၂၀၂၄ ပညာသင်နှစ်အတွက် ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းအပ်လက်ခံ

0
976

ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်ကို နတ်တော်လဆန်း ၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်)မှ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော် ဦးစိန္တိတ ထံမှသိရသည်။

ယခုပညာသင်နှစ်တွင် အခြေခံဒီပလိုမာ P.A.B.E အတန်းကို စတင်တက်ရောက်သင်ကြားမည့် ကျောင်းသားအသစ် ၁၀ ဦးအထိ လက်ခံထားပြီးဖြစ်ကြောင်း ဆက်လက်လာရောက် အပ်နှံနိုင်ကြောင်း ဆရာတော်ကဆိုသည်။

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓစာပေအပြင် အင်္ဂလိပ်၊ပါဠိ၊သက္ကတ၊ဘာသာ ဗေဒစာပေများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော်မိန့်ကြားသည်။

“ကျောင်းကတော့ လက်ခံနေပါပြီ ကျောင်းဖွင့်ရက်ကတော့ ထုတ်ပြန်ပေးပါ့မယ်”ဟု ဆရာတော်က မိန့်သည်။

ထားဝယ်ဗုဒ္ဓ‌တက္ကသိုလ်ကို ၂၀၁၃ ခုနှစ် တွင် စတင်တည်‌ထောင်ဖွင့်လှစ်ကာ ကောလိပ်အဖြစ်မှ တက္ကသိုလ်အဖြစ်သို့ ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဦးစိန္တိတကရှင်းပြသည်။

ပညာသင်နှစ် ၁၀ နှစ်အတွင်း BA ဝိဇ္ဇာဘွဲ့ရ ရဟန်းရှင်လူ ၂၅ ဦး၊ အခြေခံဒီပလိုမာဘွဲ့ရ ရဟန်းရှင်လူ၄၀ကျော် ရှိပြီဖြစ်သည်။

MA(Final) မဟာဝိဇ္ဇာ နောက်ဆုံးနှစ်ကို ယခု ၂၀၂၄ ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်ပညာသင်ကြားမည့် ရဟန်းရှင်လူ ၉ ဦးရှိ ကြောင်း၊ MA မဟာဝိဇ္ဇာ ပထမနှစ်တွင် ၂၆ ဦး၊ ဒုတိယနှစ်တွင် ၁၁ ဦး၊ BA ဝိဇ္ဇာတန်း ပထမနှစ်တွင် ၁၁ ဦး နှင့် နောက်ဆုံးနှစ်BA (Final)တွင် ၁၇ ဦး၊ PSE တန်းတွင် ၃၆ ဦးပညာသင်ကြားမည်ဖြစ်သည်။

ဗုဒ္ဓစာပေ ပထမကြီးမအောင်သေးသော ရဟန်းရှင်လူများနှင့် အခြေခံပညာ အလယ်တန်း၊အထက်တန်းနှင့် ဘွဲ့ရများ လူပုဂ္ဂိုလ်များမှာ P.A.B.E ခေါ် ‌အခြေခံ ဒီပလိုမာအတန်းမှ စတင်သင်ကြားရမည်ဖြစ်ပြီး MA Final မဟာဝိဇ္ဇာနောက်ဆုံးနှစ်အထိ စာသင်နှစ်မှာ ရှစ်နှစ်သင်ကြားရမည်ဖြစ်သည်။

ပထမကြီးအောင်မြင်ပြီးသောသူများမှာ P.S.E ပထမနှစ်မှ စတင်သင်ကြားရမည်ဖြစ်ပြီး MA final အထိ စုစုပေါင်းစာသင်နှစ်မှာ ၇ နှစ်ဖြစ်သည်။

ထားဝယ်ဗုဒ္ဓတက္ကသိုလ်ကို ထားဝယ်မြို့၊ကျောက်မော်ရပ်ကွယ် မြို့မ ယာဉ်ငေးသာသနာ့ရိပ်သာတွင် ၂၀၁၃ ခုနှစ်မှစ၍ စတင်တည်ထောင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။