တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
303

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

ရုရှားသမ္မတ ပူတင် ၅ ကြိမ်မြောက် သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၅ ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် မေလ ၇ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အတိုက်အခံ အင်အားစုတွေကို ဖမ်းဆီးထောင်ချပြီး သမ္မတရွေးကောက်ပွဲကို ကျင်းပအနိုင်ယူခဲ့တာပါ။

သမ္မတ ပူတင်က ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ပြန်ဝင်ရမယ့် ၂၀၃၀ ခုနှစ်အထိ ဒီရာထူးကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

ကလင်မလင်နန်းတော်ထဲ ဧည့်သည်တွေရှေ့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ သမ္မတပူတင်က ရုရှား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်လက်တင်ပြီး ဖွဲ့စည်းပုံကို ခုခံ ကာကွယ်သွားမယ့်အကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

သူက လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်တည်းက သမ္မတရာထူးကို လက်ခံရယူထားသူဖြစ်ပါတယ်။

Ref: BBC

………………………………..

အမေရိကန် တက္ကသိုလ်များတွင် ဂါဇာစစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်၊ ဘော့စ်တွန်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်ဝင်းထဲကို ရဲတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကျောင်းသားတွေက ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒဆက်ပြခဲ့ကြပါတယ်။

သူတို့ ဆန္ဒပြနေတဲ့နေရာကို ရဲတွေ ပြန်ဝင်လာလို့မရအောင် တစ်ဦးနဲ့ တစ်ဦး လက်ချင်းချိတ်ပြီး ကာရံထားကြတာပါ။

ကိုလံဘီယာတက္ကသိုလ်ကတော့ ဆန္ဒပြပွဲတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီနှစ်အတွက် ဘွဲ့နှင်းသဘင် အခမ်းအနား မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပါလက်စတိုင်းထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေကိုလည်း အစ္စရေးလိုလားတဲ့ ကျောင်းသားတွေက တန်ပြန် ဆန္ဒပြပွဲတွေလည်း ရှိလာခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်တဝန်းက တက္ကသိုလ်ကြီး အတော်များများမှာ ပြီးခဲ့တဲ့ ဧပြီလကနေစပြီး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာနေတာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

အမေရိကန်က အစ္စရေးကို စစ်လက်နက်တင်ပို့မှု ရပ်နားထား

ဘိုးဝင်းကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားလိုက်ပါတယ်။

ဂါဇာစစ်ပွဲတွေ ရပ်တန့်နိုင်ရေး အမေရိကန်ကျောင်းသားတွေက ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ အခုလို လက်နက်တင်ပို့မှု ရပ်ဆိုင်းတာမျိုး ထွက်ပေါ်လာတာပါ။

အစ္စရေးကို လက်နက်တင်ပို့မှု ရပ်ထားတာကို ပင်တဂွန်ခေါင်းဆောင်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဟာမတ်စ်တွေကို ချေမှုန်းဖို့ဆိုရင် ရာဖာဒေသမှာ ထိုးစစ်ဆင်ဖို့ လိုအပ်တယ်လို့ အစ္စရေးအရာရှိတွေကတော့ ပြောခဲ့ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါကို အမေရိကန်၊ ကုလသမဂ္ဂတို့က ပါလက်စတိုင်းအရပ်သားတွေ ရှိနေတဲ့နယ်မြေမှာ ထိုးစစ်ဆင်တာဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: Aljazeera

………………………………..

ဘရာဇီးရေဘေးကြောင့် လူ ၁၀၀ ကျော် သေဆုံး

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ရီယို ဂရမ်ဒူဆူလ်ပြည်နယ်တလွှား မိုးများပြီး ရေဘေးသင့်လို့ လူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ပါတယ်။

အနီးအနားက လူ တစ်သိန်းခြောက်သောင်းကျော် အိုးအိမ်ပျက်ဆီးပြီး ဘေးလွတ်ရာကို ရှောင်ရှားနေကြရတာပါ။

ရေတွေနဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ လှေတွေ ရဟတ်ယာဉ်တွေနဲ့ သွားကယ်ထုတ်နေရပါတယ်။ 

မြင်းတစ်ကောင် အိမ်ခေါင်မိုးအထိ တက်နေနေတာလည်း တွေ့ရပါတယ်။

မိုးတွေ အဆက်မပြတ်ရွာသွန်းပြီးတဲ့နောက် လေယာဉ်ကွင်းတွေပါ ပိတ်ခဲ့ရတာပါ။

ရေဘေးကြောင့် လမ်းတွေ တံတားတွေလည်း ပျက်စီးခဲ့ရပါတယ်။

ဒီနှစ်ကြုံရတဲ့ အယ်လ်နီညို ရာသီဥတု ပုံစံကြောင့် အပူလှိုင်းဖြစ်ပေါ်ချိန်မှာ အန္တာတိကဒေသက လေအေးစီးကြောင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာက စိုထိုင်းမှုရယ်ကြောင့် မိုးကြီးတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Ref: BBC

………………………………..

Starlink ကုမ္ပဏီ အင်ဒိုနီးရှားတွင် လုပ်ငန်းလုပ်ခွင့် လိုင်စင်ရ

ဆက်သွယ်ရေးလိုင်းတွေ ချိတ်ဆက်မထားတဲ့နေရာတွေမှာ ဂြိုဟ်တုကနေ အင်တာနက်ချိတ်နိုင်တဲ့ Starlink လုပ်ငန်းတွေ အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ကိုင်ဖို့ လိုင်စင်ရရှိခဲ့ပါတယ်။

Elon Musk ပိုင်တဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီက အင်ဒိုနီးရှားမှာ လုပ်ငန်းလုပ်ဖို ခွင့်ပြုလိုက်ပြီလို့ အင်ဒိုနီးရှား သတင်းနဲ့ဆက်သွယ်ရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူက မေလ ၉ ရက်နေ့က ပြောကြားလိုက်တာပါ။

ကျွန်းပေါင်း ၁ သောင်း ၇ ထောင်ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ကောင်းကောင်း မသုံးနိုင်သေးတဲ့ ပြည်သူ သန်းနဲ့ချီ ရှိနေပါသေးတယ်။

သူတို့ အင်တာနက် ကောင်းကောင်းသုံးရဖို့ အင်ဒိုနီးရှားမှာ Starlink လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Ref: The Jakarta Post

………………………………..

