ကော်သူးလေတပ်က အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်တစ်နှစ်ရပ်ဆိုင်း

0
27502

ကော်သူးလေတပ်(KTLA)၏ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်တစ်နှစ်ရပ်ဆိုင်းကြောင်း KTLA ဗဟိုဌာနချုပ်ရုံးက ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တပ်ရင်းမှူး ဗိုလ်စလုံးမှာ ပြည်သူလူထု၏ သဘောထားအမြင်ကို ဆန့်ကျင်ခြင်း၊ အဖွဲ့အစည်းနှင့် ခေါင်းဆောင်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားအောင်လုပ်ဆောင်ခြင်းကြောင့် KTLA ဗဟိုဌာနချုပ်က တာဝန်မှ ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဧပြီလ (၈)ရက်နေ့က စစ်ကောင်စီကို ကူညီပေးသည်ဟု စွပ်စွဲချက်ဖြင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် -DKBA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် ယင်းတပ်ဖွဲ့ တာဝန်ရှိသူက KTLA ဗဟိုထံ တင်ပြတောင်းဆိုလာသဖြင့် ဗိုလ်စလုံးကို တာဝန်က ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ဖမ်းဆီးသတ်ဖြတ်လိုက်သည့် DKBA တပ်ဖွဲ့မှ ဗိုလ်အာနိုးမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟောင်းဖြစ်ပြီး ယခု စစ်တပ်ကို ရိက္ခာ၊ စစ်လက်နက်နှင့် စစ်ကူများပေးပို့နေသလို စစ်တပ်မှ လူနာများကို ကူညီသယ်ဆောင်ကာ ဆေးကုသပေးနေသဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်စလုံးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး DKBAနှင့် KTLA၊ BGF တို့ကြားတွင် တိုက်ပွဲဖြစ်လာမည်စိုးသဖြင့် ဗိုလ်စလုံးကို တပ်မဟာ(၆)နယ်မြေမှ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် KTLA ဘက်က ပြီးခဲ့သည့်ရက်တွင် ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။

နောက်ရက်တွင်မူ ပြောင်းရွေ့တာဝန်ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ တာဝန်က တစ်နှစ်ရပ်ဆိုင်းသည့် စာထွက်လာခြင်းဖြစ်သည်ဟု ဗိုလ်စလုံးက ပြောသည်။

“ကျွန်တော်ပြောချင်တာကတော့ ရာထူးထုတ်မယ်၊ ရပ်ဆိုင်းမယ်၊ မောင်းထုတ်မယ်၊ သတ်မယ်ဆိုရင် သူတို့လူကြီးအပိုင်းက သေသေချာချာ လေ့လာပြီးမှ ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်သင့်တယ်။ အခုက ဆွေးနွေးမှုတိုင်ပင်မှုမရှိဘူး” ဟု ဗိုလ်စလုံးက ပြောသည်။

ဗိုလ်စလုံးမှာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ထံတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် ဗိုလ်စလုံးအပါအဝင် လက်အောက်ငယ်သား ၃၀၀ ခန့်မှာ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KNDO တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

ဗိုလ်ချုပ်စောနယ်ဒါးမြမှာ ဝေါလေဒေသက အရပ်သား ၂၅ ယောက် အသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး KNU က ဇန်နဝါရီလ ၁၇ ရက်တွင် တာဝန်မှရပ်ဆိုင်းခဲ့သဖြင့် ဇူလိုင်လ ၁၆ ရက်တွင် ဗိုလ်ချုပ်စောနယ်ဒါးမြက KTLA တပ်ဖွဲ့ကို ခွဲထွက်တည်ထောင်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်း၊ မဟာမိတ်ပူးပေါင်း ဆင်ဖြူစစ်ကြောင်းတွင် ဒုတိယ ဗိုလ်မှူးကြီးစောစလုံးမှာ တပ်ရင်းမှူးဖြစ်လာပြီး ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေတွင် အခြေစိုက်လှုပ်ရှားနေခြင်းဖြစ်သည်။