ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တတ်လား

0
1262

ဗိုက်ပူလာပြီး အသားအရေခြောက်သွေ့လာလေ့ရှိသည့် ရေဖျဉ်းရောဂါမှာ မြန်မာနိုင်ငံတွင် အဖြစ်များသည့် ရောဂါတစ်ခုဖြစ်သည်။

ရေဖျဉ်းရောဂါဖြစ်လာပါက အသက်ဆုံးရှုံးနိုင်ခြေရှိသည့်အတွက် လူအများကြောက်လန့်စိုးရိမ်ကြရသည့် ရောဂါတစ်ခုလည်း ဖြစ်သည်။

ထမင်းစားပြီး ချက်ချင်းရေချိုးပါက ရေဖျဉ်းရောဂါဖြစ်တတ်သည်ဆိုသည့် အယူအဆကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြသည်။

ထို့ကြောင့် ရေဖျဉ်းရောဂါဖြစ်စေသည့် အကြောင်းအရင်းနှင့် ဖြစ်လာပါက ကုသ၍ ရ မရဆိုသည့် အချက်များကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။

DW ။ ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တယ်ဆိုပြီး အရပ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ယုံကြည်နေကြတာ ရှိတာပေါ့နော်။ ဆိုတော့ တကယ်ပဲ အဲဒီလိုပဲ ဖြစ်တတ်လားခင်ဗျား။

ဖြေ ။ အဲဒါက ဆက်စပ်မှုက ဘယ်လိုမှ မရှိဘူးခင်ဗျား။ ရေဖျဉ်းစွဲတယ်ဆိုတာက ကိုယ်ခန္ဓာကနေပြီးတော့ ပိုတဲ့ ရေကို ဆီးထဲ လွှတ်ပေးရမှာပေါ့နော်။ အဲဒီလို ပရက်ရှာ (ဖိအား) တွေ ထိန်းတဲ့ ကျောက်ကပ်ပေါ့၊ အဲဒါပျက်တယ် ဒါမှမဟုတ် အသည်းပျက်တယ်ပေါ့နော်။ အဲဒီလိုအခြေအနေတွေမှာ ဖန်ရှင်တွေက ဆီးနဲ့ မစွန့်ထုတ်နိုင်တော့ပဲနဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ မကောင်းတဲ့ရေတွေပေါ့လေ။ အညစ်အကြေး ဓာတ်တွေပါတဲ့ ရေတွေကို ဗိုက်တွေထဲ စွန့်ထုတ်တာ။ အဲဒါကြောင့်မို့ ရေဖျဉ်းဖြစ်တာခင်ဗျား။

အသည်းပျက်တဲ့သူတို့ ကျောက်ကပ်ပျက်တဲ့သူတို့ဆို ရေဖျဉ်းဖြစ်တယ်။ ခြေတွေ လက်တွေ ဖောတယ်၊ ယောင်တယ်။ ထမင်းစားပြီး ရေချိုးရင်တော့ ရေဖျဉ်းက မဖြစ်ဘူးခင်ဗျား။

ဒါပေမဲ့ ထမင်းစားပြီး ရေချိုးရင် ဘာဖြစ်နိုင်လဲဆိုရင် ထမင်းစားတဲ့အချိန်မှာ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုအရ ဗိုက်ထဲကို အစာတွေ ဝင်လာရင် ကိုယ်ခန္ဓာက ကျန်တဲ့နေရာက သွေးတွေကို နည်းနည်းလေးလျှော့ပြီးတော့ လွှတ်လိုက်တယ်။ အစာအိမ်ကို သွေးပိုလွှတ်တယ်။ သွေးပိုလွှတ်ပြီး ဘာလုပ်လဲဆိုတော့ အစာခြေခိုင်းတာပေါ့ ခင်ဗျား။ သွေးပိုလွှတ်မှ အစာအိမ်က များများ အလုပ်လုပ်မယ်။ ဆီများများပေးသလိုပေါ့ လိုတဲ့နေရာကို။ အစာအိမ်ဆိုတဲ့ အင်ဂျင်ကို ဆီများများ ပေးလိုက်တာ။ အဲဒီနားမှာ သွေးတွေရှိနေတာ ဖြစ်တဲ့အတွက် အာဟာရဓာတ်တွေကို စုပ်မယ်ပေါ့နော်။ စုပ်ပြီးတော့မှ လိုအပ်တဲ့နေရာတွေကို ပို့မယ်။ ဒါမှမဟုတ်ရင်လည်း ကလူးစ်ကို့ ပြောင်းမှာပေါ့နော်။ ပြောင်းပြီးသိမ်းမှာပေါ့။

အဲဒီလိုအချိန်မှာ ဘာဖြစ်တုန်းဆိုတော့ ထမင်းစားပြီး တန်းရေချိုးလိုက်တယ်ပေါ့။ ကိုယ်ခန္ဓာက သွေးတွေ နည်းနေတယ်။ကိုယ်ခန္ဓာက ကျန်တဲ့နေရာတွေကို လွှတ်တဲ့သွေးတွေနည်းနေတဲ့အချိန်မှာ အပေါ်ကနေ အေးအေးလည်း (ရေ) လောင်းချလိုက်တဲ့အချိန်မှာ ကိုယ်ခန္ဓာရဲ့ အစွန်အဖျား ခြေတွေ လက်တွေ ခေါင်းတွေ ပေါ့နော် ကျင်တယ်တို့၊ ထုံတယ်တို့၊ ခြေကပ် လက်ကပ်ဖြစ်သွားတယ်တို့။ သွေးနည်းနေတဲ့အချိန်မှာ အေးလိုက် တော့ ပုံမှန်သွေးရောက်ရမယ့်နေရာတွေကို မရောက်တော့ဘူး။ ကိုယ်ခန္ဓာရဲ့ အာရုံကြောတွေ အလုပ်လုပ်ပြီး တော့ ဦးနှောက်ကို သတင်းပို့တာပေါ့နော်။ အဲဒါက ရေဖျဉ်းနဲ့ မဆိုင်ဘူးခင်ဗျား။

