ကော့သောင်း၊ ကံမော်ကြီးရွာတွင် ဆိုလာစနစ်တပ်ပေးမည်ဟုဆိုကာ စစ်ကောင်စီတပ်စည်းရုံး

0
1146

ကော့သောင်းခရိုင် ကရသူရိမြို့ မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာတွင် ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများ ပေးအပ်မည်ဟု စစ်ကောင်စီတပ်က စည်းရုံး ပြောဆိုခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀ ဦးခန့်ပါသည့် စစ်ကြောင်းက ကားများဖြင့်ရောက်လာကြောင်း အသက် ၃၈ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုနောက် ရွာသားများကို ခေါ်ယူကာ ကျေးရွာအတွင်းလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများကို ယခုနှစ် စက်တင်ဘာလအတွင်း တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် ယခုစည်းရုံးရေးလာသော ယင်းကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ်က ဒေသခံများကို ရိုက်နှက်ခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်က အဆိုပါကျေးရွာသို့ စစ်သင်္ဘောဖြင့် ဝင်လာပြီး PDFများကိုလာရှာသည်ဟုဆိုကာ ကင်းပုန်းလာဝပ်ချိန် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း ၎င်းတို့သွားလေရာ ဖမ်းခေါ်သွားပြီး နောက်ပိုင်းမှ ပြန်လွှတ်ခဲ့ဖူးသည်။

“သူတို့ကတော့ ရွာသားတွေကို လျှပ်စစ်မီးပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး လာစည်းရုံးတဲ့သဘောပါပဲ။ ပြောဆိုပြီး ညနေပိုင်းမှာ ပြန်သွားကြတယ်။ ဖမ်းတာဆီးတာတော့ မရှိဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာ၌ လျှပ်စစ်မီးကို ပုဂ္ဂလိက လုပ်ငန်းရှင်က တစ်နိုင်တစ်ပိုင်ပုံစံဖြင့် အချိန်ပိုင်းဖြန့်ဝေပေးနေပြီး မီးသုံးစွဲမှုအပေါ်မူတည်ကာ တစ်လလျှင် ၁၂၀၀၀ ကျပ်မှ ကျပ်နှစ်သောင်းကျော်အထိ ပေးဆောင်ရသည်။

ရွာသို့ရောက်လာသည့် စစ်ကောင်စီတပ်သားများက ဆိုလာသုံးလျှပ်စစ်စနစ်အတွက် မီတာတပ်ဆင်ခအနေဖြင့် ငွေကျပ်ခြောက်သောင်းသွင်းရမည်ဖြစ်သည့်အပြင် နောက်ထပ်လည်း ငွေကျပ်သိန်းချီသွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း ယင်းဒေသခံက ပြောသည်။

ကံမော်ကြီးရွာသည် ပင်လယ်ကမ်းစပ်တွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ ပင်လယ်ငါးဖမ်းသည့်တံငါလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။