ကနက်သီရီရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ အမျိုးသားသုံးဦးသေ

0
456
ပုံစာ - ကနက်သီရီရွာကမ်းခြေအား ဝေဟင်မှ မြင်ရပုံ (ပုံအဟောင်း)။ ဓာတ်ပုံ - ကနက်သီရီရွာ page

သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာကို စစ်ကောင်စီက ယနေ့ (မေ ၁ဝ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်နှစ်စီးနှင့် ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ ကနက်သီရီရွာသားများဖြစ်သည့် ဦးနောင်ဂေါ ၊ ဦးနိုင်ကြီးနှင့် ဦးညီဦးတို့ သုံးဦး ဗုံးသီးထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

၎င်းတို့သုံးဦး ရုပ်အလောင်းများကို ချက်ချင်းသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

“ပြည်တော်သာထိပ်(ရပ်ကွက်) ကို ဗုံးကြဲချလိုက်တာ။ တစ်ယောက်ဆို ခန္ဓာပါပြတ်သလိုဖြစ်သွားတယ် ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။

ရေတပ်သင်္ဘော၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနက်သီရီရွာ ၊ ဘဲစားတန်းရပ်ကွက်ရှိ နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်း ၎င်းကဆက်ပြောသည်။

ရွာသားအများစု ရှောင်တိမ်းနေကြဆဲဖြစ်သဖြင့် နေအိမ်ထိခိုက်မှုအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း Dawei Watch က မြင်တွေ့ရသည့် ကနက်သီရီရွာက ရုပ်သံတစ်ခုတွင် ‌သစ်သားနေအိမ်တစ်လုံး ခေါင်မိုးများနှင့်ကြမ်းပြင်များ ပြိုကျနေသည်ကို တွေ့ရသည်။

မေလ ၈ ရက်ကလည်း ကနက်သီရီရွာအပါအဝင် ပတ်ဝန်းကျင်ရွာ ၃ ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဆယ်ကျော်သက်လူငယ်နှစ်ဦးသေဆုံးကာ ရငဲတိုက်နယ်ဆေးရုံ ပျက်စီးခဲ့သည်။

မေလ ၈ ရက် နှင့် ၁ဝ ရက်များတွင် ကနက်သီရီရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

ယခုကဲ့သို့အရပ်သားပစ်မှတ်များအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းသည် စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒီမိုကရေစီ‌အရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင်က ယနေ့ညတွင်ထုတ်ပြန်သည်။