ကလိန်အောင်မြို့အနီး စစ်ရဟတ်ယာဉ် ပျံဝဲ၍ မြို့ခံများစိုးရိမ်၊ ဇင်းဘာရွာသားများလည်း ရွှေ့ပြောင်း

0
380
ပုံစာ - မေလ ၉ ရက်ညက ဆံတော်ရှင်တောင်တက်လမ်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မီးလောင်နေစဉ်။ ဓာတ်ပုံ - ပေးပို့။

တနင်္သာရီတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ရှိနေချိန် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် ယနေ့ မေလ ၁ဝ ရက် မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ် ပျံဝဲနေသဖြင့် မြို့ခံများ စိုးရိမ်နေကြောင်း မြို့ခံတို့က ပြောသည်။

တိုင်းအတွင်း သရက်ချောင်း၊ လောင်းလုံး၊ တနင်္သာရီမြို့နယ်တို့တွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီက မြို့ရွာများအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဆောင်နေပြီး ဒေသခံများထိခိုက်သေဆုံးမှုရှိနေသဖြင့် စိုးရိမ်ကြောင်း မြို့ခံတို့က ဆိုသည်။

“မနက်ပိုင်းက အသွားအလာရှိသေးတယ်။ လေယာဉ်သံကြားပြီးနောက်ပိုင်း အိမ်တံခါးတွေ ပိတ်ထားကြပြီး အသွားအလာ မရှိတာ့ဘူး။ အရေးပေါ်ဖြစ်လာရင် ပြေးကြဖို့ အခုပြင်စရာရှိတာ ပြင်နေကြတယ်” ဟု ကလိန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မေလ ၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ ဇင်းဘာလမ်း၌ အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရသည်။ ဇင်းဘာလမ်းကို ရေး-ထားဝယ်ကားလမ်းမမှ ဝင်ရသည်။

ယင်းနောက် ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်းများက ညစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မေလ ၈ ရက်တွင် နေအိမ် ၂လုံး လက်နက်ကြီးကျည် ထိမှန်၍ အဘွားတစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့သည်။

မေလ ၉ ရက် ညကလည်း ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်ကားလမ်း မျက်နှာချင်းဆိုင် တောင်ကုန်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မီးလောင်ခဲ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ဇင်းဘာလမ်းကို စစ်ကြောင်းထိုး တောနင်းရှာမည်ဟု သတင်းထွက်နေသဖြင့် ဇင်းဘာရွာသား များသည် မေလ ၉ ရက်နှင့် ယနေ့ နံနက်ပိုင်းတို့တွင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံတို့က ဆိုသည်။

“ဇင်းဘာရွာမှာ မနေ့ညနေက လာပြောတယ်။ ဘုန်းကြီးကျောင်းမှာလည်း မနေကြနဲ့ အန္တရာယ်ရှိတယ်ဆိုပြီး ရွာလူကြီးက ပြောတယ်။ တော်တော်များများကတော့ ရှောင်လာကြပြီ” ဟု တိမ်းရှောင်လာသည့် ဇင်းဘာရွာသားများ၏ ပြောဆိုချက်ကို ကိုးကားကာ မြို့ခံတစ်ဦးက ပြန်လည်ပြောပြသည်။

ဆံတော်ရှင်ဘုရားတောင်တက်လမ်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မီးလောင်မှုမှာ လုံခြုံရေးအခြေအနေအရ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခြင်း မရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ထို့ကြောင့် မေလ ၉ရက် ည ၉နာရီခန့်တွင် စတင်လောင်ကျွမ်းသည့် မီးမှာ ယနေ့ နံနက်အာရုဏ်တက်ချိန်မှသာ ငြိမ်းသွားကြောင်း ၎င်းတို့က ဆိုသည်။