ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ပုလောစစ်ကြောင်း ၁ ဖမ်းဆီး

0
1566
ပုံစာ - လူသတ်မှုတွင်ပါဝင်ခဲ့သူ တစ်ဦး။ ဓာတ်ပုံ - ပုလောစစ်ကြောင်း ၁

ပုလောမြို့နယ်တွင် လွန်ခဲ့သည့် ၁၀ လခန့်ကဖြစ်ပေါ်ခဲ့သော ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ပုလောစစ်ကြောင်း- ၁ က ထုတ်ပြန်လိုက်သည်။

သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းထွန်းကို ပုလောစစ်ကြောင်း-၁ က ညောင်ရှင်ကုန်းရွာတွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခုနှစ်လောင်းပြိုင် လူသတ်မှုတွင် ဦးဝင်းထွန်း ကိုယ်တိုင်ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဝန်ခံထားပြီး အခြားသူများကိုလည်း စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီးနှင့် သမီးဖြစ်သူ၊ မြေးဖြစ်သူတို့ကို လက်နက်ကိုင်လူတစ်စုက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်အောင်၏ မြေးတော်စပ်သူ အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် မသားသား အပါအဝင် အသက် ၉ နှစ်အရွယ် မမေဇင်ဖြူ၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင် အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၄၂ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်သန်းသန်းမော်နှင့် အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ကြင်နွဲ့တို့ကို လက်နက်ကိုင်လူတစ်စုက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဘာလို့ ဒီအမှုကိုဖော်ထုတ်ရတာလဲဆိုတော့ လူသတ်မှုဖြစ်တုန်းက တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပုံရိပ်ကျတာလည်း ရှိတယ်၊ ကျွန်တော်တို့က လက်မ မကောင်းရင် လက်မ၊ ခြေမ မကောင်းရင် ခြေမ အဲ့လိုပဲလုပ်တာလေ၊ အမေက ဒလန် လုပ်တယ်ဆိုရင် အမေကိုပဲ လုပ်ရမှာ၊ အဖေက ဒလန်လုပ်တယ်ဆိုရင် အဖေကိုပဲ သတ်ရမှာ၊ တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများလည်း ပုံရိပ်ကျခံထိတယ်ဆိုတော့ အခုလိုဖမ်းဆီးရတာ” ဟု ပုလောစစ်ကြောင်း-၁ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိသားစုဝင်များကို လာရောက်သတ်ဖြတ်ခဲ့သည့်ညက ဖြစ်စဉ်တွင် လူဆယ်ဦးကျော်ပါဝင်ပြီး အိမ်ပေါ်တက်၍ သတ်ရာတွင် ပါဝင်သူမှာ ခုနှစ်ဦးခန့်နှင့် အပြင်တွင် လေးဦးခန့်ကျန်ရစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

အလားတူ ဦးဝင်းထွန်းကလည်း ယခုလူသတ်မှုတွင် လူ ၁၂ ဦးခန့်ပါဝင်သည်ဟု ထွက်ဆိုထားကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါလူသတ်မှုတွင် နှစ်ဖက်အပြန်အလှန် အခကြေးငွေပေးပြီး လူငှားသတ်ခိုင်းသည့်ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ ထိုင်းဘက်ကို လူမှောင်ခိုပို့နေသည့် လမ်းကြောင်းကိစ္စများ ပါဝင်ပတ်သက်နေဖွယ်ရှိကြောင်း ဦးမြင့်အောင်နှင့် ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်များအရ သိရသည်။

မိသားဝင်ခုနှစ်ဦးကို သတ်ဖြတ်ခဲ့မှုတွင် ဦးဝင်းထွန်းပါဝင်သည်ကို အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ဖြစ်ဖြစ်ချင်းညမှာပင် သိရှိခဲ့ရပြီး ပါဝင်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးဖော်ထုတ်ပေးဖို့ စစ်ကောင်စီတပ်ဖွဲ့ကိုပြောဆိုခဲ့သော်လည်း မည်သည့်လုပ်ဆောင်မှုမျှ မရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“(စကစ)ဘာမှမလုပ်ပေးဘူးသူတို့၊ အခုထက်ထိကို အဆက်အသွယ်လုံးဝ မရှိဘူး၊ စာရင်းယူတာလောက်ပဲရှိတယ်၊ အခုထက်ထိ ဘာမှလုပ်ပေးတာမရှိဘူး။ သူတို့အတွက်ကို ကျွန်တော်လုပ်ပေးနေတာ ကျွန်တော့်ဘက်ကို ပြန်မကြည့်ဘူးဆိုတော့ တစ်ချက်တော့ ကျွန်တော်ဝမ်းနည်းတယ်ပေါ့နော်” ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

ဦးမြင့်အောင်သည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ရပ်ကျေးကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သလို ၎င်း၏ သားမက်ဖြစ်သူမှာလည်း ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလခန့်မှာ ပြောဆိုဖူးသည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ဒေသတွင်း တိုက်ပွဲများကြောင့် ပြည်သူများမှာ အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရသလို စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများ၊ တော်လှန်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် မည်သည့်အဖွဲ့ကမှန်းမသိဘဲ သတ်ဖြတ်ခံရမှုများကိုလည်း ကြုံတွေ့နေကြရသည်။

“ကျွန်တော်တို့ဘက်ခြမ်းမှာလည်း မိသားစုတစ်စုလုံးပျောက်နေတာတွေရှိတယ်၊ ဘယ်ဘက်ခြမ်းကပဲ ကျူးလွန်လွန် လူတွေရဲ့ အသက်အန္တရာယ်ကို လုံခြုံမှုကိုခြိမ်းခြောက် နှောက်ယှက်လာတဲ့အခါ ကာကွယ်ပေးရဖို့ တာဝန်က တော်လှန်ရေးအင်အားစုတွေမှာ ရှိတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကာအကွယ်မဲ့နေသည့် ပြည်သူလူထုကို ကာကွယ်ပေးရန်မှာ တော်လှန်ရေး အဖွဲ့များကိုသာ အားကိုးအားထားပြုရမည်ဖြစ်ကြောင်း ရှုမြင်သူများလည်း ရှိနေသည်။