နွမ်ဗျူးကို ပထမပွဲချီမှာတင် ဗရော်နီကာ အနိုင်ယူပြီး ၁၇ ပွဲဆက်အနိုင်ဖြင့် စံချိန်တင်

0
1952

၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲစဉ်တွင် ကယန်းလက်ဝှေ့မယ် ဗရော်နီကာက ထိုင်းမွေထိုင်းလက်ဝှေ့မယ် နွမ်ဗျူးကို ပထမပွဲချီ၌ပင် အနိုင်ယူကာ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိသည့်စံချိန်ကို တင်ရှိသွားနိုင်ခဲ့သည်။

ပြိုင်ပွဲ ၂ ခုတွင် ချန်ပီယံရွှေခါးပတ်ရရှိထားသော နွမ်ဗျူးသည် ဗရော်နီကာကို မည်သို့မျှယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ ပထမပွဲချီ စတင်ပြီးနောက် စက္ကန့်အနည်းမျှသာ သူတင်ကိုယ်တင် ယှဉ်နိုင်ခဲ့ကာ ယင်းနောက်တွင်မူ အောက်စည်းသက်သက်ဖြင့်သာ ထိုးသတ်သွားခဲ့ရသည်။

အသာစီးအနေအထားကို ပိုင်ဆိုင်လိုက်ပြီးသည့် ဗရော်နီကာက ဖိအားပေးကာ လက်သီးချက်များ၊ ခြေကန်ချက်များ ဆက်တိုက်ပစ်လွှတ် ထိုးသတ်လိုက်သည့်အတွက် နွမ်ဗျူးသည် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး ကြိုးဝိုင်ဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်တွင် ဆက်လက်ထိုးသတ်ရန် အသင့်အနေအထားဖြင့် မတ်တပ်ပြန်ရပ်လာနိုင်ခဲ့သည့်အတွက် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကို ဆက်လက်ထိုးသတ်ရန် ခွင့်ပြုလိုက်သေးသည်။

သို့သော် ပွဲပြန်လည်ထိုးသတ်ချိန် စက္ကန့်ပိုင်းအတွင်း၌ပင် ဗရော်နီကာ၏လက်သီးချက်များကို တောင့်မခံနိုင်တော့ဘဲ နွမ်ဗျူးက ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ဒုတိယအကြိမ်မြောက် ဖင်ထိုင်လျက်လဲကျသွားခဲ့အပြီးတွင် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲကိုရပ်နားကြောင့် လက်ဟန်ပြ၍ အချက်ပေးလိုက်ကာ ဗရော်နီကာက အနိုင်ပေးအပ်လိုက်သည်။

ဗရော်နီကာသည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက လူထုခေါင်းဆောင်‌ ဒေါ်အောင်ဆန်းစုကြည်၏သားဖြသ်သူ ကင်မ်အဲရစ်နှင့် အွန်လိုင်းကတဆင့် တွေ့ဆုံခွင့်ရခဲ့သည်ကို လူမှုကွန်ရက်စာမျက်နှာထက်၌ မျှဝေခဲ့သူလည်းဖြစ်သည်။

ဗရော်နီကာသည် Thai Fight တွင် ထိုင်းဘုရင့်ဖလားကို ၂ နှစ်ဆက် ၂ ထပ်ကွမ်းချန်ပီယံဖြစ်ထားပြီး လက်ရှိတွင်လည်း မွေထိုင်းထိုးသတ်ရာတွင် ၁၇ ပွဲဆက်တိုက် နိုင်ပွဲရရှိသည့်စံချိန်ကို ဆက်လက်တင်ရှိသွားနိုင်ခဲ့ပြီဖြစ်သည်။