လောင်းလုံးတွင် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦးသေဆုံး

0
1308

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦး ဒီဇင်ဘာလ ၂၇ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရန်ကုန်ဆေးရုံ၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် အခြားနီးစပ်သူအချို့ထံမှ သိရသည်။

ထားဝယ်မြို့ပေါ်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ကိုကံရှိန်နှင့် မွေးစားအမေ အပါအဝင် လူ လေးဦးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့က လောင်းလုံးမြို့နယ် ဂေါ့အင်းရွာသို့ အလည်သွားချိန် ရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တွေ့ကြောင်း ၎င်း၏ မိခင်အရင်းဖြစ်သူက ပြောသည်။

ယင်းသို့ တွေ့ချိန်တွင် ထွက်ပြေးကြရာ အခြားသူများက လွတ်မြောက်သွားသော်လည်း ကိုကံရှိန်ကိုမူ စစ်ကောင်စီတပ်က ဖမ်းမိသွားကြောင်း ၎င်းက ဆိုသည်။

“သူတစ်ယောက်တည်းဖမ်းမိမှပဲ သေနတ် (ဒင်) နဲ့ ထု သတ်တယ်ရှင်။ အိမ်နားကလူတွေက ဖုန်းခေါ်ပြီး သားတော့ သေမှန်း မသေမှန်းမသိဘူး၊ သွေးအိုင်နေတယ်လို့ ပြောတယ်ရှင်” ဟု မိခင်ဖြစ်သူက ပြောဆိုသည်။

စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်ခဲ့သည့် ဒဏ်ရာပြင်းထန်သောကြောင့် လောင်းလုံးမြို့ဆေးရုံကို တင်ပို့ခဲ့သော်လည်း ဆေးရုံက လက်မခံသဖြင့် ရက်အနည်းငယ်အကြာတွင် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံတင်ပို့ခဲ့ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၂၇ ရက် ည ၁၂ နာရီခန့်တွင် ရရှိထားသည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူက ပန်းရံလုပ်နေတယ်။ မွေးစားအမေက ဂေါ့အင်းမှာနေတယ်။ မွေးစားအမေက အလည်လာခေါ်လို့ သတင်းမသိဘဲနဲ့ ဆင်းသွားတာ (စကစ) တွေနဲ့ တိုးတာပေါ့” ဟု အဆိုပါနီးစပ်သူက ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွားသည့် ကိုကံရှိန်၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက် တွင် သင်္ဂြိုဟ်မည်ဖြစ်သော်လည်း မိခင်အရင်းဖြစ်သူတွင် ထောက်ခံစာကဲ့သို့ ခရီးသွားစာရွက်စာတမ်း အထောက်အထားမရှိသည့်အတွက် သွားခွင့်မရဖြစ်နေကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အောက်ပိုင်းရှိ ရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်ရှိနေသည်။