ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တယ်ဆိုတဲ့ အယူအဆအမှား

0
955

ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းစွဲလိမ့်မယ်ဆိုတဲ့စကားဟာ ပတ်ဝန်းကျင်မှာ အမြဲကြားရလေ့ပြီး အဲဒီအယူအဆကို အမှန်လို့ထင်နေသူတွေ များပါတယ်။ တကယ်တော့ ထမင်းစားပြီး ရေဖျဉ်းစွဲတယ်ဆိုတဲ့ အယူအဆဟာ မှားယွင်း ပါတယ်။

အဲဒီအကြောင်းကို Dawei Watch က ကျွမ်းကျင်ဆရာဝန်ကို မေးမြန်းထားတာ၊ ကျွမ်းကျင်သူတွေ ရေးသားထားတာတွေကို ကိုးကားပြီး အချက်အလက်စစ်ဆေး ဖော်ပြသွားမှာဖြစ်ပါတယ်။

ရောဂါအခံတွေကြောင့် စွဲတာ

ရေဖျဉ်းရောဂါဆိုတာ အသက်သေစေနိုင်တဲ့ ရောဂါဖြစ်တာကြောင့် လူတွေ ကြောက်လန့်ကြတဲ့ ရောဂါတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါထဲက တစ်ခုဖြစ်ပါတယ်။

ရေဖျဉ်း ဖြစ်တာဟ ထမင်းစားပြီး ရေချိုးတာနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ကျန်းမာရေးအသိပညာပေးတာတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာသူရိန်လှိုင်းဝင်းက ပြောပါတယ်။

လူတွေဟာ ဘဝတစ်သက်တာမှာ အနည်းဆုံး တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက်ပိုပြီး ထမင်းစားပြီး ရေချိုးဖူး ကြမှာပါ။ တကယ်လို့ ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းစွဲတယ်ဆိုတယ်ဆိုရင် လူတိုင်းဟာ ရေဖျင်းစွဲနေပါလိမ့်မယ်လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ထောက်ပြပါတယ်။  

ရေဖျဉ်းစွဲရတာက ရောဂါအခံတွေကြောင့်သာဖြစ်ပြီး ဗိုက်ပူတိုင်းလည်း ရေဖျဉ်းစွဲတာမဟုတ်ဘူးလို့ သူက ပြောဆိုပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံး ဝလာလို့ ဗိုက်ပူလာတာဟာ စားလိုက်တဲ့အစားစာတွေရဲ့ ကယ်လိုရီတွေဟာ ရင်ဘတ်၊ လက်နဲ့ ဝမ်းဗိုက်တွေ စတဲ့ ခန္ဓာကိုယ်မှာ စုလေ့ရှိပါတယ်။ ဝမ်းဗိုက်ဟာ အဆီအများဆုံးစုတဲ့နေရာဖြစ်တာကြောင့် ဗိုက်ပူတာလို့ ဆိုပါတယ်။

ရေဖျဉ်းစွဲလို့ ဗိုက်ပူလာရင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ဝလာလို့ ပူတာမျိုးမဟုတ်ဘဲ ဗိုက်တစ်ခုပဲ ပူလာတာဖြစ်သလို့ အသားအရည်တွေလည်း မွဲခြောက်လာတယ်လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောပါတယ်။

ရေဖျဉ်းအကြောင်း ဒေါက်တာသူရိန်လှိုင်ဝင်း ရှင်းပြထားတဲ့ ရုပ်သံမှတ်တမ်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ရေဖျဉ်းက ဘာကြောင့်ဖြစ်တာလဲ

အသည်းခြောက်တာ၊ နှလုံးမကောင်းတာ၊ ကျောက်ကပ်ရောဂါရှိတာ၊ ကင်ဆာရောဂါ စတာတွေကြောင့် ရေဖျဉ်းကိုဖြစ်စေတယ်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေက ပြောပါတယ်။ အထူးသဖြင့်တော့ အသည်းရဲ့ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာရင် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပရိုတင်းဓာတ်တွေ ဆုံးရှုံးတာ၊ လျော့နည်းတာတွေ ဖြစ်ရင်လည်း ရေဖျဉ်းဖြစ်တတ်သလို မုန့်ချိုအိတ် မကောင်းရင်၊ တီဘီအကျိတ်တွေဖြစ်ရင်လည်း ဖြစ်တတ်တယ်လို့ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးအေးမွန်က Healthy Life Journal နဲ့ အင်တာဗျူးတစ်ရပ်မှာ ဖြေကြားထားပါတယ်။

