အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်

0
378
ပုံစာ - ဧပြီလ ၂၉ ရက်နေ့က ထိုင်းသို့ လေကြောင်းက ဝင်လာသော MoU မြန်မာလုပ်သားများ။ ပုံ - အလုပ်သမားသံအရာရှိရုံး

အမျိုးသားများ ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်ခေါ်စာ တင်သွင်းမှုကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံသားများ ပြည်ပထွက်၍ တရားဝင်အလုပ်လုပ်ခွင့် ပိတ်သွားပြီဖြစ်သည်။

မေလ ၂ ရက်နေ့မှစ၍ အမျိုးသားများအား အလုပ်ခေါ်စာ တင်သွင်းခြင်းကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများကဆိုသည်။

မြန်မာပြည်တွင်းရှိ မည်သည့်အမျိုးသားများကိုမဆို ပြည်ပအလုပ်သမား စေလွှတ်ရန် ခွင့်ပြုပေးမည်မဟုတ်ကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက သတင်းဌာနများသို့ အတည်ပြု ပြောကြားလိုက်သည်။

ယနေ့မေလ ၂ ရက်နေ့တွင် ပြည်ပအလုပ်အကိုင်အေဂျင်စီအများစုက အလုပ်ခေါ်စာ (Demand letter) အသစ်များ နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီဌာနကို တင်သွင်းရာတွင် အမျိုးသားများကို လက်မခံတော့ပဲ အမျိုးသမီးအလုပ်သမားများကိုသာ ခွင့်ပြုပေးခဲ့ကြောင်း Zin Tun Win 999 အေဂျင်စီ၏ ထိုင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့က အမျိုးသားတွေ လက်မခံဘူးဆိုတာမျိုးကို စာထုတ်ညွှန်ကြားတာမျိုး မရှိသေးဘူး။ နှုတ်နဲ့ပဲ ညွှန်ကြားထားတာပေါ့နော်။ အမျိုးသားအမည်တွေ တင်သွင်းလို့ မရတော့ဘူးဆိုတော့ ထိုင်းဘက်မှာ ရှိတဲ့ အေဂျင်စီတွေနဲ့ ပြန်ညှိနှိုင်းပြီး ပြန်တင်မှပဲ ရတော့မယ်” ဟု ၎င်းကဆိုသည်။

နောက်ထပ်အလုပ်သမားစေလွှတ်မှုများအတွက် ထိုင်းအေဂျင်စီများနှင့် ပြန်ညှိနှိုင်းပြီး ပြင်ဆင်၍ အလုပ်ခေါ်စာများ တင်သွင်းရတော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားအလုပ်သမားများအား အလုပ်ခေါ်စာတင်သွင်းမှု ပိတ်ပင်ထားခြင်းနှင့်ပတ်သက်၍ MOEAF(မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်) ကို ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်သမားစေလွှတ်ရေး အေဂျင်စီများသို့ တရားဝင် စာထုတ်ညွှန်ကြားခြင်းမျိုးမရှိသေးသဖြင့် ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ယခုအပတ်အတွင်း ထိုင်းသို့ လေကြောင်းက MoU လုပ်သားစေလွှတ်ခဲ့သော An Emissary For Myanmar Employer အေဂျင်စီက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စာနဲ့ မထွက်သေးဘူးပေါ့နော်။ နှုတ်မိန့်နဲ့ပဲ ညွှန်ကြားထားတာ။ အသစ်တင်မယ့်စာရင်းတွေဆိုရင် အမျိုးသမီးတွေပဲ လက်ခံတော့မယ်ဆိုတဲ့အကြောင်းပေါ့” ဟု ၎င်းကဆိုသည်။

တရားဝင် စာထုတ်ညွှန်ကြားခြင်းမရှိသေးဖြင့် ၁ လ သို့မဟုတ် ၂ လ ယာယီပိတ်သလားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မေလ မတိုင်ခင်က စာရင်းတင်ထားပြီး ခွင့်ပြုချက်ကျပြီးသားသူများကို ပုံမှန်အတိုင်းစေလွှတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အမျိုးသားများစေလွှတ်ခွင့် ပိတ်ပင်ထားသဖြင့် အမျိုးသမီးများသာ စေလွှတ်သွားရမည်ဖြစ်ကြောင်း အေဂျင်စီများက ဆိုသည်။

ယခုပိတ်ပင်ထားမှုကြောင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော အမျိုးသား အလုပ်သမားများအားလုံး သက်ရောက်မှုရှိမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကဆိုသည်။