ဖူးခက်တွင် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ပိုက်ဆံခိုးသည်ဆိုကာ ဖမ်းဆီး

0
5467

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ပါတော်ဒေသရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား ဧည့်သည်ထံမှ ဘတ် ၁၄၀,၀၀၀ ကျော် ခိုးသည်ဟုဆိုကာ ပါတော်ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၂၇ ရက်က ပါ‌တော်ဒေသရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော နိုင်ငံခြားသားတစ်ဦး၏ အိပ်ခန်းအတွင်းမှ အမေရိကန်ဒေါ်လာ ၇၀၀ ပျောက်ဆုံးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကလည်း နိုင်ငံခြားသားဧည့်သည် ၂ ဦး၏ အိပ်ခန်းအတွင်းက ဘတ် ၅၅၀၀၀ ပျောက်ဆုံးသွားခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယင်းနောက် နယ်မြေရဲစခန်းက ဇန်နဝါရီ ၁၂ ရက်တွင် ဟိုတယ်သို့လာရောက်၍ စုံစမ်းစစ်ဆေးသောအခါ အသက် ၂၇ နှစ်အရွယ် မလှလှဝင်း အမည်ရှိ မြန်မာဝန်ထမ်းတစ်ဦးသည် ဟိုတယ်အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်ကို တွေ့ရှိရဟုဆိုသည်။

ထွက်ပြေးသွားသော မြန်မာဝန်ထမ်းကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးရာ နိုင်ငံခြားသားဧည့်သည်သုံးဦး၏ ငွေများကိုခိုးယူခဲ့ပြီး ရွှေထည်ပစ္စည်းများကို ဝယ်ယူခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း ဝန်ခံချက်ကို သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာဝန်ထမ်းကို ဖမ်းဆီးခဲ့ပြီး ခိုးယူထားသောငွေများဖြင့် ဝယ်ယူထားသော ဘတ် ၁၄၀၀၀၀ တန်ဖိုးရှိ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၂ ကွင်းနှင့်၊ ရွှေလက်စွပ် ၂ ကွင်းတို့ကိုလည်း သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးခံရ‌သော မြန်မာဝန်ထမ်း မလှလှဝင်းကို ပါ‌တော်နယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူရန် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

Ref: Matichon Online, CH 7 News HD