သားဆက်ခြားကျန်းမာရေး ဘေးကင်းရန်လိုသည်

0
4309

အဆင်သင့် မဖြစ်သေးသည့်အချိန် ကလေးတစ်ယောက်မွေးပြီး ပြုစုစောင့်ရှောက်ရမည့်အရေးမှာ အင်မတန်ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်သည်။

လူသားတစ်ဦး လူ့လောကအတွင်း ရောက်လာသည့်အချိန်မှ အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရသည့် အဆင့်တိုင်းတွင် မိဘအနေဖြင့် အဆင်သင့်မဖြစ်သေးပါက အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် လက်ရှိအခင်းအကျင်းတွင်ပို၍ပင် ရုန်းကန်လှုပ်ရှားရမည်ဖြစ်သည်။

အဆင်သင့်မဖြစ်ချိန် ကိုယ်ဝန်ဆောင်လိုက်ရသဖြင့် ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရတဲ့ အန္တရာယ်တွေကလည်း ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစီရင်ခံစာအရ ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင် အမျိုးသမီး ၇၄ သန်းမှာ ကလေးယူရန် အဆင်သင့်မဖြစ်သေးမီ ကိုယ်ဝန်လွယ်ထားရသည်ဟု ဆိုသည်။

၎င်းတို့အနက် အန္တရာယ်မကင်းသည့် ကိုယ်ဝန်ဖျက်ချမှုကြောင့် နှစ်စဉ်အမျိုးသမီးသေဆုံးမှု ၄၇၀၀၀ ဝန်းကျင်ရှိနေပြီး စိတ်ကျန်းမာရေးယိုယွင်းလာကာ ဆယ်ကျော်သက်များ သတ်သေမှုလည်း ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကြောင့် ကလေးတစ်ယောက်ယူရန် အဆင်သင့်မဖြစ်သေးသည့်အချိန်တွင် လုံခြုံစိတ်ချရသည့် သားဆက်ခြားနည်းလမ်းများကို သိရှိထားရန် လိုအပ်သည်။

သားဆက်ခြားနည်းများကလည်း ကောင်းကျိုးနှင့် ဆိုးကျိုးက ဒွန်တွဲနေရာ ဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းသည့် သားဆက်ခြားနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်စေရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ် ဖော်ပြလိုက်သည်။

DW – သားဆက်ခြားတာနဲ့ပတ်သက်ပြီး နည်းလမ်းဘယ်နှစ်ခုလောက်ရှိလဲခင်ဗျား။

Dr – သားဆက်ခြားတာက အခြေခံအားဖြင့် နှစ်မျိုးပေါ့နော်။ ဟော်မုန်းတွေသုံးပြီး သားဆက်ခြားမလားပေါ့နော်။ ပြီးရင် အကာအကွယ်ပစ္စည်းတွေ သုံးပြီးတော့ သားဆက်ခြားမလားပေါ့။ ပြီးရင်တော့ နောက်တစ်ခုကတော့ သားကြောဖြတ်တာပေါ့နော်။ အဲဒါကတော့ ဆာဂျီကယ် (ခွဲစိတ်) ပေါ့။

လတ်တလောမြေပြင်မှာကတော့ အလွယ်ဆုံးနဲ့ ခေတ်အစားဆုံးကတော့ ယောင်္ကျားကွန်ဒုံးပေါ့နော်။ ပြီးရင် မိန်းမကွန်ဒုံးရှိမယ်ပေါ့နော်။ ပြီးရင် မိန်းမကိုယ်ထဲကိုထည့်တဲ့ သားဆက်ခြားပစ္စည်းပေါ့။ အဲဒါရှိမယ် သုံးမျိုးပေါ့။

ဟော်မုန်းနဲ့ကျရင် သားဆက်ခြားဖို့ဆိုရင် အရေးပေါ်တားဆေးလို့ ခေါ်တဲ့ မမျှော်လင့်ဘဲနဲ့ လိင်ဆက်ဆံမိသွားရင်ပေါ့လေ။ ချက်ချင်းကိုယ်ဝန်မရအောင် ၇၂ နာရီအတွင်းသောက်ရတဲ့ ဆေးပေါ့နော်။ အဲဒါကတော့ Hight Dose ဟော်မုန်းတွေ ပေးတာပေါ့လေ။ ပြီးရင် တစ်လခံဆေးတွေရှိမယ်၊ သောက်တာလေ။ ပြီးရင် ထိုးတာမှာ တစ်လခံရှိမယ်၊ သုံးလခံရှိမယ်။ ပြီးရင် လက်မောင်းထဲကို သားဆက်ခြားပစ္စည်းထည့်တာပေါ့။