ဒါပေမဲ့ တစ်ခုရှိတာက ကိုယ်ခန္ဓာရဲ့ မဂ္ဂနင်ဇင်က နည်းနည်းလေးပြောင်းသွားတာဖြစ်တဲ့အတွက် ထမင်းစားပြီး ပြီးချင်း ရေချိုးရင် ဗိုက်ထဲမှာ အဆီစုတယ်။ သွေးတွေက အစာအိမ်ကို လွှတ်နေတဲ့ဟာကနေ ရုတ်တရက် ပေါ့နော်၊ ခြေတွေလက်တွေကနေ အေးသွားတဲ့အချိန်မှာ သွေးကြောတွေက ပြန်ပွင့်သွားတယ်လေ။ အဲဒီတော့ အာဟာရဓာတ်ကို ကိုယ်ခန္ဓာအနှံ့ပို့ရမယ့်ဟာတွေက မပို့တော့ဘဲနဲ့ သွေးတွေက ပြန်ခေါ်တဲ့အချိန်မှာ ကျတော့ သူကကြုံတဲ့နေရာပုံတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ အသည်းမှာပုံ အသည်းကနေပြီးတော့ အူအသေးတွေနဲ့ ဗိုက်ခေါက်အဆီတွေကို ပို့ပစ်တယ်ပေါ့နော်။

DW ။ ဆိုတော့ ကျောက်ကပ်နဲ့ အသည်းမကောင်းတဲ့လူတွေလောက်ပဲ ရေဖျဉ်းဖြစ်နိုင်တာပေါ့နော်ဆရာ။

ဖြေ ။ ဟုတ်တယ်ခင်ဗျား။ အဓိကကတော့ အသည်းပေါ့။ အသည်းခြောက်တယ်တို့ အသည်းကင်ဆာ မဖြစ်ခင်။ ဒါက အသည်းကင်ဆာဖြစ်ပြီဆို ရေဖျဉ်းတွေ ထွက်လာတယ်။ (ရေဖျဉ်း) ထွက်လာရင် ဗိုက်ကြီးပူပူလာပြီး တစ်ကိုယ်လုံး ကျုံ့သွားပြီး ခြောက်သွားတယ်။ အဲဒီလိုရှိတယ်ခင်ဗျား။

DW ။ ဆိုတော့ ရေဖျဉ်းဖြစ်တဲ့သူက ကုလို့ရသေးလားဆရာခင်ဗျား။

ဖြေ ။ ရေဖျဉ်းလို့ပြောပြီး အခြေခံအားဖြင့် (ဘာကြောင့်ဖြစ်တယ်ဆိုတာ) ဘာဆိုတာ ရှာရတာပေါ့နော်။ ဥပမာ အသည်းကင်ဆာဖြစ်နေပြီ။ ဟုတ်ပြီ၊ အသည်းကင်ဆာဆိုတာ အဆင့်ဘယ်လောက်တုန်း။ ကုလို့ရတဲ့ အဆင့်ရှိတယ်။ ကုလို့မရတဲ့ အဆင့်ရှိတယ်။ အသည်းခြောက်တာနဲ့ ရေဖျဉ်းဖြစ်တာလည်း ဖြစ်နိုင်သေးတယ် ခင်ဗျား။ ရေဖျဉ်းဖြစ်စေတဲ့ အချက်တွေက အများကြီးပဲပေါ့နော်။ ဘာကြောင့်ဖြစ်လဲ မသိဘဲနဲ့ ကုလို့ရလား မရလားဆိုတာကတော့ အခြေခံဘာရောဂါကြောင့် ဖြစ်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်ခင်ဗျား။

DW ။ မူရင်းဇစ်မြစ်ကို ပြန်လိုက်မယ်ဆိုရင် အသည်းဆိုတော့ အသည်းနဲ့ပတ်သက်တဲ့ မကောင်းတဲ့ အလေ့အထတွေဖြစ်တဲ့ အရက်သောက်တာတို့ ဘာတို့ ကြောင့် ဖြစ်တဲ့သဘောလားဆရာ။

ဖြေ ။ အရက်သောက်တာလည်းပဲ ဖြစ်နိုင်တယ်။ အဓိကကတော့ အသည်းရောင်အသားဝါ B တို့ C တို့ရှိတဲ့ လူတွေမှာလည်း ရေဖျဉ်းစွဲနိုင်သေးတယ်။ ပြီးရင် ကျောက်ကပ်ပျက်တဲ့လူတွေမှာလည်း ရေဖျဉ်းစွဲနိုင်သေးတယ်။ ဒါပေမဲ့ ရေဖျဉ်းဆိုတာနဲ့ အကုန်စစ်ရတယ်ခင်ဗျား။ နောက်ပြီးတော့ သန်ကောင်ကြောင့်ဖြစ်တဲ့ ရေဖျဉ်းတွေ လည်း ရှိသေးတယ်ခင်ဗျား။ သန်ကောင်တို့ ဘာတို့ကြောင့်ဖြစ်တယ်ဆိုရင် သူက ရောဂါနာမည်တပ်ရတာ ခက်တာ။ ကုရတာလွယ်တာ။ အသည်းတို့ဆိုရင် ရောဂါအမည်တပ်ရတာ လွယ်တယ်။ ကုရတာ ခက်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။