တနင်္သာရီတိုင်းတွင် မနက်ဖြန် မိုးရွာမည်

0
2681
ပုံစာ - မိုးဇလမှ ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည့် မိုးလေဝသမြေပုံ။ ဓာတ်ပုံ - မိုးဇလ

တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် စသည့် ဒေသ ၅ ခုတွင် မနက်ဖြန် မေလ ၃ ရက်၌ နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈ဝ ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

ယင်းဒေသ ၅ ခုအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင်လည်း နေရာအနှံ့အပြားနီးပါး မိုးရွာမည်ဟု မိုးဇလကဆိုသည်။

မိုးရွာသွန်းမှုနှင့်အတူ မိုးတိမ်တောင်ဖြစ်ပေါ်ပြီးနေရာရွေ့လျားရာတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း ၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလကသတိပေးထားသည်။

ယနေ့ မေ ၂ ရက်တွင် ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် တိမ်အသင့်အတင့်ရှိကာ မြိတ်မြို့ပတ်ဝန်းကျင်တွင်မူ မနက်ပိုင်းတွင် မိုးတိမ်ထူထပ်၍ ညနေပိုင်းတွင် တိမ်အသင့်အတင့်ရှိကြောင်း ယင်းမြို့ခံများထံကသိရသည်။

ဧပြီလ ၁၂ ရက်က ထားဝယ်ခရိုင်တွင် တစ်ခရိုင်လုံးနီးပါး သင်္ကြန်ကာလအကြိုမိုးရွာသွန်းခဲ့ပြီး မြိတ်ခရိုင်တွင်မူ နေရာကွက်ကြားသာ ရွာသွန်းခဲ့သည်။

မနက်ဖြန် မေလ ၃ ရက် မှ ၅ ရက်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းနှင့် မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းအတွက် မိုးဇလ က သတိပေးထားသည့် ဒေသ ၁၂ ခုတွင် တနင်္သာရီတိုင်းပါဝင်သည်။