် ၃၇၄၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၂ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၂၂ခုအနက် ကိုးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ကြောင်း ဖော်ပြသည်။

စစ်ဘေးရှောင်များ တိုးမြင့်လာသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များလည်း မြင့်တက်နေကြောင်း ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးက လမ်းပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များ ပိုမို တိုးမြှင့်ခြင်းကြောင့် အရပ်သားသွားလာရေးနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေကြောင်းလည်း ရေးသားထားသည်။

ကိုးကန့်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေပြီး ကွတ်ခိုင်မြို့တွင် လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း ကုလက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ၁၀၂၇ စစ်ဆင်းရေးဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ယနေ့ အထိ တိုက်ပွဲပြင်းထန်နေသည်။

ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲပြင်းထန်ကာ စစ်ဘေးရှောင်များ တိုးလာကြောင်း UNOCHA က ထုတ်ပြန်ထားသည်။