ထားဝယ်အရှေ့တော၊ ပကာရီတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး

0
806

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ (ဧပြီ ၂) နံနက် ၈ နာရီခန့်တွင် ထားဝယ်မှ ရေဝိုင်း၊ ပကာရီကျေးရွာဘက်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ရေဝိုင်းရွာကထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပကာရီကျေးရွာ ရေလယ်အင်း ရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုမဖြစ်ခင် ယခင်ရက်များကလည်း လက်နက်ကြီး ပစ်ခတ်မှုများရှိသဖြင့် ပကာရီကျေးရွာမှ ဒေသခံအများစုမှာ တိုက်ပွဲဖြစ်လာမည်စိုးသဖြင့် ကြိုတင်တိမ်းရှောင်နေခဲ့ကြသည်ဟု ပကာရီကျေးရွာနှင့် ရွာချင်းဆက် ပခပ်ရွာက အမျိုးသားတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ သုံးလေးရက်တည်းက ကျွန်တော်တို့ရွာကို ရောက်လာကြတာရှိတယ်၊ အခုမနက် ရေလယ်အင်းမှာ တိုက်ပွဲဖြစ်လာတော့ တခြားနေရာတွေကို ထပ်ပြီးပြောင်းရွေ့သွားကြပြန်ပြီ၊ ကျွန်တော်လည်း မိသားစုတွေကို လုံခြုံတဲ့နေရာပို့ထားပြီးပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ရေလယ်အင်းရပ်ကွက်နှင့် ပကာရီရဲကင်းစခန်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို ကြားရပြီး နှစ်ဖက်တိုက်ပွဲအခြေအနေနှင့် ဒေသခံများထိခိုက်မှု၊ အိုးအိမ်ပျက်စီးမှု စသည့်အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လေယာဉ်တစ်စီးတော့ လာဝဲနေတယ်၊ မနက်ကတည်းက ဗုံးကျဲတာတော့ မရှိသေးဘူး” ဟု အရှေ့တောဒေသက အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖုန်းလိုင်းဆက်သွယ်မရသဖြင့် ရွာဘက်က အခြေအနေကို မသိရသေးဟု ပကာရီကျေးရွာကနေ ထားဝယ်မြို့ပေါ်ကို လွန်ခဲ့သည့် သုံးလေးရက်ခန့်က စစ်ဘေးရှောင်လာသည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းရန်ကြောက်သဖြင့် ပကာရီကျေးရွာအပါအဝင် ရှစ်မိုင်၊ ဆန်းချီ၊ ပခပ် စသည့်ကျေးရွာများမှ ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံအချို့က ပြောသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များ၏ ကျောက်ထုစခန်းသိမ်းတိုက်ပွဲအပြီး ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး အရှေ့တောဒေသ ထားဝယ်-မေတ္တာလမ်းပိုင်းတလျောက်ရှိ ပကာရီ၊ သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာစသည့်ကျေးရွာများအနီးတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၁၇ ရွာခန့်မှ ဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဘက်က စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနေသလို စခန်းများမကျရေးအတွက် စစ်ကောင်စီတပ်ဘက်က ကြိုးစားနေရသည်ဟု KNLA နှင့် PDF ပူးပေါင်းတပ်များ၏ ပြောဆိုချက်များအရ သိရသည်။

ပကာရီ၊ ကျောက်မဲတောင်၊ မေတ္တာစသည့် စစ်ကောင်စီတပ်၏ မြေပြင်စခန်းမှ စစ်သည်များ အပြင်ကိုလုံးဝ ထွက်မရသည့်အခြေအနေရှိနေပြီး ခြေလျှင်စစ်ကြောင်း ထိုးနိုင်ခြင်းမရှိသည့်အနေအထားတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဓိကလုပ်ဆောင်သည်ဟု ၎င်းတို့က ဆိုသည်။

မြေပြင်စခန်းမကျရေးနှင့် စစ်သည်များ စိတ်ဓာတ်တက်ကြွလာစေရေးအတွက် အရှေ့တောဒေသက ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများလုပ်ဆောင်နေသလို စစ်လက်နက်နှင့် ရိက္ခာများကို လေကြောင်းဖြင့် ပို့ဆောင်ရသည့် အခြေအနေဖြစ်နေသည်မှာ တစ်လကျော်လာပြီဖြစ်သည်ဟု KNLA နှင့် PDF ပူးပေါင်းတပ်များ၏ ပြောဆိုချက်များအရ သိရသည်။