မြဝတီတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ခံများ မဲဆောက်သို့တိမ်းရှောင်၊ ထိုင်းဘက်ကလည်း လုံခြုံရေးတင်းကြပ်

0
624
ပုံစာ - ချစ်ကြည်ရေးတံတားအနီး ကင်းလှည့်နေသော ထိုင်းစစ်သားများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက တွေ့ရသော တံတားအခြေအနေ။ ပုံ - The Reporter and CJ

ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် မြဝတီမြို့ခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။

မြဝတီမြို့ မြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၅ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ဧပြီလ ၉ရက် မွန်းလွဲပိုင်းတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေသည်။

ယင်းသို့တိုက်ပွဲပြင်းထန်နေသဖြင့် နယ်စပ်ရှိ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်ပြီး လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဧပြီလ ၁၀ ရက်နံနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး ခလရ ၂၇၅ အနီးဝန်းကျင် ရပ်ကွက်တို့တွင် မီးခိုးလုံးများ တက်နေသည်ကို မြင်ရကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။

မဲဆောက်မြို့ခံ အမှတ် ၂ တံတားအနီးနေ ပြည်သူတစ်ဦးကလည်း “မြဝတီဘက်မှာ ဝုန်းဒိုင်းကြဲနေတယ် အခုထိပဲ။ နယ်စပ်နဲ့ တော်တော်လေးနီးနေပြီ။ ကြားနေရတာ” ဟု ပြောဆိုသည်။

မြဝတီမြို့အဝင် ခလရ ၂၇၅ တပ်ရင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က တပ်ရင်းနှင့် စိမ်းလဲ့မြိုင်ရပ်ကွက်များဘက်သို့ လေယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်းကလည်း ဖော်ပြထားသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားလျက်ရှိပြီး ယနေ့နံနက်မှစ၍ မြဝတီမြို့ဘက်က စစ်ရှောင်လာသောသူများ ပိုများလာကြောင်း မဲဆောက်မြို့နေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပိုင်ရှင် တစ်ဦးက ပြောသည်။

“မနေ့ကတည်းက ဝင်လာတဲ့သူတွေ တော်တော်များနေတယ်။ ဒီနေ့တော်တော်ထပ်ဝင်လာနေကြတယ်ဗျ” ဟု ၎င်းကဆိုသည်။

မြဝတီဘက်တွင် ယနေ့နံနက်ပိုင်းအချိန်များအထိ တိုက်ပွဲအသံများ၊ လက်နက်ကြီးအသံများ ကြားနေရဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော ဒုက္ခသည် ၁ သိန်းကျော်ကို နယ်စပ်တစ်လျှောက်တွင် ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထား သည်။