ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးပြီဆိုသည့် သတင်းအမှား

0
461

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အပါအဝင် ဆိုရှယ်မီဒီယာ အ‌ကောင့်တို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ဖြန့်ချီနေကြသည်။

ယင်းအပေါ် Dawei Watch က အချက်လက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါသတင်းကို စတင်ဖြန့်ချီသူမှာ Naung Taw Lay အမည်ဖြင့် တယ်လီဂရမ်ချန်နယ်ဖြစ်ပြီး ဧပြီလ ၁ ရက် နံနက် ၉ နာရီအချိန်တွင် စတင်ဖြန့်ဝေထားသည်ကို တွေ့ရသည်။

အကြမ်းဖက်လှုံ့ဆော်ပြီး နိုင်ငံရေးလုပ်စားသူဟု တစ်ဖတ်သတ်စွပ်စွဲရေးသားထားပြီး သတင်းအမှားဖြန့်ဝေထားသည်ကို အောက်ပါ စခရင်ရှော့တွင် ကြည့်နိုင်ပါသည်။

အဆိုပါသတင်းအမှားကို စတင်ဖြန့်ချီသည့် Naung Taw Lay ဆိုသူသည် သတင်းသမား အမည်ခံထားပြီး စစ်ကောင်စီအကြိုက် သတင်းများကို ထုတ်လွှင့်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်ကောင်စီအား တော်လှန်နေသူများကို အကြမ်းဖက်သမားဟု ပုံဖော်နေသူဖြစ်သည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အား အကြမ်းဖက်ဓားပြအဖြစ် ပုံပေါ်ဖြန့်ချီထားသည်ကို အောက်ပါ စခရင်ရှော့တွင် ကြည့်နိုင်ပါသည်။

ဒေသတွင်းပျူစောထီးတို့ကလည်း သတင်းမှားထပ်ဆင့်ဖြန့်ဝေ

အဆိုပါသတင်းအမှားကို ဆိုရှယ်မီဒီယာအကောင့်မျိုးစုံက ထပ်ဆင့်မျှဝေလျှက်ရှိသည်။ ထိုအထဲတွင် တနင်္သာရီတိုင်းရှိ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်နေသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ဗိုလ်ကြီးဟောင်းနေမျိုးဇင်သေဆုံးသွားပြီဖြစ်ကြောင်း သဘောရသည့် စာဖြင့် ၎င်း၏ Facebook အကောင့်တွင် မျှဝေထားသည်ကို အောက်ပါ စခရင်ရှော့တွင် ကြည့်ပါ။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်မသေပါ

စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များ၊ ပျူစောထီးတို့ ရေးသားဖြန့်ဝေနေသကဲ့သို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးခြင်း မရှိပေ။

လွတ်မြောက်နယ်မြေတစ်ခုတွင်နေထိုင်ပြီး တော်လှန်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်လျက်ရှိပေသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကပင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိုယ်တိုင်က ၎င်း၏ YouTube channel မှတစ်ဆင့် Video ရုပ်သံဖိုင်တစ်ခု ထုတ်လွှင့်တုံ့ပြန်ခဲ့သည်။

“ကျွန်တော့်ကို သေသွားပြီလို့ ပြောနေကြတဲ့ မိတ်ဆွေတွေကိုလည်း မေတ္တာပို့ပါတယ်” ဟု ၎င်းက ပြောသည်။ ဗိုလ်ကြီးနေမျိုးဇင်ကိုယ်တိုင် ပြောဆိုထားသည့် အဆိုပါရုပ်သံမှတ်တမ်းအား ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သုံးသပ်ချက်

ဗိုလ်ကြီး‌ဟောင်းနေမျိုးဇင်သည် မြန်မာစစ်တပ်မှ ၎င်း၏ဆန္ဒအလျောက်နုတ်ထွက်ထားသူဖြစ်ပြီး လက်ရှိတွင် တော်လှန်ရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သတ်နေသည်ကို စစ်ကော်စီ လော်ဘီများက တိုက်ခိုက်လျက်ရှိပေသည်။

ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိနေသည့် ဗိုလ်ကြီးနေမျိုးဇင်အား သေဆုံးသွားပြီဖြစ်ကြောင်း သတင်းအမှားနှင့်အတူ လူမှုရေးတိုက်ခိုက်သည့် အသုံးအနှုန်းများကို လော်ဘီတို့က လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ရသည်။

ထို့ကြောင့် စာဖတ်သူတွေအနေဖြင့် အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရသည့် သတင်းဌာနများ၊ ဒေသခံများနှင့် Fact Check ဌာနများက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ရန် အကြံပြုလိုပါသည်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်မှုများနှင့် ပတ်သက်၍ Dawei Watch က အချက်အလက် စိစစ်ထားမှုများ ကို Dawei Watch Fact Check ကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားဟု သံသယရှိသည်များ တွေ့ရှိလာလျှင် လည်း Dawei Watch သတင်းဌာန၏ Facebook မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးရန် ဖိတ်ခေါ်ပါသည်။