အဲဒါတွေအားလုံးမှာ တည့်တဲ့သူရှိတယ် မတည့်တဲ့သူရှိတယ်။ အဲဒါတွေအားလုံးက ကောင်းတာနဲ့ မကောင်းတာနဲ့ ဆိုးကျိုးနဲ့ကောင်းကျိုးကတော့ အကုန်လုံးမှာ တွဲနေတာပေါ့နော်။ ဒီလူနဲ့မတည့်လို့ ငါနဲ့မတည့်ဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ဟော်မုန်းအဆင့် (level) နဲ့ သုံးတဲ့ပစ္စည်းတွေအပေါ်မှာ ပြန်တုံ့ပြန်တဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီလူအဆင်ပြေမှ ငါအဆင်ပြေမယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ မတည့်ရင် ပြောင်းရမယ်။ မတည့်ဘူးဆိုတဲ့ဟာက ကိုယ်ခန္ဓာမှာ အရောင်တွေပြောင်းလာတယ်။ ဒါမှမဟုတ်ရင် မိန်းမကိုယ်ကနေ သွေးတွေဆင်းမယ်။ ပြီးရင် နေလို့ထိုင်လို့ မကောင်းဘူး။ ဒီဆေးထိုးပြီးမှ ဒီဆေးသောက်ပြီးမှ ရင်တွေတုန်တယ်၊ မူးတယ်၊ မောတယ်။ ပြီးရင် ခြေတွေလက်တွေ ညောင်းလာတယ်။ ဒီဆေးထိုးလိုက်တော့မှ မဲခြောက်ပြီး လူက ပိန်သွားတယ်။ ဒီလိုဟာမျိုးတွေလည်း ရှိတယ်ပေါ့နော်။

မိန်းမကိုယ်ထဲမှာထည့်တဲ့ သားဆက်ခြားပစ္စည်းထည့်လိုက်တော့မှ သွေးက မရပ်မနား ဆင်းနေတယ်။ အဲဒီလိုဟာတွေရှိတာပေါ့နော်။ သူ့ရဲ့မကောင်းကျိုးတွေပေါ့။ ကောင်းကျိုးတွေဆိုရင်တော့ မိန်းမကိုယ်ထဲ ပစ္စည်းထည့်ထားရင် ဟော်မုန်းသောက်စရာ မလိုတာ ဖြစ်တဲ့အတွက် ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံရဘူးပေါ့နော်။ ဒါပေမဲ့ မိန်းမကိုယ်ထဲထည့်တဲ့ပစ္စည်းက တစ်ခါတစ်လေလည်း ကျွတ်ထွက်သွားတတ်တယ်။ ရာသီထိန်တာတွေ ဘာတွေမဖြစ်ဘူး။ ကောင်းတာနဲ့ဆိုးတာတွေတော့ တွဲနေတာတွေ များတယ်။

အကြံပေးရမယ်ဆိုရင်တော့ ကွန်ဒုံးသုံးမယ်။ ကျန်တဲ့ဟာတွေက သုံးလခံဆေးတွေဘာတွေ ထိုးပြီးရင်လေ ရုတ်တရက် (ကလေး) ပြန်လိုချင်တဲ့အချိန်ကျရင် မရတာမျိုးတွေ ရှိမှာပေါ့နော်။ ထို့အတူပဲ သုံးလပြည့်တဲ့အချိန်မှာထိုးရမယ်။ မထိုးဖြစ်လိုက်ဘူး ။ (ကိုယ်ဝန်) ရသွားတယ်။ ကိုယ်က ယူဖို့အဆင်သင့်မဖြစ်သေးဘူး။ ဒီလိုဟာတွေလည်း ရှိတတ်တယ်။ အဲဒီတော့ ကျွန်တော်တို့က အကြံပေးတာကတော့ လိင်ဆက်ဆံမယ်ဆိုရင် ဟော်မုန်းကိစ္စတွေဘာတွေ မစဉ်းစားနဲ့အုန်း။ အခုခေတ်မှာက အိမ်ထောင်ရှိတယ် မရှိဘူးလည်း ပြဿနာရှိသေးတာကိုး။ အဲဒီတော့ လိင်ဆက်ဆံမယ်ဆို ကွန်ဒုံးသာသုံး။ ပြီးရင် စနစ်တကျ သုတ်လွှတ်ပြီးတဲ့အချိန်မှာ စွန့်ပစ်။ အထဲမှာမကျန်ခဲ့စေနဲ့ ကွန်ဒုံးကိုသေချာချွတ်ပေါ့နော်။ ကွန်ဒုံးက ငွေရေးကြေးရေးအရရော (ဝယ်ရ) လွယ်လည်း လွယ်ကူတယ်။ ကာကွယ်လည်း ကာကွယ်နိုင်တယ်။ ဥပမာ ဆေးဆိုရင် ဝယ်လိုရတယ် မရဘူးရှိသေးတယ်။ ပြီးရင် (ထိုးဆေးက) သောက်ပြီးတော့ ၇ ရက်နေမှ ဆေးအာနိသင်ကရတာ။ အဲဒီ ၇ ရက်မတိုင်ခင်လေး လိင်ဆက်ဆံလိုက်လို့ ကလေးရသွားတတ်တယ်။

