ရခိုင်-မကွေးလမ်းဖြစ်သည့် အမ်း-ပဒါန်းလမ်းပိုင်းကို AA အကန့်အသတ်မရှိပိတ်

0
558

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် ကားလမ်းရှိ အမ်း-ပဒါန်းလမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဧပြီလ ၂ရက်တွင် အရေးပေါ်ထုတ်ပြန်သည်။

ပြည်သူများသွားလာနေသည့် လမ်းများအနက် အမ်းနှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည်ကားလမ်းများတွင် စစ်ကောင်စီ တပ်က အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့်သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့အပြင် တိုက်ပွဲများ စတင်ဖြစ်ပွားလာကြောင်း ဆိုသည်။

ထို့ကြောင့် အမ်း-ပဒါန်းလမ်းကို အကန့်အသတ်မရှိ အရေးပေါ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှစတင်ကာ အမ်းနှင့် မကွေးတိုင်းအကြားတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး တစ်ရက်ထက် တစ်ရက် စစ်ရှိန်မြင့် တက်နေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

AA သည် ရခိုင်ရှိ မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းယူထားပြီးဖြစ်သည်။ ရခိုင်တွင် ကျန်ရှိသည့် မြို့နယ်များကိုလည်း ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။