ရေး၊ ဇီးဖြူသောင်ရွာတွင် မီးလောင်ပြီး နေအိမ် ၅၀ ကျော် ပျက်စီး

0
1536
ဓါတ်ပုံ - IMNA

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မီးလောင်မှုဖြစ်ပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးကြောင်း လူမှုကယ်ဆယ်ရေးနှင့် ဒေသခံတို့တို့ထံမှ သိရသည်။

ဇီးဖြူသောင်ကျေးရွာ၊ ငွေသောင်ဖြူ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် ထင်းမီးဖိုဖြင့် ထမင်းချက် နေရာမှ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“ထင်းနဲ့ ထမင်းချက်ရာကနေ စလောင်တယ်လို့တော့ ပြောတယ်။ မီးကများတော့ အကုန်ကူးကုန်။ အကုန်လောင်ကုန်တာ။ အားလုံး အိမ် ၅၀ ကျော်လောက်တော့ ပါသွားတယ်” ဟု ဇီးဖြူသောင်ကျေးရွာခံတစ်ဦးက ပြောဆိုသည်။

မီးသတ်ဖွဲ့ဝင်များ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူတို့ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ပျက်စီးခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၂၀၀ နီးပါးမှာ ဇီးဖြူသောင်ကျေးရွာရှိ ရတနာအောင်မြေကျောင်းတိုက်တွင် ပြောင်းရွှေ့ခိုလှုံနေရပြီး အကူအညီလိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းပြီး သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ရှိ သည့် ကျောင်းဆောင်နှစ်ဆောင် မီးလောင် ပျက်စီးဆုံးရှုံးခဲ့သေးသည်။