နောက်တစ်ချက်ကကျတော့ အဲဒီအထဲမှာဖြည့်ပြောရမယ့်ဟာက ECee 2 (အရေးပေါ်သန္ဓေတားဆေး) ကိစ္စပေါ့။ သူက ဘာဖြစ်တုန်းဆိုရင် ECee 2 ရဲ့ပြဿနာက Hight Dose ဟော်မုန်းကို ရုတ်တရက်ပေးတာပေါ့။ တစ်ကယ်သုံးဖို့အတွက် ရည်ရွယ်တာသည် အလိုမတူဘဲနဲ့ အနိုင်ကျင့်ခံရတဲ့ကိစ္စတွေမှာ ကိုယ်ဝန်မရအောင်သုံးဖို့အတွက် ရည်ရွယ်တာပေါ့နော်။

အခုနောက်ပိုင်းမှာ ဘာဖြစ်လာတုန်းဆိုတော့ ၇၂ နာရီအတွင်းသောက်ရတယ်ဆိုတော့ ၇၂ နာရီအတွင်း သူတို့က ဝအောင် လိင်ဆက်ဆံလိုက်တယ်။ ပြီးမှ အဲဒီဆေးကို သောက်တယ်။ ၇၂ နာရီမပြည့်ခင်ပေါ့ဗျာ ၃ ရက်ကိုး။ သူတို့က နှစ်ရက်ခွဲလောက် ဆက်ဆံလိုက်တယ်။ ပြီးတော့မှသောက်တယ်။ အဲဒါ (ဆေးသောက်တာ) ကိုလည်း အကြိမ်ပေါင်းများစွာလုပ်တယ်။ အဲဒါက ကင်ဆာ ဖြစ်တတ်တယ်။ အဓိကကတော့ သားအိမ်ခေါင်းကင်ဆာပေါ့။ ဟော်မုန်းကို တိုက်ရိုက်အများကြီး ထိုးထိုးထည့်တာဖြစ်တဲ့အတွက်လေ။

ပုံမှန်ကတော့ တစ်လခံဆေး၊ သုံးလခံဆေးသောက်သောက် ထိုးထိုးပေါ့။ လက်မောင်းထဲမှာပဲ ထည့်ထည့်ပေါ့လေ။ ဒါမှမဟုတ် မိန်းမကိုယ်ထဲကို သားဆက်ခြားပစ္စည်းတွေထည့်ထည့်ပေါ့။ ကင်ဆာဖြစ်နိုင်တဲ့နှုန်းက မရှိသလောက်နည်းတယ်။

DW – တစ်လခံဆေး၊ သုံးလခံဆေး၊ စားဆေး၊ ထိုးဆေးကလေ ကင်ဆာဖြစ်နှုန်းက နည်းတယ်ပေါ့လေဆရာ။ ဒါပေမဲ့ တခြားဘာတွေ ဆိုးကျိုးရှိနိုင်လဲခင်ဗျား။ ရေရှည်သောက်သုံးမယ်ဆိုရင်ပေါ့နော်ဆရာ။

Dr – ရေရှည်သောက်ရင် ကျွန်တော်စောစောတုန်းကပြောတဲ့ ဟော်မုန်းနဲ့ တစ်ခါတစ်လေကျရင် အခုသောက်နေတယ် ကောင်းနေတယ် တည့်နေတယ်။ ဒါပေမဲ့ ဒီဆေးပဲသောက်နေတာ နောက် ၂ နှစ်လောက်နေရင် ဆေးမတည့်တာ ဖြစ်တတ်တယ်။ ဆေးမတည့်ဘူးဆိုတာက ဥပမာ မူးတယ်မောတယ် ခြေတွေလက်တွေ မသယ်ချင်ဘူး။ အရမ်းကြီးတွေ ဝလာတယ်။ (ပိန်လာတယ်) ပြီးတော့ လူကမောမော အင့်အင့်ကြီးတွေဖြစ်လာတယ်ဆိုလို့ရှိရင် ဆေးပြောင်းသင့်တယ်။