ဂါဇာတွင် ရာဖာဒေသခံရှစ်သောင်း တစ်ပတ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေး

ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို အစ္စရေးတွေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ မေလ ၆ ရက်နေ့ကစပြီး မေလ ၁၀ ရက်နေ့အထိ ရာဖာကနေ ဒေသခံ ၈ သောင်းလောက် ထွက်ပြေးကြရပါတယ်။

ဒါကို ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂ အေဂျင်စီက ပြောကြားလိုက်တာပါ။

တိုက်ပွဲတွေကြောင့် သေဆုံးရသူလည်း အများအပြားရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးကတော့ ဟာမတ်စ်တွေကို ပြိုကွဲတဲ့ အထိ ဆက်လက်တိုက်ခိုက်မှာ ဖြစ်တယ်လို့ မေလ ၉ ရက်နေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။

Ref: UN

………………………………..

၂၀၂၃ ခုနှစ် ပူလစ်ဇာသတင်းဆုများကို ကြေညာ

၂၀၂၃ ခုနှစ်အတွင်း သတင်းလောကရဲ့အမြင့်ဆုံး ပူလစ်ဇာသတင်းဆုကို The NewYork Times၊ The Washington Post၊ ProPublica သတင်းစာတိုက်နဲ့ AP သတင်းဌာနတို့က ရရှိခဲ့ပါတယ်။

The NewYork Times နဲ့ The Washington Post ဂါဇာစစ်ပွဲတွေနဲ့ ပက်သက်ပြီး ဆုရရှိခဲ့ကြတာပါ။

ProPublica သတင်းစာတိုက်က လက်ဆောင်ပစ္စည်းတွေ၊ ခရီးစဉ်တွေနဲ့ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို ဘီလီယံနာသူဌေးကြီးတွေ ဘယ်လိုချဥ်းကပ်ကြသလဲဆိုတာ ဖော်ထုတ်ရေးသားခဲ့လို့ ရရှိခဲ့ပါတယ်။

AP သတင်းဌာနကတော့ လက်တင်အမေရိကတိုက်ကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ကြတဲ့ ရွှေ့ပြောင်းသူတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအတွက် ပူလစ်ဇာဆု ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ သတင်း၊ အနုပညာ၊ ကဗျာ၊ စာပေ၊ ဂီတနဲ့ ပြဇာတ်တွေနဲ့ဆိုင်တဲ့ ဆုပေါင်း ၁၅ ဆုကို မေလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref: AP

………………………………..

Al Jazeera ရုပ်သံရုံးခန်းထဲ အစ္စရေးရဲတပ်ဖွဲ့စီးနင်း

အစ္စရေးလ်နိုင်ငံထဲက ကာတာနိုင်ငံပိုင် Al Jazeera ရုပ်သံရုံးခန်းကို အစ္စရေးလ်ရဲတပ်ဖွဲ့က မေလ ၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

သူ့နယ်မြေထဲက Al Jazeera ရုပ်သံကိုပိတ်ပစ်ဖို့ အစ္စရေးလ်တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်အပြီးမှာပဲ ခုလိုဝင်ရောက်စီးနင်းခဲ့တာပါ။

ဂျေရုဆလင်မ်မြို့အရှေ့ပိုင်းဟိုတယ်တခုက ရုံးခန်းမှာ အသံလွှင့်ဖို့တပ်ဆင်ထားတဲ့ ကင်မရာနဲ့ ပစ္စည်းကိရိယာတွေကို အရပ်ဝတ်အရာရှိတွေက ဖြုတ်ချခဲ့ပါတယ်။

ဂျေရုဆလင်မ်မှာရှိတဲ့ AlJazeera ရုံးခန်းတွေကို ချက်ချင်းပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဂါဇာဒေသစစ်ပွဲကာလ အစ္စရေးလ်မြေပေါ်မှာ ကာတာရုပ်သံကွန်ယက်ရှိနေတာဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တဲ့အတွက် ပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: The Times of Israel

………………………………..

ဟောင်ကောင်ဆန္ဒပြသီချင်းကို ပိတ်ပင်ဖို့ တရားရုံးအမိန့်ချ

ဟောင်ကောင်မှာ အရင်တုန်းက ဆန္ဒပြပွဲတွေမှာ ဆိုလေ့ရှိတဲ့ သီချင်းကို တရားဝင် တားမြစ်ပေးဖို့ အစိုးရရဲ့ အဆိုကို အယူခံတရားရုံးက အတည်ပြုပေးလိုက်ပါတယ်။

ဒါကို ဆန့်ကျင်ဆန္ဒပြဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တိုက်တွန်းနေပါတာပါ။

Glory to Hong Kong လို့ခေါ်တဲ့ သီချင်းကို တရားမဝင်တဲ့ သီချင်းအဖြစ် အစိုးရက လျှောက်ထားခဲ့ရာမှာ မနှစ်တုန်းကတော့ အောက်တရားရုံးမှာ ပယ်ချခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အစိုးရက ပြန်ပြီး အယူခံတင်ခဲ့ရာမှာ မေလ ၈ ရက်နေ့က အယူခံတရားရုံးက ပြန်ပြောင်း အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..