သဘောင်းတောင်ရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းစုပကဖ ပြော

0
276
ဓာတ်ပုံ - ကျွန်းစုပကဖ

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အသက် ၄၀ အရွယ် ဦးကျော်မြင့်ကို မေလ ၇ရက် နံနက် ၈နာရီခွဲခန့်က သွားရောက်ဖမ်းဆီးရာ ခုခံပစ်ခတ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ကို တိုင်ထားတာတွေလည်း ရှိတယ်။ ပြီးတော့ သူကိုယ်တိုင်က ပျူစောထီးခေါင်းဆောင်ဆိုတော့ စစ်ရေး ပစ်မှတ်လို့လည်း သတ်မှတ်လို့ရတယ်။ သွားရောက်ဖမ်းဆီးတော့ အဖမ်းမခံဘဲ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လိုက်ရတာပါ” ဟု ၎င်းက ပြောသည်။

ဦးကျော်မြင့်သည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် သဘောင်းတောင် ကျေးရွာနေ ပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံနေခြင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ဦးကျော်မြင့်ထံမှ ၉မမ ပစ္စတို ၁လက်၊ ၉ မမ ကျည်၂၅တောင့်၊ လက်ထိပ်၁ခု၊ ငွေသား ၃သိန်း၊ ဖုန်းတစ်လုံးအပါအဝင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးသက်သေခံကတ်ပြား၊ မီးသတ်တပ်ဖွဲ့ဝင်ကတ်ပြားနှင့် သက်သေခံစာရွက်စာတန်းများ သိမ်းဆည်းရမိကြောင်း ကျွန်းစုပကဖက ထုတ်ပြန်ထားသည်။

ဦးကျော်မြင့် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရုပ်အလောင်းကို လာကြည့်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ (ရာအိမ်မှူး) များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်မှုထမ်းစာရင်း ကောက်ယူပေးနေခြင်း၊ စစ်မှုထမ်းစနစ်နှင့် ပတ်သက်၍ ပြည်သူများကို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံခြင်းအပြင် ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နေခြင်းများ လုံးဝရပ်တန့်ကြရန် ကျွန်းစု ပကဖက သတိပေးထားသည်။