ပန်းရောင်ဘတ် အသစ်လျှောက်ခွင့်ပြုရန် အစီအစဉ်မရှိသေးဟု ထိုင်းအစိုးရထုတ်ပြန်

0
443
ပုံစာ - ပြီးခဲ့သော ဧပြီလတွင် ချင်းဒေါင်းဂိတ်တွင် အလုပ်လုပ်ခွင့်လက်မှတ် စစ်ဆေးနေစဉ် (Royal Thai Army)

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ဘတ်) အသစ်လျှောက်ထားခွင့်ပေးရန် အစီအစဉ် မရှိသေးသဖြင့် အယုံမလွယ်ကြရန် ထိုင်းအလုပ်သမားရုံးက ဧပြီ ၃၀ တွင် ထုတ်ပြန်သတိပေးလိုက်သည်။

ပန်းရောက်ဘတ်အသစ်ဖွင့်ပေးမည်ဟု ပြင်ပတွင် ကောလာဟလသတင်းများ ထွက်နေသည့်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး အကယ်၍ အထောက်အထားမဲ့ အလုပ်သမားများ အလုပ်ခန့်ထားသည်ကို စစ်ဆေးတွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများကို အမည်စာရင်းတင်သွင်းရန် ခွင့်ပြုပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ သတင်းမေးကြားမှုများ၊ ထိုင်းအလုပ်သမားရုံးထံသို့ စာတိုပေးပို့မှုများ များပြားလာသဖြင့် အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးကြောင်း အလုပ်သမားရုံးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တရားမဝင် အလုပ်ခန့်ထားပါက ချက်ချင်း အရေးယူသွားမည်ဖြစ်ပြီး အကယ်၍ တရားဝင် အလုပ်ခန့်ထားလိုပါက အလုပ်ရှင်ကိုယ်တိုင်ဖြစ်စေ အေဂျင်စီများကတစ်ဆင့်ဖြစ်စေ MoU စနစ်ဖြင့် အလုပ်သမားခေါ်ယူခန့်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ဖွင့်လှစ်ပေးရန် အစည်းအဝေး ဆုံးဖြတ်ချက်မကျသေးသဖြင့် ပန်းရောင်ဘတ်အသစ်အတွက် ပွဲစားများကို ငွေကြိုမပေးကြရန်နှင့် လိမ်လည်ခြင်းမခံရရန် သတိပြုစေလိုကြောင်း Labour Rights Foundation နှင့် ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) က ကိုဇော်က ပြောသည်။

“အလုပ်မရှိတဲ့ အလုပ်သမားတွေ သတင်းအချက်အလက်မခိုင်မာပဲ ပွဲစားတွေကို ပိုက်ဆံ အလျင်လိုပြီး ကြိုမပေးကြဖို့ပါ။ ပွဲစားတွေက ငါးလပိုင်းကျရင် ဖွင့်မယ် ခြောက်လပိုင်းကျရင် ဖွင့်မယ်နဲ့ ပိုက်ဆံတွေ လိမ်လည်ကောက်ယူနေတာမျိုးတွေ သတိထားကြဖို့လိုပါတယ်” ဟု ကိုဇော်က ဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသားများထက် မြန်မာအချင်းချင်း လိမ်လည်မှုများကို ပိုမိုဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

ယခု ပန်းရောင်ဘတ်အသစ်ဖွင့်တော့မည့် သတင်းကြောင့် မြန်မာပွဲစားများက အချိန်တိုအတွင်း အချိန်မီ စာရင်းပေးကြဖို့ တိုက်တွန်းနေပြီး နာမည်စာရင်းပေးခအနေဖြင့် အနည်းဆုံး ဘတ် ၁၀၀၀ မှ ၂၀၀၀ အထိ ကောက်ခံနေမှုများကို အလုပ်သမားများက မြင်တွေ့နေရသည်။

“ဘတ်မရှိတော့ အလုပ်လဲရှာမရ အဲတော့ ပွဲစားတွေက ဘတ်ဖွင့်တော့မယ် စာရင်းပေးဆိုလို့ ဘတ် ၂၀၀၀ နဲ့ စာရင်းသွားပေးထားပြီးပြီ။ ဘာစာရွက်စာတမ်းမှ မရလာသေးဘူး” ဟု ကော့စမွေကျွန်းတွင် ပန်းရောင်ဘတ်လုပ်ရန် စာရင်းပေးထားသူတစ်ဦးက ဆိုသည်။

စာရင်းပေးရာတွင် ဓါတ်ပုံနှစ်ပုံ၊ နိုင်ငံကူးလက်မှတ်ရှိပါက ဓါတ်ပုံ၊ သူဌေးရှိပါက အချက်အလက်များဖြင့် လာရောက်တင်နိုင်သည်ဟု ကြေညာထားကြောင်း ၎င်းကဆိုသည်။

ထိုင်းအစိုးရက ပန်းရောက်ဘတ်အသစ်ဖွင့်ပြီဟု တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသည့်အချိန်အထိ မြန်မာအလုပ်များအနေဖြင့် သတိထားနေထိုင်သင့်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ကိုမင်းဦးကလည်း ပြောဆိုသည်။

“တရားဝင် ထုတ်ပြန်တဲ့အချိန်အထိ ငွေကြိုစုထားမယ်။ အဖမ်းမခံရအောင်နေမှရမယ်။ ငွေကြေးကိစ္စတွေကို သတိထားပြီးမှ ကြိုပေးသင့်တယ်” ဟု ၎င်းကဆိုသည်။

အကယ်၍ ပန်းရောင်ဘတ်ပြုလုပ်ရန် ငွေကြိုပေးပြီး စာရင်းပေးလိုပါက တရားဝင် အကျိုးဆောင်နာမည်ကြီးများနှင့် ဆောင်ရွက်ကြရန်လိုအပ်ပြီး တစ်ဆင့်ခံ ပွဲစားများနှင့် မပြုလုပ်သင့်ကြောင်း ၎င်းက အကြုံပြုထားသည်။

ယခု မေလထဲတွင် ထိုင်းအစိုးရက ပန်းရောင်ဘတ်အသစ်ဖွင့်ပေးမည်ဟု အကျိုးဆောင်များက ကြေညာနေသကဲ့သို့ ငွေကြေးကြိုတင်ကောက်ခံနေမှုများကို မြင်တွေ့နေရသဖြင့် သတိထားကြဖို့ အလုပ်သမားအရေးဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။