လောင်းလုံးတွင် ဘုရားဖူးသွားသည့် လူငယ်နှစ်ဦး ပျောက်ဆုံးနေ

0
782

လောင်းလုံးမြို့နယ် ရှင်မော်ဘုရားဘက် ဘုရားဖူးရန်ဟုဆိုကာ မတ်လ ၃၁ ရက်နေ့က ထွက်သွားသည့် လူငယ်နှစ်ဦး သုံးရက်ကြာသည်အထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ်ရှိ စစ်ပြဲရွာခံလူငယ်အမျိုးသားနှစ်ဦးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို ကျောက်နီမော်ရွာ ပျူစောထီးနှင့်အဖွဲ့က ဖမ်းဆီးထားသည်ဟု သတင်းရရှိ၍ မိသားစုက သွားရောက်စုံစမ်းရာ ပျူစောထီးတို့က ငြင်းဆိုကြောင်း စစ်ပြဲရွာခံများထံမှ သိရသည်။

“မနေ့က မိသားစုတွေ လိုက်သွားပြီး သွားမေးကြည့်တော့ ဘာမှအကြောင်းမထူးဘူး။ မရှိဘူးလို့ပဲ ပြောလိုက်တယ်လို့ ကြားရတယ်” ဟု စစ်ပြဲရွာခံတစ်ဦးက ပြောသည်။

သို့သော် ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦး၏ မော်တော်ဆိုင်ကယ်မှာ ပျူစောထီး အဖွဲ့ဝင်များ၏ လက်ဝယ်တွင် တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းနှင့် မလှမ်းမကမ်း၌ရှိသော အန်းနီတွင်းနေအိမ်စုတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

“အဲဒီနေရာမှာက လူမနေတော့ဘူး။ တိုက်ပွဲဖြစ်ပြီးကတည်းက ရွှေ့သွားကြတယ်။ ဖမ်းခံရတဲ့ နှစ်ယောက်ကလည်း ရှင်မော် ဘက်သွားရင် အဲဒီနေရာဖြတ်ရမှာဆိုတော့ အဲဒီမှာပဲ အဖမ်းခံရတယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်ဆောင်နှင့် ဆိုင်ခန်းတစ်ခန်းပျက်စီးခဲ့ကြောင်း ကျောက်နီမော်ရွာခံတစ်ဦးက ဆိုသည်။

မီးလောင်မှုကို စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း ရေးသားဖြန့်ချီနေကြသည်။

သို့သော်ထိုနေရာသည် ပျူစောထီးစခန်းနှင့် မလှမ်းမကမ်းတွင်ရှိပြီး မိုင်းများလည်း ထောင်ထားရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အလွယ်တကူ သွားနိုင်သည့် နေရာမဟုတ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ထို့ကြောင့် ပျူစောထီးအဖွဲ့ကသာ မီးရှို့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လွှဲချခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။