လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရ၊ မြို့အနီးဝန်းကျင်ကို လေကြောင်းဖြင့်ပြန်လည်ပစ်ခတ်

0
681
ပုံစာ - တိုက်လေယာဉ်တိုက်ခိုက်ပြီးနောက် ပျံဝဲနေသည့် ရဟတ်ယာဉ်ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရစဉ်။

‌လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီနောက် မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ မေလ ၉ရက် နံနက် ၈ နာရီကျော်တွင် လောင်းလုံးမြို့အနီးသို့ တိုက်လေယာဉ်တစ်စင်း ပျံဝဲလာပြီး ဗုံး ငါးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ညင်းမော်ကျေးရွာအနီးသို့ ဗုံးကျရောက်‌ပေါက်ကွဲခဲ့ကြောင်း ကနဦးသတင်းရရှိထားသည်။

“ညင်းမော်ရွာနားမှာ ကျနေတယ်။ ဘယ်နေရာလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ အကုန်လုံးက ပြေးတဲ့သူပြေး ပုန်းတဲ့သူပုန်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာ” ဟု ရွာထဲတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့ ကျေးရွာများအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းလျက်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

လောင်းလုံးမြို့တွင်းရှိ စစ်ကောင်စီစခန်းအား ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြစ် ပြန်လည်ခုခံနေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီကလည်း လောင်းလုံးမြို့အနီးသို့ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေသဖြင့် ထိုအနီးဝန်းကျင်တစ်ဝိုက်သို့ မလာရောက်ကြရန် သတိပေးထုတ်ပြန်ထားသည်။