ရေး-သရက်ချောင်း ပြည်ထောင်စုလမ်းပိုင်း ညပိုင်းမသွားလာရန် တော်လှန်ရေးအင်အားစုများသတိပေး

0
677
ပုံစာ - မတ်လ ၁၉ ရက်က ရေး-ထားဝယ်လမ်းပိုင်းတွင် တွေ့ရသည့် မွန်နှင့် တနင်္သာရီ တော်လှန်ရေး အင်အားစုများ။ Photo - MSRF

ရေးမြို့နယ်တောင်ပိုင်းမှ သရက်ချောင်းမြို့အထိ အမှတ် (၈) ပြည်ထောင်စုလမ်းမတွင် ည ၆ နာရီမှ နံနက်၆နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် မွန်နှင့် တနင်္သာရီ တော်လှန်ရေးအင်အားစုများက မတ်လ ၃၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

နေ့ဘက်လမ်းပိုင်း စစ်ဆေးခြင်းကို ပူးပေါင်းဆောင်ရွက်ပေးရန် ဒေါနစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) ၊ ကျောင်းသားတပ်မတော် တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးတပ်တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခရီးသွားပြည်သူများ ဘေးကင်းစွာသွားလာနိုင်ရေးနှင့် စစ်ကောင်စီ၏ ထောက်ပို့ကုန်းလမ်းကြောင်းကို ဖြတ်တောက်ပြီး စစ်ရေး အရှိန်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်စပြီး မတ်လကုန်အထိ ရေး- ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုများက သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်လည်း မတ် ၂၉ ရက်က လမ်းပိုင်းရှိ ကျေးရွာတွေကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ရပ်ရွာလူထုအနေဖြင့် ဗုံးခိုကျင်းများ ဆောင်ရွက်ထားသင့်ပြီး အရေးကြီးသည့်အကြောင်းအရာ မဟုတ်ဘဲ ခရီး မသွားသင့်ကြောင်း နိုင်နဂါးက ဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်က တိုက်ခိုက်ခံရပြီးနောက် မလွှဲတောင်ဂိတ်ဖြတ်သန်းချိန်ကို စစ်ကောင်စီက တစ်ရက် ၈နာရီသာခွင့်ပြုခဲ့ပြီး မတ်လအတွင်း တိုက်ပွဲများကြောင့် ဂိတ်လုံးဝပိတ်ထားသည့်ရက်များလည်းရှိခဲ့သည်။

“ကားသမားတွေကတော့ ကံစမ်းမဲထိုးသလိုပဲ ကိုယ်သွားတဲ့နေ့ ကံကောင်းရင်လွတ်တယ်။ ကံဆိုးရင်လည်း လမ်းပိတ်မိနေတာပဲ။ အခုတစ်လအတွင်းတောင် မလွှဲတောင်ဂိတ် က ၅ ခါလောက်ပိတ်တယ်” ဟု ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာနေသည့် ခရီးသည်ယာဥ်မောင်းတစ်ဦးက ပြောသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမရှိ မြိတ်-မောတောင်လမ်းနှင့် မြိတ်-ကော့သောင်းလမ်းများမှာလည်း အလားတူ ည၆နာရီ မှ မနက် ၆နာရီအတွင်း သွားလာခြင်းမပြုကြရန် တနင်္သါရီလွတ်မြောက်အင်အားစု (TLF) က မတ် ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

“အဓိက က ညပိုင်းခရီးသွားတာရှောင်ကြဥ်ဖို့ပါ။ စစ်ကောင်စီက ညပိုင်းအသွင်ယူ လှုပ်ရှားတွေ ရှိတယ်။ ခရီးသွားတွေ အနေနဲ့လည်း ယာဥ်မောင်းတွေကို ည ၆နာရီကျော်ရင် ဆက်မသွားဘဲ ရပ်နားဖို့တိုက်တွန်းသင့်တယ်” ဟု TLF တပ်ဖွဲ့တာဝန်ရှိသူ ကိုဆှန်ဝါးက ပြောသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမတွင် မတ်လအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှုများပါရှိခဲ့သည်။