ရာသီတွေက မမှန်ဘူး။ ဆင်းချင်သလိုဆင်းတယ်။ အတုံးအခဲတွေ ပါလာတယ်။ ဒီလိုဟာမျိုးတွေပေါ့။ ဒီလိုမျိုးတွေဖြစ်လာရင် ဆေးပြောင်းရမယ်။ ဒါမှမဟုတ်ရင် ဒီဟော်မုန်းမဟုတ်တဲ့ တခြားဟော်မုန်းပြောင်းမလား။ ဒါမှမဟုတ်ရင် ဟော်မုန်းကို ရပ်ပြီးတော့ မိန်းမကိုယ်ထဲကိုပဲ သားဆက်ခြားပစ္စည်းထည့်မလားပေါ့နော်။ အဲဒီလိုစဉ်းစားရမှာပေါ့။

နောက်တစ်ခုကကျတော့ သားကြောဖြတ်တာပေါ့။ ယောင်္ကျားသားကြောဖြတ်တာရှိတယ်။ မိန်းမကို သားကြောဖြတ်တာ ရှိတယ်။ ယောင်္ကျားသားကြောဖြတ်တာကတော့ ကျွန်တော်တို့ဘက်မှာ ခေတ်မစားဘူး။ မိန်းမသားကြောဖြတ်တာကတော့ ပေါ်လစီအရ (ကလေး) ၃ နဲ့ အထက်ဆိုရင် ဖြတ်ပေးတယ်။ အဲဒါကတော့ ဆေးရုံတွေမှာ တရားဝင်စာတင်ပြီးမှ ဖြတ်ခွင့်ပေးမှ ဖြတ်လို့ရတာ ဖြစ်တယ်။

DW – အခုနက ဆရာပြောတာလေ။ ဆေးသောက်ပြီး ၇ ရက်ကြာမှ ဆေးအာနိသင်ပြတယ်ဆိုတာက ဘယ်လိုဆေးမျိုးကို ဆိုလိုတာလဲခင်ဗျား။

Dr – နေ့စဉ်အချိန်မှန်မှန် သောက်ရတဲ့ဆေးက ချက်ချင်းအာနိသင်ပေးတယ်။ (အာနိသင်) မပေးတာက ထိုးတဲ့ဟာ မပေးတာ။ ၃ လ ခံဆေးထိုးတဲ့ဟာက ပြန်စောင့်ရတယ် ၇ ရက်။ ၃ လခံဆေးက ထိုးပြီးပြီးချင်းမရဘူး။ သူက အာနိသင်ရဖို့ ၇ ရက်စောင့်ရတယ်။ အဲဒီကြားထဲမှာ သောက်ဆေးကူရတယ်။ ဒါမှမဟုတ်ရင် လိင်မဆက်ဆံခိုင်းဘူး။

DW – ဆိုတော့ တစ်လခံဆေးသောက်တယ်ပေါ့နော် ဆရာ။ သူက နေ့နဲ့ အချိန်လိုက် ကွက်တိသောက်ရတာလားခင်ဗျား။

Dr – ဟုတ်ပါတယ်ခင်ဗျား။ သူက လွဲလို့မရဘူး။ လွဲရင် ဟော်မုန်းကို သူက အချိန်မှန်ပေးနေတာ။ အချိန်မှန်ပေးတာ ဖြစ်တဲ့အတွက် လွဲသွားရင် အာနိသင်လျော့တယ်ခင်ဗျား။ မေ့သွားလို့လည်း မရဘူး။

ဒါပေမဲ့ မေ့သွားတယ်။ နောက်နေ့ကျရင် ကျော်သောက်လို့ရတယ်။ ဒါပေမယ့် အဲဒါတွေကျတော့ ဆေးအမျိုးအစား တစ်မျိုးချင်းအပေါ်မှာ မူတည်ပြီးတော့မှ သောက်ရတာတွေရှိတယ်။ တချို့ဟာတွေက ရက်ကျော်ခံတယ်။ တချို့ဟာတွေက ရက်ကျော်မခံဘူး။ အချိန်မှန်သောက်ခိုင်းတယ် အဲဒီလိုတော့ရှိတယ်။

သူက ရာသီလာပြီးတဲ့နောက်မှာမှ ဆေးထိုးတာပဲဖြစ်ဖြစ် ဆေးစားတာပဲဖြစ်ဖြစ် စလုပ်ရတယ်။ ကြားအချိန်မှာ မလုပ်ခိုင်းဘူး။ ပြောချင်တဲ့အဓိပ္ပာယ်က ကြားအချိန်မှာ ဆေးထိုးဆေးစားလုပ်မယ်ဆိုရင် ကိုယ်ဝန်ရှိ မရှိ ဆီးအရင်စစ်ရတယ်။ မရှိဘူးဆိုမှ (ဆေးထိုး၊ ဆေးသောက်) လုပ်ရတာပေါ့နော်။ ဆီးစစ်လို့ ကိုယ်ဝန်ရှိနေတယ်ဆိုရင် မလုပ်ဘူးပေါ့နော်။ ရာသီလာပြီးပြီဆိုရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့ အဓိပ္ပာယ်လေ။