အရက်အလွန်အကျွံသောက်တာ၊ ဘီပိုး၊ စီပိုးရှိတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရေဖျဉ်းရောဂါအကြောင်း ပါမောက္ခ ဦးအေးမွန် ရှင်းပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ခန္ဓာကိုယ်ကနေ စွန့်ထုတ်ရမယ့် မကောင်းတဲ့ အညစ်အကြေးရေတွေကို မစွန့်ထုတ်နိုင်ဘဲ ဗိုက်ထဲမှာ စွန့်ထုတ်တာကနေ ရေဖျဉ်းဖြစ်တာလို့ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးက Dawei Watch ကို ပြောပါတယ်။

“ကိုယ်ခန္ဓာကနေပြီးတော့ ပိုတဲ့ရေကို ဆီးထဲ လွှတ်ပေးရမှာပေါ့နော်။ အဲဒီလို ပရက်ရှာ (ဖိအား) တွေ ထိန်းတဲ့ ကျောက်ကပ်ပေါ့၊ အဲဒါပျက်တယ် ဒါမှမဟုတ် အသည်းပျက်တယ်ပေါ့နော်။ အဲဒီလိုအခြေအနေတွေမှာ ဖန်ရှင်တွေက ဆီးနဲ့ မစွန့်ထုတ်နိုင်တော့ဘဲနဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ မကောင်းတဲ့ရေတွေပေါ့လေ။ အညစ်အကြေး ဓာတ်တွေပါတဲ့ ရေတွေကို ဗိုက်တွေထဲ စွန့်ထုတ်တာ။ အဲဒါကြောင့်မို့ ရေဖျဉ်းဖြစ်တာခင်ဗျား။ အသည်းပျက်တဲ့ သူတို့ ကျောက်ကပ်ပျက်တဲ့သူတို့ဆို ရေဖျဉ်းဖြစ်တယ်။ ခြေတွေ လက်တွေ ဖောတယ်၊ ယောင်တယ်။ ထမင်းစားပြီး ရေချိုးရင်တော့ ရေဖျဉ်းက မဖြစ်ဘူးခင်ဗျား” ဟု ဆရာဝန်က ပြောဆိုပါတယ်။

Dawei Watch က ရေဖျဉ်းရောဂါအကြောင်း တင်ဆက်ပေးထားတဲ့ ရုပ်သံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ထမင်းစားပြီးရင် ရေချိုးသင့်လား

ဒါဆိုမေးခွန်းတစ်ခုရှိတာက ထမင်းစားပြီး ရေချိုးရင် ဘာမှ မဖြစ်ဘူးလား ဆိုတာပါပဲ။ ထမင်းစားပြီး ရေချိုးရင်း ရေဖျဉ်း မစွဲဘူးဆိုပေမယ့် ဆိုးကျိုးတွေတော့ ရှိပါတယ်။

ဗိုက်မှာ အဆီစုတာ၊ ခြေတွေ၊ လက်တွေ ထုံတာ ကျင်တာ၊ ခြေကပ် လက်ကပ်တာတွေ ဖြစ်တတ်တယ်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးက Dawei Watch ကို ပြောပါတယ်။

ထမင်းစားနေတဲ့အချိန်မှာ အစာအိမ် အလုပ် များများလုပ်နိုင်ဖို့ ခန္ဓာကိုယ်က အစာအိမ်ကို သွေး ပိုလွှတ်ပြီး ကျန်တဲ့နေရာတွေကို လျှော့လွှတ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ခန္ဓာက ကျန်တဲ့နေရာတွေကို လွှတ်တဲ့သွေးတွေနည်းနေတဲ့အချိန်မှာ အပေါ်ကနေ အေးအေးလည်း (ရေ) လောင်းချလိုက်တဲ့အချိန်မှာ ကိုယ်ခန္ဓာရဲ့ အစွန်အဖျား ခြေတွေ လက်တွေ ခေါင်းတွေပေါ့နော် ကျင်တယ်တို့၊ ထုံတယ်တို့၊ ခြေကပ် လက်ကပ်ဖြစ်သွားတယ်တို့။ သွေးနည်းနေတဲ့အချိန်မှာ အေးလိုက်တော့ ပုံမှန်သွေး ရောက်ရမယ့်နေရာတွေကို မရောက်တော့ဘူး။ ကိုယ်ခန္ဓာရဲ့ အာရုံကြောတွေ အလုပ်လုပ်ပြီးတော့ ဦးနှောက်ကို သတင်းပို့တာပေါ့နော်” ဟု ဆရာဝန်က ရှင်းပြသည်။

ထမင်းစားပြီးပြီးချင်း ရေးချိုးရင် ဗိုက်ထဲမှာ အဆီစုတတ်တယ်လို့လည်း ဆိုပါတယ်။

“သွေးတွေက အစာအိမ်ကို လွှတ်နေတဲ့ဟာကနေ ရုတ်တရက်ပေါ့နော်၊ ခြေတွေလက်တွေကနေ အေးသွားတဲ့ အချိန်မှာ သွေးကြောတွေက ပြန်ပွင့်သွားတယ်လေ။ အဲဒီတော့ အာဟာရဓာတ်ကို ကိုယ်ခန္ဓာအနှံ့ပို့ရမယ့်ဟာတွေက မပို့တော့ဘဲနဲ့ သွေးတွေက ပြန်ခေါ်တဲ့အချိန်မှာကျတော့ သူကကြုံတဲ့နေရာပုံတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ အသည်းမှာပုံ အသည်းကနေပြီးတော့ အူအသေးတွေနဲ့ ဗိုက်ခေါက်အဆီတွေကို ပို့ပစ်တယ်ပေါ့နော်” ဟု ဆရာဝန်က ဆက်လက် ရှင်းပြသည်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ “ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တတ်လား” ခေါင်းစဉ် Dawei Watch က ကျွမ်းကျင်ဆရာတစ်ဦးနဲ့ အင်တာဗျူး တင်ဆက်ထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။  

ထမင်းစားပြီး ပြီးချင်း ရေချိုးရင် အစာခြေစနစ်ကို ကျဆင်းစေပြီး ဆိုးကျိုးတွေလည်း ရှိတာကြောင့် ထမင်းစားပြီး ပြီးချင်း ရေချိုးတာကို ဆင်ခြင်သင့်ပါတယ်။

“အစာစားပြီးချိန်မှာ မလုပ်သင့်တဲ့ အလေ့အထများ” ခေါင်းစဉ်နဲ့ Hello ဆရာဝန် ဝက်ဘ်ဆိုက်က ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဘာတွေ သတိထားသင့်လဲ

ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့ လိုပါမယ်။

ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာက ရေတွေကိုပိုပြီး စုစေနိုင်တာကြောင့် ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆားကို တတ်နိုင်သမျှလျှော့စားဖို့၊ အငန်ကဲတဲ့ အစားအစာတွေကို လျှော့စားဖို့ Hello ဆရာဝန် ဝက်ဘ်ဆိုက်မှာ အကြံပြုရေးသားထားတာတွေ့ရပါတယ်။

ရေဖျဉ်းစွဲသူအနေနဲ့ ပုံမှန်ထက် အစား စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမဲ့ အစား စားမှ အာဟာရပြည့်ဝမှာ ဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးဖို့၊ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးဖို့လည်း ဆိုပါတယ်။

အယ်လ်ကိုဟောပါတဲ့ သောက်စရာတိုင်းကိုရှောင်ဖို့၊ အယ်လ်ကိုဟောဟာ ရောဂါအခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် လုံးဝရှောင်ကြဉ်ဖို့၊ လေ့ကျင့်ခန်းတွလုပ်ဖို့လည်း အကြုံပြုထားပါတယ်။

ရေဖျဉ်းရှိသူတွေ သတိထားသင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ Hello ဆရာဝန်ရဲ့ ဝက်ဘ်ဆိုက်က ဖော်ပြထားချက် အပြည့်အစုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တယ်ဆိုတာဟာ အယူအဆအမှားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးကျိုးတွေရှိတာကြောင်း ထမင်းစားပြီး ပြီးချင်း ရေချိုးတာကိုတော့ ဆင်ခြင်ဖို့ အကြံပြုလိုပါတယ်။  

အယူအဆအမှားတွေ၊ သတင်းအတု၊ သတင်းအမှားတွေဖြစ်ဖြစ်၊ ဝါဒဖြန့်ချီတာတွေနဲ့ပတ်သက်တာဖြစ်ဖြစ် တွေ့ရှိခဲ့လို့ရှိရင် Dawei Watch Facebook Page Messenger ကိုဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

အယူအဆအမှားတွေ၊ ငွေကြေးလိမ်လည်တာ၊ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်ချီထားတာတွေနဲ့ ပတ်သတ်ပြီး Dawei Watch က အချက်အလက်စစ်ဆေးဖော်ပြထားကို Fact Check ကဏ္ဍမှာ ဝင်ကြည့်နိုင်ပါတယ်။